လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် “မြန်မာပြည်သည် အာရှ၏ နောက်ဆုံးကျန်ရှိသည့် စားကျက်မြေဖြစ်မည်လော”ဟု မေးခွန်းထုတ်ခဲ့ဖူးသည်။ သယံဇာတကြွယ်ဝခြင်း၊ အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရန်လိုအပ်နေခြင်းနှင့် လူသားအရင်းအမြစ် ဆိုင်ရာအားသက်ချက်များ ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများကို အခွင့်အလမ်းကာင်းကြီးများဖြင့် ကမ်းလင့်ကြိုနေသည်ဟု အဆိုပါမဂ္ဂဇင်းမှ ဆောင်းပါးရှင် Justin Kent က ညွှန်းဆိုခဲ့ဖူးသည်။
ဤအချက်သည် သံသယဖြစ်ဖွယ်မရှိခဲ့ပေ။ အဆိုပါဆောင်းပါးကို ဖော်ပြခဲ့သည့် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ၂၀၁၅ ဇူလိုင်လအထိ ကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါး စီးဝင်လာခဲ့သည်။ ယင်းသည် လက်ရှိ မြန်မာနိုင်ငံအတွင်းတည်ရှိနေသည့် ပြည်ပနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းမျှသော ပမာဏဖြစ်သည်။
၃ နှစ်မပြည့်တတ်သော ယင်းကာလလေးအတွင်းတွင် Unilever၊ ကိုကာကိုလာ၊ ပက်စီ၊ ဟန်နီကန်၊ ကားလစ်ဘတ်၊ KFC အစရှိသော ကမ္ဘာကျော် အစားအသောက်နှင့် အဖော်ယမကာလုပ်ငန်းများ၊ နစ်ဆန်း၊ တိုယိုတာ အစရှိသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ KDDI၊ တယ်လီနော၊ အူရီဒူး၊ ဒီဂျီစဲလ်၊ အစရှိသော ကမ္ဘာ့အဆင့် ဆက်သွယ်ရေးလုပ်ငန်းကြီးများ ကသုတ်ကရက် ဝင်ရောက်လာကြသည်။
ထို့အပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခြင်းနှင့်အတူ နာမည်ကျော် ဟိုတယ်ကြီးများ ဖြစ်ကြသည့် Hilton၊ Kempinski၊ Best Western၊ Novotel တို့ကလည်း အပြိုင်အဆိုင် ဟိုတယ်သစ်များ တည်ဆောက်လာကြပြန်သည်။ ထို့အပြင် နိုင်ငံတကာမှ အိမ်ခြံမြေလုပ်ငန်းရှင်ကြီးများကလည်း မြို့ပြဖွဲ့စည်းမှုပုံသဏ္ဍာန် စနစ်မကျသည့် မြန်မာနိုင်ငံတွင် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် ငွေထုတ်ပိုက်၍ အလုံးအရင်းနှင့် ဝင်လာကြသည်။
အချက်အလက်များချည်း သီးသန့်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု၏ နိဗ္ဗာန်ဘုံဟုပင် တင်စားခေါ်ဝေါ်ရတော့မည်ထင်သည်။ သို့သော်လည်း လင်းလက်တောက်ပနေသည့် နေရောင်ခြည်တို့၏နောက်ကွယ်တွင် အမှောင်ညသည် ရှိမြဲ ဓမ္မတာတည်း။
ရင်းနှီးမြုပ်နှံရန် အကောင်းဆုံးနေရာဟုတ်၊ မဟုတ်
“မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံလို့ အကောင်းဆုံးနိုင်ငံဆိုတာ တော်တော်များများက လက်ခံကြတယ်။ Investor တွေအတွက် အဆင်ပြေစေမယ့်ပုံစံမျိုးဖြစ်အောင် ဥပဒေတွေလည်း ပြုပြင်ပေးနေတယ်။ တစ်ခြားတစ်ဖက်မှာလည်း Investor တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ ထုနဲ့ထည်နဲ့ ရှိနေတုန်းပဲ” ဟု MIC မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လက်ရှိမြန်မာနိုင်ငံအတွင်သို့ ရင်းနှီးမြှုပ်နှံမှုများ ထုနှင့်ထည်နှင့် ဝင်ရောက်နေသေ်ာလည်း ယင်းမှာ ရှိသင့်သည်ထက်နည်းနေသေးကြောင်းလည်း ၎င်းကဆိုသည်။
အဘယ့်ကြောင့်နည်း။ မြန်မာနိုင်ငံသည် ရင်းနှီးမြျုပ်နှံရန် အခွင့်အလမ်းများအလျံအပယ်ရှိနေသော်လည်း ပွင့်လင်းကာစ နိုင်ငံတို့၏ ထုံးစံအတိုင်း မျှော်လင့်ထားပြီးသားအခက်အခဲများသာမက မျှော်လင့်မထားသည့် အခက်အခဲများပါ ရှိနေသည်။
အခွင့်အလမ်းသစ်များဖန်တီးပေးနိုင်ရန် ကြိုးပမ်းမှုများကို မြင်တွေ့နေရသော်လည်း လုပ်ပိုင်ခွင့်အသုံးချမှုများ၊ ဝန်ကြီးဌာနများ၏ အကိုင်အတွယ် ညံ့ဖျင်းမှုများ၊ အဂတိလိုက်စားမှုများနှင့် အစိုးရနှင့်ပြည်သူအကြား နားလည်မှု လွဲမှားမှုများကို မြင်တွေ့နေရသည်။
“မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံလို့အကောင်းဆုံးနိုင်ငံဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာဖို့အတွက် အဘက်ဘက်က ပြင်ဆင်ထားဖို့တော့လိုတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုတိုင်းမှာလည်း ဘေးထွက်ဆိုးကြိုးဆိုတာ ရှိစမြဲပဲ။ ဒါကိုလည်း လက်ခံနိုင်ရဲ့လားစဉ်းစားထားဖို့လိုတယ်။ ရင်းနှီးမြှုပ်နှံမှုလည်း လိုချင်တယ်။ မူဝါဒကောင်းကလည်း မရှိဘူး။ ဘေးထွက်ဆိုးကြိုးလည်း မလိုချင်ဘူးဆိုတာမျိုးတော့ လုပ်ဖို့မဖြစ်နိုင်ဘူး။ တစ်ခုလိုချင် တစ်ခုတော့ ပြန်ပေးရမှာပဲလေ” ဟု Business Consultant ကုမ္ပဏီတစ်ခုမှ မန်နေဂျာ ကိုသက်အောင်ဆွေက ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အဓိကရင်ဆိုင်နေရသည့် အကြီးမားဆုံးပြဿနာမှာ အစိုးရနှင့် ဥပဒေများအပေါ် Investor များက ယုံကြည်မှု ပျက်ပြားလာနေခြင်းဖြစ်သည်။ အစိုးရသက်တမ်းတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ရပ်ဆိုင်းသွားသည့် စီမံကိန်းများကြောင့် အစိုးရအပေါ် ရင်းနှီးမြှုပ်နှံမည့်သူများ၏ ယုံကြည်မှုကို အကြီးအကျယ်ပျက်ပြားစေသည်။
အိမ်ရာမံကိန်းတစ္ဆေ
ပြီးခဲ့သည့် လအတွင်းက ရပ်ဆိုင်းသွားသည့် ရွှေတိဂုံစေတီတော်အနီးရှိ စီမံကိန်းများကိစ္စကိုကြည့်ပါ။ အဆိုပါစီမံကိန်းများသည် အစိုးရက တရားဝင်အသိအမှတ်ပြုထားသည့် တာဝန်ရှိအဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) တို့၏ ခွင့်ပြုချက်များရရှိထားသည်။
သို့သော်လည်း ပြည်သူများ၊ သံဃာတော်များနှင့် ပညာရှင်အသီးသီးတို့ထံမှ မထင်မှတ်ထားသည့ ်ဆန့်ကျင် ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါ စီမံကိန်းများကို ရပ်တန့်လိုက်သည်။
MIC အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပါ စည်းမျဉ်းစည်းကမ်းများအရ ဝန်ကြီးဌာနများ၏ ထောက်ခံချက်များ၊ EIA, SIA စစ်ဆေးမှုရလဒ်များအပေါ် အခြေခံ၍ လုပ်ငန်းလုပ်ကိုင်ခွင့်များကို အတည်ပြုချက်ထုတ်ပြန်ပေးရခြင်းဖြစ်သော်လည်း ယခုအခါ ရွှေတိဂုံစေတီတော်ကို ထိခိုက်နိုင်သည်ဟူသောအကြောင်းပြချက်ဖြင့် အစိုးရဘက်မှ စီမံကိန်းများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် အစိုးရကို ကိုယ်စားပြုထားသည့် တိုင်းပြည်အဆင့်အဖွဲ့အစည်းဖြစ်သော MIC ၏ အတည်ပြုမှုများသည်ပင်လျှင် စိတ်ချယုံကြည်ရခြင်းမရှိဟူသော အဓိပ္ပါယ်ထွက်နေခြင်းဖြစ်သည်။ ထို့အပြင် ထို့အပြင် အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် စီမံကိန်းများနှင့် ပတ်သတ်၍ ပြည်သူလူထု၏ ထောက်ခံချက်မရရှိခြင်းလည်းဖြစ်သည်ဟု သိသာလာစေသည်။
ယင်းကဲ့သို့သော ဖြစ်ရပ်များသည် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားလှသော ဖိအားကိုဖြစ်စေသည်ဟု စီးပွားရေးဆိုင်ရာ ဆောင်းပါးရှင် မိုးတင့် (ရန်ကုန်တက္ကသိုလ်) ကလည်း သုံးသပ်သည်။
“ဒဂုံစီးတီးကိစ္စမှာ သိသလောက်က ပြင်ပက ပညာရှင်တွေ ကန့်ကွက်တုန်းက အစိုးရက ဘာမှ မတုန့်ပြန်ဘူး။ ဘုန်းကြီးတွေ ပါလာတော့မှ အသည်းအသန် ဖျက်သိမ်းလိုက်တယ်။ အမှန်တကယ်က သူတို့ စနစ်တကျ လေ့လာဆန်းစစ်ထားပြီးသားဆိုရင် ဘာမှ ဒီလိုဖြစ်လာစရာမရှိဘူး။ နောက်တစ်ချက်က မူဝါဒပိုင်းမှာလည်း ကိုယ်ချမှတ်ထားတဲ့ ဥပဒေတွေကို ကိုယ်ပြန်ချိုးဖောက်သလိုဖြစ်နေတယ်။ အစောပိုင်းကတည်းက သေသေချာချာစနစ်တကျ ချထားပေးတဲ့ စီမံကိန်းမျိုးဆိုရင် ဒီလောက်ကြီးများတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးရဲရမယ်လေ” ဟု စီးပွားရေး ပညာရှင် ဦးနိုင်ဦးကလည်း ဆိုသည်။
အစိုးရအနေဖြင့် စီမံကိန်းများကို ရပ်တန့်ကြောင်း ကြေညာခဲ့သော်လည်း ယခုချိန်အထိ မည်ကဲ့သို့ဖြေရှင်းပေးမည်ကိုလည်း တိကျရေရာစွာ မထုတ်ပြန်နိုင်ခဲ့သောကြောင့် နိုင်ငံတကာအမြင်တွင် ပိုမိုရုပ်ဆိုးစေသည်ဟု ၎င်းကဆိုသည်။
စီမံကိန်းများ၏ ဆုံးရှုံးမှုများနှင့် ပတ်သတ်၍ နစ်နာမှုမရှိစေရန် ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု MIC မှ ထုတ်ပြန်ထားသော်လည်း အဆိုပါနစ်နာဆုံးရှုံးမှုများနှင့် ပတ်သတ်၍ ကုမ္ပဏီတစ်ခုခုဘက်မှ တရားစွဲဆိုမှုများပြုလုပ်လာပါက မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းသွားမည်ကိုသိရှိလိုသည်ဟု စီးပွားရေးအသိုင်းအဝိုင်းမှ လူအချို့က မေးခွန်းထုတ်နေကြသည်။
“ဒီကိုလာမေးတဲ့ လူတွေကတော့ ပြောတယ်။ ဥပဒေက ရင်းနှီးမြှုပ်နှံသူတွေကို မကာကွယ်နိုင်ဘူးလားပေါ့လေ။ ကျွန်မတို့လည်း ပြန်ဖြေရတာ ခက်ခဲတယ်။” ဟု Audier & Partners Law Firm မှ Mrs. Florence Grangerat က ဆိုသည်။
ယင်းပြဿနာများ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်တွင် ဈေးကွက်ပျက်နေသည့် ပြည်တွင်း အိမ်ခြံမြေကဏ္ဍကို အဓိကကျားကန်ပေးနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခုနှစ်ပိုင်းအတွင် သိသာစွာ ကျဆင်းသွားကြောင်း MIC မှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။ ရွှေတိဂုံစေတီတော်အနီးရှိ စီမံကိန်းများနှင့် တိုက်ရိုက်ဆက်စပ်မှုရှိမရှိကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
နိုင်ငံတလွှားက စိန်ခေါ်မှုများ
ယင်းကဲ့သို့ အိမ်ရာစီမံကိန်းပြဿနာများမရှိခင်ကတည်းက မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုှဆိုင်ရာ ပြဿနာများက ရှိနှင့်ပြီးဖြစ်နေသည်။ မြစ်ဆုံ စီမံကိန်းနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတို့ ကဲ့သို့ ရပ်ကျော်ရွာကျော်ဖြစ်ခဲ့သည့် ကိစ္စများက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို စိန်ခေါ်နေခဲ့သည်။
“မြစ်ဆုံတုန်းက အရင်အစိုးရလက်ထက်က ဟာတွေမို့လို့ ပြည်သူတွေ ဆန္ဒနဲ့ မကိုက်ညီလို့ဆိုတာ လက်ခံတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေကျတော့ အဲဒီလိုကြည့်မှာ မဟုတ်ဘူး။ သူတို့က အချက်အလက်ကိုပဲ သိမှာ။ ပြည်သူတွေ ခံစားချက်ကို နားလည်မှာ မဟုတ်ဘူး။ ဒီတော့ အစကတည်းက သေသေချာချာမလုပ်ထားရင် ပြည်သူတွေနဲ့ရော ရင်းနှီးမြှုပ်နှံသူတွေနဲ့ပါ မျက်နှာပျက်စရာတွေဖြစ်ကုန်မယ်။” ဟု ဦးနိုင်ဦးကဆိုသည်။
ထို့အပြင် သံလွင်မြစ်တစ်လျှောက်တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများ၊ နိုင်ငံတဝှမ်းတွင် ဆန္ဒပြမှုများနှင့် ကြုံတွေ့နေရသည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စီမံကိန်းများနှင့် ကမ္ဘာကျော်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စများကြောင့်လည်း အရေးပါလှသည့် အခြေအခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် လက်တွန့်လာကြသည်ဟု ကိုသက်အောင်ဆွေက ဆိုသည်။
“အဓိကကတော့ အစိုးရကို ယုံကြည်မှုပျောက်လာတာပေါ့ဗျာ။ သူတို့ကို ပြည်သူတွေက မယုံဘူး။ ဒီတော့ သူတို့က စီမံကိန်းတွေ ချထားပေးရင်တောင်မှ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ရဖို့ များနေတယ်။ ဒီတော့ တစ်ချို့ Infrastructure ကဏ္ဍကို ဝင်မယ့် ကုမ္ပဏီကြီးတွေက ၂၀၁၅ ရွေးကောက်ပွဲအပြီး အထိစောင့်မယ်လို့ ပြောပြီးပြန်ပြန်သွားကြတယ်။” ဟု ၎င်းက ဆိုသည်။
ယင်းအချက်ကို ဥပေက္ခာပြု၍ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ဟန်ပြင်နေသည့် ကုမ္ပဏီများအနေဖြင့်လည်း လက်ရှိတွင် အဆိုပါပြဿနာများအပြင် တိုင်းရင်းသားလက်နက်ကိုင်ပြဿနာများ၊ အဆမတန်ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများ၊ မြေယာပိုင်ဆိုင်မှု ပြဿနာများ၊ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် မရရှိနိုင်သေးမှုများနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကိုလည်း ရင်ဆိုင်နေရသည်။
“လက်ရှိမှာက အချိုးချကြည့်ရင် Clients ၅ ဦးလောက် လာဆွေးနွေးရင် တစ်ဦး သို့ နှစ် ဦးလောက်ပဲ အလုပ်တကယ်လုပ်ဖြစ်တယ်။ ကျန်တဲ့သူတွကတော့မေးမြန်းပြီးတော့ သတိထားပြီးပဲ စောင့်ကြည့်နေကြတော့တယ်။” ဟု Mrs. Florence Grangerat ကလည်း ဆိုသည်။
မက်လုံးအလွဲများနှင့် Transaction Cost များ
ပွင့်သစ်စ မြန်မာ့ ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တခြားတပါးသော ပြဿနာများလည်း ရှိနေသေးသည်။ ၂၀၁၂ ခုနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြဌာန်းပြီး MIC ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း အဆိုပါဥပဒေနှင့် အဖွဲ့အစည်းတို့သည် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အများအပြားစီးဝင်လာစေရန် စွမ်းဆောင်နိုင်ခဲ့သည်။
MIC အနေဖြင့် ပြည်တွင်းထုတ်ကုန်ကဏ္ဍမြှင့်တင်ရန် ကုန်ထုတ်လုပ်ငန်းများကို အဓိကပစ်မှတ်ထားခဲ့ပြီး ဆက်သွယ်ရေး၊ ခရီးသွားနှင့် စွမ်းအင်ကဏ္ဍများကိုလည်း အဓိက ဦးစားပေးအဖြစ်သတ်မှတ် စွဲဆောင်ခဲ့သည်။
“ဒီမှာက လုပ်သားလည်းပေါတယ်။ လုပ်ခလစာလည်းပါတယ်။ ဒါပေမယ့် ကျွမ်းကျင်လုပ်သားရှားတယ်။ အဲဒါလည်း ပြဿနာတစ်ခုပဲ။ အထည်ချုပ်လိုလုပ်ငန်းမျိုးအတွက် ပြဿနာမရှိပေမယ့် ဒီမှာ လာဆွေးနွေးတဲ့ တခြားစက်မှုလုပ်ငန်းလို ကုမ္ပဏီတွေအတွက်ကြတော့ အဲဒါက စိုးရိမ်စရာလေ။” ဟု Mrs. Florence Grangerat က ဆိုသည်။
အစိုးရဘက်မှ လုပ်သားပေါများမှုနှင့် လုပ်ခလစာနည်းပါးမှုများဖြင့် မက်လုံးပေးကာ ပြည်တွင်းသို့ရင်းနှီးမြှုပ်နှံမှုများ တောက်လျှောက် ဖိတ်ခေါ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့အပြင် ဥပဒေသစ်ပါ အချက်များအရ လုပ်ငန်းအချို့ကို အခွန်ကင်းလွတ်ခွင့် (Tax Holiday) ၅ နှစ်အထိပေးကာ ဆွဲဆောင်မှုများ ပြုလုပ်ခဲ့သော်လည်း ယင်းတွင် ကုန်ထုတ်လုပ်ငန်း ကဏ္ဍ မပါဝင်သကဲ့သို့ အဆိုပါကဏ္ဍသည်လည်း မျှော်မှန်းထားသလောက် သိသိသာသာတိုးတက်မလာသေးပေ။
“လုပ်ခလစာက ပေါများတာမှန်တယ်။ ဒါပေမယ့် ထိုက်သင့်တဲ့ လုပ်ခလစာတော့ ရဖို့လိုတယ်။ ခုဟာက အစိုးရကိုယ်တိုင်က သက်သာပါတယ်ဆိုပြီး အတင်းခေါ်။ အခုအလုပ်သမားတွေက နည်းလို့ဆိုပြီး ဆန္ဒပြတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ လုပ်ရှင်နဲ့အလုပ်သမားပေးတွေ့ပြီး ရန်ဖြစ်ခိုင်းသလိုဖြစ်နေတယ်။ အစိုးရက တိကျတဲ့ အလုပ်သမားမူဝါဒတွေ သေချာချမပြပဲ ဒီလိုမလုပ်သင့်ဘူး။ တိုင်းပြည်မျက်နှာပျက်တယ်။” ဟု စင်ကာပူူအခြေစိုက်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုမှ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးအကြံပေး ကိုအောင်ကိုလတ်ကဆိုသည်။
အခြားနိုင်ငံများထက် လုပ်ခလစာသက်သာသော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ရာတွင် လျှပ်စစ်မီး၊ ရေနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ကုန်ကျစရိတ်များ ပိုမိုမြင့်မားလာပြီး အလုပ်သမားများကို လစာတိုးပေးရန် ခက်ခဲလာကြောင်း ဟောင်ကောင်လူမျိုး အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကလည်း ရင်ဖွင့်သည်။
လက်ရှိတွင် လုပ်ခလစာပြဿနာများကြောင့် အလုပ်သမားများနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအကြား အငြင်းပွားမှုများဖြစ်ပေါ်နေကာ ညှိနှိုင်းမှုများ အဆင်မပြေပါက လုပ်ငန်းရှင်အများစုက ပြည်ပသို့ ပြန်လည်ထွက်ခွာသွားမည်ဟု ချိန်းခြောက်မှုများရှိနေသည်။
လုပ်သားပြဿနာအပြင် တခြားပြဿနာတစ်ခုမှာ မြေပြဿနာဖြစ်သည်။ မြန်မာနိုင်ငံတွင် မြေနေရာလိုအပ်ချက်အတွက်လည်း မြေဈေးနှုန်းကြီးမြင့်မှုများနှင့် ပိုင်ဆိုင်မှု အရှုပ်အထွေးများက ရင်းနှီးမြှုပ်နှံသူများကို လုပ်ကိုင်ရ ခက်ခဲစေသည်။ သို့သော် အထူးစီးပွားရေးဇုန်များ၊ အထူးအလေးပေးခံရသောစီးပွားရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံဆိုင်ရာကုမ္ပဏီများအတွက် မြေနေရာဖန်တီးပေးမှုများရှိသည်။
ယင်းသို့ မြေရာရရှိမှုအတွက် အစိုးရဘက်မှ ပါဝင်ကူညီမှုများရှိနေသော်လည်း ယင်းကဲ့သို့ ညှိနှိုင်းပေးမှုများတွင် အဂတိလိုက်စားမှုများရှိနေသည်ဟု အစိုးရအပေါ်ယုံကြည်မှုအားနည်းနေသည့် ဒေသခံပြည်သူအများက မှတ်ယူထားခြင်းသည်လည်း ပြဿနာတစ်ရပ်ဖြစ်သည်။
ထို့အပြင် အခြေခံအဆောက်အအုံ လိုအပ်ချက်မျာကြောင့် အခြေခံအဆောက်အအုံတည်ဆောက်ရေးကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာသော ကုမ္ပဏီများရှိသော်လည်း အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တိကျသေချာသည့် မူဝါဒများကိုပင် ယုံကြည်ရန်ခက်ခဲခြင်း၊ ပြည်သူအများ၏ အစိုးရအပေါ်ယုံကြည်မှုမရှိခြင်းနှင့် အခြားမျှော်လင့်မထားပဲ ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကြောင့် တိုးတက်သင့်သလောက် မတိုးတက်လာပေ။
“မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ မြေမပြောနဲ့ ရုံးခန်းဖွင့်ဖို့ နေရာကိုတောင် ဂျပန်၊ ဟောင်ကောင်လောက် ဈေးနှုန်းနဲ့ငှားရမ်းနေရတော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ခက်ခဲတာပေါ့။ Facilities ကတော့ တခြားစီပဲ။” ဟု ကိုသက်အောင်ဆွေက ဆိုသည်။
အားလုံးမျှော်လင့်နေတဲ့ အစိုးရသစ်ဟာ
ယခုကဲ့သို့ ရှုပ်ထွေးများပြားလှသော ပြဿနာများကို သေချာရေရာစွာဖြေရှင်းပေးနိုင်သည်ကို လူတိုင်းက လိုချင်နေကြသည်ဟု Mrs. Florence Grangerat ကပြောသည်။ မှန်ပေသည်။ ရင်းနှီးမြှုပ်နှံလိုသူများရော၊ ပြည်သူများကပါ အလိုရှိနေကြခြင်းဖြစ်သည်။
တိကျရေရာ၍ နိုင်ငံတကာက လေးစားလက်ခံသော အစိုးရသစ် တက်လာနိုင်လျှင် ပြဿနာတစ်ချို့ကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆကြောင်း ဦးနိုင်ဦးကလည်းဆိုသည်။
“မူဝါဒဆိုင်ရာပြဿနာတွေကိုတော့ မူဝါဒသစ်တွေပြင်ဆင်ရေးဆွဲတာမျိုးနဲ့ MIC လိုအဖွဲ့အစည်းမျိုးမှာ သင့်တော်တဲ့ Academic ပညာရှင်တွေ ခန့်အပ်ပြီးလုပ်ကိုင်လိုက်လို့ရပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို ယုံကြည်မှုကျဆင်းလာတာကိုတော့ ပြည်တွင်းပြည်ပက လေးစားလက်ခံတဲ့ အစိုးရမျိုးတက်လာမှပဲ ပြန်တည်ဆောက်ယူလို့ရမယ်။” ဟု ၎င်း အမြင်ကိုပြောပြသည်။
လက်ရှိ အချိန်တွင် ပြည်ပအဖွဲ့အစည်းများ ဖြစ်ကြသည့် IFC၊ ADB စသည့် အဖွဲ့အစည်းများ၏ အကူအညီကို ရယူ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲနေပြီး ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ဖြစ်လာစေရန် အာမခံသည်ဟု MIC မှ တာဝန်ရှိသူတစ်ဦးကလည်း ဆိုသည်။
အားလုံးက မျှော်လင့်နေကြသည့် မည်သူမှန်းမသိသေးသည့် အစိုးရသစ်အနေဖြင့်လည်း အစိုးရ သက်တမ်း စတင်သည့်နှင့်ပင် လက်ရှိအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် စီမံကိန်းများအရေးကို မည်သို့မည်ပုံ ကိုင်တွယ်မည်နည်းဆိုသည်ကိုလည်း အားလုံးက စိတ်ဝင်စားနေကြသည်။
“၂၀၁၅ ကို အားလုံးက မျှော်လင့်ကြတယ်။ ၂၀၁၅ ကိုစောင့်မယ်။ ဆိုတဲ့ စကားကို Client တစ်ယောက်နှစ်ယောက်ကပြောတာမဟုတ်ဘူး။ တော်တော်များများကပြောနေတာ။ Clients တွေက ပြောလာကြတဲ့အခါ Law Firm တွေကလည်း Clients တွေရဲ့စကားတွေကြောင့် ၂၀၁၅ ကို မျှော်လင့်နေကြတာပါ။” ဟု Mrs. Florence Grangerat က ဆိုသည်။
တောရိုင်းလော
ခေတ်မမှီ ဆိုးရွားလှသော ငွေကြေးစနစ်၊ အချက်အလက်ရှားပါးမှု၊ အခြေခံအဆောက်အအုံဆိုးရွားညံ့ဖျင်းမှု၊ ကျွမ်းကျင်မှုမရှိသော လုပ်သားများနှင့် အစိုးရ၏ စီမံခန့်ခွဲပုံအလွဲများသည် မြန်မာနိုင်ငံ၏ အတားအဆီးများဖြစ်သည်ဟု Justin Kent က ဆိုခဲ့သည်။ သို့သော် ရေရှည်တွင် အခွင့်အရေးများကတော့ အများအပြားဟု ၎င်းက ဆိုသည်။
ယင်းကို ကမ္ဘာကျော် GE ကုမ္ပဏီ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ အမှုဆောင်အရာရှိ Stuart Dean ကလည်း ထောက်ခံသည်။
“ဒီနိုင်ငံက လတ်တလောမှာ စီးပွားရေးလုပ်ဖို့ သိပ်ကောင်းတဲ့ နိုင်ငံတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ရေရှည်မှာတော့ မထင်မှတ်ထားနိုင်လောက်တဲ့ အခွင့်အလမ်းတွေနဲ့ဗျ” ဟု သူကဆိုသည်။
ထို့အပြင် Justin Kent ကလည်း မြန်မာနိုင်ငံတွင် အရင်းအမြစ်များစွာရှိနေသောကြောင့် အရည်အသွေးရှိသော အစိုးရတစ်ခုမှ စနစ်ကျ စီမံခန့်ခွဲနိုင်ပါက သေချာပေါက် နိုင်ငံတကာတွင်အရေးပါသောနိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဟု ညွန်းဆိုလေသည်။
မြန်မာပြည်သည် Justin Kent ပြောခဲ့သလို ရှုခင်းသာမော၍ စိမ်းစိုနေသည့်စားကျက်မြေဖြစ်သည်။ သို့သော်လည်း မမြင်နိုင်သည့် တခြားတစ်ဖက်သို့ရောက်ရှိ သွားရောက်သူတိုင်းအတွက် ရှုပ်ထွေးပွေလီ၍ ဆူးခြုံနွယ်ခက်တို့ပေါများသည့် တောရိုင်းမျက်မည်းကြီကလည်း ကာဆီးနေပြန်သည်။
အဆိုပါ တောရိုင်းမျက်မည်းကို ဖောက်ထွက်နိုင်စေရန် အစိုးရအပါအဝင် သက်ဆိုင်သူအားလုံးက လမ်းထွင် ဖန်တီးပေးနိုင်ရမည်ဖြစ်သည်။ သို့မဟုတ်ပါလျှင်မူ ဤတောကြီးမျက်မဲ၏ တစ်ဖက်တစ်ချက်ရှိ စားကျက်မြေသစ်များသို့ မည်သူမှ လာရောက်ကြတော့မည်မဟုတ်။ တစ်ဖက်ရှိ ပိုမိုသစ်လွင်ကောင်းမွန်သော အခွင့်အလမ်းများဆီသို့မည်သူမှ မျှော်ကြည့်ကြတော့မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သည် နောက်ဆုံးနှင့် အခွင့်အလမ်းအများဆုံး ရင်းနှီးမြှုပ်နှံရန်နေရာတစ်ခု ဖြစ်လာရန် အခွင့်အရေးအများအပြားလက်ဝယ်တွင်ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။
မိုးဇွန်
သြဂုတ်၊ ၂၀၁၅
Living Color Magazine