ကမ္ဘာ့ဖလားပွဲအတွက်တော့မဟုတ်ပါ။ သို့သော်ကမ္ဘာ့ဖလားပွဲကဲ့သို့အရေးပါသည့် မြန်မာနိုင်ငံမှ ပြည်ပဆက်သွယ်ရေး အော်ပရေတာနှစ်ခု၏ ဈေးကွက်ဝေစုအပြိုင်လုပွဲအတွက်သာဖြစ်သည်။
နိုင်ငံတကာ တယ်လီကွန်းကုမ္ပဏီ နှစ်ခုဖြစ်သော အော်ရီးဒူးနှင့် တယ်လီနော အပေါ် ပွဲကြိုသုံးသပ်ကြည့်ပါမည်။
အဆိုပါပြိုင်ပွဲသည် ၂၀၁၃ ဇန်နဝါရီတွင် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်၊နည်းပညာဝန်ကြီးဌာနက ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများအားဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန်အတွက် အော်ပရေတာလိုင်စင် တင်ဒါခေါ်ယူခဲ့ခြင်းမှစတင်သည်။
အဆင့်ဆင့်သောခြေစစ်ပွဲများကို ဖြတ်ကျော်၍တစ်နှစ်ခွဲခန့်ကြာသည့်ကာလတစ်ခုကိုကျော်လွန်ခဲ့ပြီးနောက် ယခုအခါ ပြည်သူများမျှော်လင့်နေသည့် နိုင်ငံတကာအဆင့်မှီမိုဘိုင်းဝန်ဆောင်မှုများကို စတင်ထိတွေ့နိုင်တော့မည်ဖြစ်သည်။
ဈေးကွက်ဝေစုအပြိုင်လုရမည့်ယခုပြိုင်ပွဲသည် တင်ဒါယှဉ်ပြိုင်စဉ်ကထက် ပိုမိုစိတ်လှုပ်ရှားစရာကောင်းမည်ဖြစ်သည်။ ၁၅ နှစ်ကြာယှဉ်ပြိုင်ရမည့် ပြိုင်ပွဲတစ်ခု၏အစလည်းဖြစ်သည်။
တယ်လီနောလား
တယ်လီနောကလည်း တင်ဒါအောင်စဉ်က ကတိပေးထားသည့်အတိုင်း လာမည့်စက်တင်ဘာလတွင် မိုဘိုင်း SIM Card များကို စတင်ရောင်းချတော့မည်ဟုဆိုသည်။ တယ်လီနောအနေဖြင့် ပြည်တွင်းတွင်ရောင်းချရန် SIM Card သန်း ၃၀ ပြင်ဆင်ထားပြီး ဖုန်းနံပါတ် ၁၀ သန်းလည်းဝယ်ယူထားသည်။
“တာဝါတိုင်ရှိတဲ့ဒေသတိုင်းမှာ ဖုန်းပြောလို့ရမယ်။ SIM Card ကို ၁၅၀၀ ကျပ်နဲ့နေရာဒေသမရွေးဝယ်လို့ရအောင် SIM Card အရောင်းဆိုင် ၁ သိန်းလောက်ဖွင့်မယ်။ ခေါ်ဆိုခလည်းသက်သာစေရမယ်။”ဟု တယ်လီနောမြန်မာမှ CEO ဖြစ်သူ Petter Furberg က ပြောကြားသည်။
တယ်လီနောအနေဖြင့် ၎င်းတို့ကိုယ်တိုင် စီမံခန့်ခွဲရောင်းချမည့်အရောင်းဌာန ၂၀၀ ဖွင့်လှစ်သွားဖြစ်ပြီး ဖုန်းခေါ်ဆိုမှုများနှင့် မိုဘိုင်းအင်တာနက်အသုံးပြုမှုများကိုစီမံခန့်ခွဲရန် ရန်ကုန်နှင့်မန္တလေးတွင် Data Center ၂ ခု တည်ဆောက်ထားသည်။
ထို့အပြင် တယ်လီနောသည်တစ်လလျှင်တာဝါတိုင် ၃၀၀ ကျော်တည်ဆောက်နေပြီး လာမည့်စက်တင်ဘာလ SIM Card စတင်ရောင်းချချိန်တွင် တာဝါတိုင် ၁၀၀၀ ခန့် ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ်သည်။
“တာဝါတိုင်များပေမယ့် ရောင်းမယ့်အချိန်နောက်ကျတာမကောင်းဘူး။ အူရီးဒူးက MPT ထက် နည်းနည်းပိုသာရုံနဲ့ လူတွေကပြုံပြီးဝယ်ကြမှာ။ အားလုံးက MPT ကို စိတ်ကုန်နေကြတာလေ။ အခုဆိုရန်ကုန်မှာ အူရီဒူး SIM Card ရောင်းမယ့်ဆိုင်တော်တော်များတယ်”ဟု မြောက်ဥက္ကလာရှိ Hearts မိုဘိုင်းဖုန်းဆိုင်မှ ဒေါ်ဇာခြည်ကဆိုသည်။
အင်တာနက်ကို 3G စနစ်ဖြင့်သုံးပါက အမြန်နှုန်း1 Mbps မှ 6 Mbps အထိရရှိမည်ဖြစ်ပြီး ကုန်ကျငွေပိုမိုသက်သာသည့် 2G အင်တာနက်စနစ်ဖြင့်သုံးစွဲပါက 100 Kbps မှ 150 Kbps ထိရရှိနိုင်မည်ဟု Petter Furberg က ဆိုသည်။
“တယ်လီနောရဲ့မိုဘိုင်းအင်တာနက်က ကျွန်တော်တို့နိုင်ငံအနေအထားနဲ့ဆို လက်ခံနိုင်တယ်ဆိုတာထက်ပိုတယ်။ ပြည်ပကလိုအမြန်နှုန်းမျိုးတော့ မှန်းလို့မရသေးပေမယ့် ကျွန်တော်တစ်ယောက်တည်းအမြင်အရသုံးပျော်တယ်”ဟု ကွန်ပျူတာပညာရှင် ဦးဖြိုးဝေမြင့်ကဆိုသည်။
အူရီးဒူးလား
ဖေဖော်ဝါရီလ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာလိုင်စင်ရစဉ်ကတည်းက လိုင်စင်ရပြီး ၆ လခန့်အကြာတွင် SIM Card စရောင်းမည်ဟုဆိုထားသည့်အူရီးဒူးအနေဖြင့် လာမည့်ဩဂုတ်လတွင် မိုဘိုင်း SIM Card အပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စတင်တော့မည်ဖြစ်သည်။
အူရီးဒူးအနေဖြင့် ပြည်တွင်းရှိ၎င်းတို့၏ မိုဘိုင်းဆက်သွယ်ရေးကွန်ယက်အတွက်အရေးပါသည့် အချက်အလက်စင်တာ(Core Network Data Center)များကို ရန်ကုန်၊နေပြည်တော်နှင့်မန္တလေးတို့တွင် တည်ဆောက်ထားပြီး SIM Card စရောင်းချိန်တွင် တာဝါတိုင် ၄၀၀ ခန့်ပြီးစီးအောင် တည်ဆောက်နေသည်ဟု အူရီးဒူးမြန်မာမှ CEO ဖြစ်သူ Ross Cormack က ဆိုသည်။
အူရီးဒူးအနေဖြင့်လက်ရှိတွင် SIM Card ရောင်းချရန်အတွက်အရောင်းဆိုင် ၁၀၀၀ ခန့်ဖြင့် စာချုပ်ချုပ်ဆိုထာပြီးဖြစ်သော်လည်း SIM Card များသည် ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်မြို့များတွင်သာ သုံးစွဲနိုင်ဦးမည်ဖြစ်သည်။
“SIM Card ဈေးနှုန်းကတော့ ၁၅၀၀ ပါပဲ။ ဖုန်းခေါ်ဆိုခကတော့လောလောဆယ်မှာ ၄၅ ကျပ်အောက်ပါ။ အတိအကျက မပြောနိုင်သေးပေမယ့် အားလုံးအံ့အားသင့်စေမယ့်ဈေးပါ။”ဟု Ross Cormack ကဆိုသည်။
တယ်လီနောထက် တစ်လခန့်စော၍ SIM Card ရောင်းချမည်ဖြစ်သောကြောင့် ဈေးကွက်အတွင်း ဦးဆောင်နိုင်မည်ဖြစ်သော်လည်း အဆိုပါဦးဆောင်မှုကိုရေရှည်ထိန်းသိမ်းနိုင်ရန်အတွက်မူ ခက်ခဲနိုင်သည်ဟု ပညာရှင်အချို့ကဆိုသည်။
“အဓိကပြဿနာကတော့ ခေါ်ဆိုနိုင်တဲ့ဒေသကနည်းတယ်။ အဓိကမြို့ကြီး ၃ ခုလောက်ပဲရသေးတယ်ဆိုတော့ သုံးရတာ အခက်အခဲရှိမယ်။ ရေရှည်ကိုစောင့်ရမယ်ဆိုတာတော့သိပါတယ်။ ဒါပေမယ့်သူတို့တာဝါတိုင်ဆောက်တာ နှေးလွန်းတယ်။”ဟု ကွန်ပျူတာပညာရှင် ဦးဖြိုးဝေမြင့်ကဆိုသည်။
နောက်ထပ်ပြဿနာမှာ အူရီးဒူးအနေဖြင့်အင်တာနက်ဖုန်းခေါ်ဆိုမှုကို အသုံးပြုခွင့်ပြုမပြုဖြစ်သည်။ ပြည်ပနိုင်ငံများတွင် တောက်လျှောက်ပြဿနာတက်ခဲ့သည့် VoIP ခေါ်ဆိုမှုပိတ်ပင်ထားခြင်းကို မြန်မာနိုင်ငံတွင် ထပ်မံပြုလုပ်မည်ဆိုပါက ဈေးကွက်ဝေစုတော်အတန်ဆုံးရှုံးမည်မှာသေချာနေသည်။
“ဒီနိုင်ငံမှာက ပြည်ပမှာအလုပ်ထွက်လုပ်နေတဲ့သူတွေများတယ်။ Viber၊ Line၊ Wechat စတာတွေ သုံးခွင့်မရှိရင်သူတို့မလွယ်လောက်ဘူး။ သူတို့လည်းနားလည်မှာပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက သုံးသပ်သည်။
ဈေးကွက်ကို ဘယ်သူဦးဆောင်မှာလဲ
ပြည်ပဆက်သွယ်ရေးကုမ္ပဏီ ၂ ခု၏ SIM Card များ စတင်ရောင်းချမည့်အချိန်မှာ နှစ်လခန့်သာလိုတော့ချိန်တွင် အဆိုပါကုမ္ပဏီများသာမက ပြည်တွင်းမှပြိုင်ဘက်ကုမ္ပဏီများနှင့် သုံးစွဲရန်စောင့်ဆိုင်းနေသူများကပါ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
အရင်းအနှီးနှင့် နည်းပညာပိုင်းအားသာချက်များကြောင့်ပြည်တွင်းဈေးကွက်တွင် အဆိုပါကုမ္ပဏီ ၂ ခုသာ ဦးဆောင်သွားလိမ့်မည်ဟုလူအများက ခန့်မှန်းကြသော်လည်း မည်သူကပိုအားသာသည်ဆိုသည့်အချက်တွင်မူ ဝိဝါဒကွဲပြားမှုများရှိနေကြသည်။
အူရီးဒူး၏ခြေလှမ်းများအရ မြို့ပေါ်အသိုင်းအဝိုင်းကို ဦးစားပေးပုံရကြောင်း သုံးသပ်သူမှာ ကွန်ပျူတာ ပညာရှင် ဦးရဲဝင့်အောင်ဖြစ်သည်။
“အူရီးဒူးက 3G။ တာဝါအများစုကို မြို့ကြီးတွေမှာဆောက်တယ်။ 3Gက အင်တာနက် Users များတဲ့မြို့ပေါ်တွေမှာပဲ အဆင်ပြေနိုင်မယ်။ နောက်ပြီးစလုပ်ခါစဖြစ်တဲ့အတွက် နယ်မြေဒေသအကန့်အသတ်တွေက ကုမ္ပဏီနှစ်ခုစလုံးအတွက် စိန်ခေါ်မှုပဲ”ဟု ဦးရဲဝင့်အောင်ကဆိုသည်။
တယ်လီနောထက်စာလျှင် အူရီးဒူးကကြီးကြီးကျယ်ကျယ် ကြော်ငြာသည်။ သူ၏ ကြော်ငြာအပြင် ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုများကြောင်းလည်း အမှတ်တံဆိပ်ကို လူပိုသိလာသလိုဖြစ်နေသည်။
“ဘုန်းကြီးတွေဆန့်ကျင်ကြတဲ့ကိစ္စက အူရီးဒူးကိုနာမည်ပိုကြီးစေတယ်လို့ ကျွန်တော်ထင်တယ်” ဟု စမ်းချောင်းမြို့နယ်တွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ဓာတ်ပုံသတင်းထောက်တစ်ဦးကဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ ၇၀ ရာခိုင်နှုန်းသော ပြည်သူများလျှပ်စစ်ဓာတ်အားမရရှိမှုသည် 3G သီးသန့် SIM Card များရောင်းချမည့် အူရီးဒူးအတွက်စိန်ခေါ်မှုဖြစ်လာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိဟောင်း ဦးသန်းဦးကလည်းဆိုသည်။
“3G ဖုန်းတွေကဘက်ထရီအစားများတယ်။ ဈေးချိုချိုနဲ့ရောင်းပေးရင်တောင်မှ ကျေးလက်မှာ 3G ဖုန်းတွေနဲ့ အဆင်မပြေနိုင်ဘူး။ 2G ကွန်ယက်မှာသုံးတဲ့ ဖုန်းတွေကတစ်ခါဘက်ထရီသွင်းထားရင် ရက်နဲ့ချီပြီးခံတယ်။”ဟု ဦးသန်းဦးကလည်းဆိုသည်။
မြန်မာနိုင်ငံ၏လျှပ်စစ်မီးအခက်အခဲကြောင့် 2G နှင့်3G တွဲဖက်ပေးရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာတွင်လည်း ကျေးလက်ဒေသများတွင် ဖုန်းခေါ်ဆိုမှုကအင်တာနက်သုံးစွဲမှုထက်ပိုများကြောင်း Petter Furberg ကဆိုသည်။
“ဒီမှာက SIM Card လိုချင်တဲ့သူတွေကများတယ်။ စရောင်းတဲ့အချိန်မှာ အုန်းအုန်းကျွက်ကျွက်တွေဖြစ်ကုန်မှာ။ MPT ကတ်မဝယ်ဘဲ စောင့်နေတဲ့သူတွေရှိတယ်။ အူရီးဒူးကအရင်ရောင်းမယ်။ နောက်ပြီး 3G၊ စရောင်းမှာကလည်း မြို့ကြီးတွေမှာ။ လောလောဆယ် အူရီးဒူးကပိုသာတယ်ထင်တယ်”ဟု ဒေါ်ဇာခြည်ကဆိုသည်။
ရေရှည်လုပ်ကိုင်ရမည့်လုပ်ငန်းဖြစ်သောကြောင့် SIM Card ရောင်းချသည့်အချိန်နောက်ကျခြင်းသည် ပြဿနာမဟုတ်ပဲ ဈေးကွက်အနေအထားကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်ရန်နှင့် ဝန်ဆောင်မှုများ၏အရည်အသွေးကပိုအရေးကြီးသည်ဟု Petter Furberg က ဆိုသည်။
နည်းပညာနယ်ပယ်မှ ပညာရှင်များကတယ်လီနောက ပိုအားသာသည်ဟု ယူဆကြသော်လည်း သုံးစွဲရန်စောင့်ဆိုင်းနေကြသူများကမူ အရင်ရရှိမည့်အူရီးဒူးကို ပိုစိတ်ဝင်စားနေကြသည်။
“ကျွန်တော်တို့ကတော့ဘာလာလာဝယ်မှာပဲ။ SIM Card ၁ ခုမှ ၁၅၀၀ ဗျာ စမ်းသုံးကြည့်မယ်။ ပိုကောင်းတာသုံးမယ်။ တယ်လီနောကတော့သေချာမသိဘူး။ အူရီးဒူးကတော့ကြော်ငြာတွေလည်း ခဏခဏတွေ့တယ်။ အရင်လည်းရမှာဆိုတော့ စိတ်ဝင်စားတယ်။”ဟု မင်္ဂလာဒုံမှဆိုင်ကယ်ပြုပြင်သူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ဝင်းကဆိုသည်။
ရဲဇွန်အောင်
ဇွန်၊ ၂၀၁၄
The Voice Weekly