ကလေးတွေမှာ အဖြစ်များတယ်ဆိုပြီး အခုတလော လူအများကြားမှာ စိုးရိမ်ဖွယ်ရာ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်တဲ့ နိုရိုဗိုင်းရပ်စ်ဆိုတာက ဘာလဲ။ ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ။ ဘယ်အချက်တွေကို ဂရုစိုက်ရမလဲ။ ကာကွယ်နည်းတွေက ဘာတွေလဲဆိုတာကို လိုတိုရှင်း ပရိသတ်ကြီး အတွက် ပြောပြပေးချင်ပါတယ်။
Norovirus ဆိုတာ ဘာများလဲ!
Norovirus ဆိုတာက ပြင်းထန်တဲ့ အော့အန်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အုပ်စုဝင်တစ်မျိုါ်ပါ။ အဖြစ်များသလို ကူးစက်နှုန်းကလည်း မြန်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီလိုမျိုး အအေးပိုတဲ့ လတွေမှာပါ။ အမေရိကန်ပြည်ထောင်စုမှာတော့ အဖြစ်အများဆုံး အစားအသောက်ကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။
Norovirusကို ၁၉၆၈ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းရိုးပြည်နယ်၊ နော့ဝက်ခ်မြို့က စာသင်ကျောင်း တစ်ကျောင်းမှာ ဖြစ်ပွားတာကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နိုရီုဗိုင်းရပ်စ်ကို အစောပိုင်းကာလတွေတုန်းက Norwalk virus လို့ သိခဲ့ကြပါတယ်။
Norovirus နဲ့ အထက်လန်အောက်လျှောကြား ဘာတွေများ ကွာခြားနေလဲ!
Norovirus က အစာအိမ်အူလမ်းကြောင်းတွေကို ရောင်ရမ်းမှုတွေ ဖြစ်စေပြီး တော်တော်များများက အထက်လန်အောက်လျှောနဲ့ ထင်မှတ်မှားတတ်ကြပါတယ်။ တကယ်ကတော့ အထက်လန်အောက်လျှောက အစာအိမ်အူလမ်းကြောင်းတွေကို ရောင်ရမ်းတာမျိုး မဖြစ်စေနိုင်ပါဘူး။
Norovirus အမျိုးအစား ဘယ်နှမျိုး ရှိလဲ!
Norovirus အမျိုးအစားက တော်တော်များများ ရှိပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ Norovirus ဗိုင်းရပ်စ်ကတော့ အစာအိမ်အူလမ်းကြောင်းတွေကို ရောင်ရမ်းတာမျိုး ဖြစ်စေနိုင်တဲ့ Caliciviridae အမျိုးအစား ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒီဗိုင်းရပ်စ်က အုပ်စုအားဖြင့် ၁၀ စုနဲ့ အမျိုးအစား ၄၈ မျိုးပါဝင်နေတဲ့ မျိုးစိတ်တစ်ခုပါ။ အတွေ့ရများတဲ့ အမျိုးအစားကတော့ GII.4ပါ။
Norovirus ဘယ်လောက်ထိ အဖြစ်များလဲ!
Norovirus က တော်တော်လေး အဖြစ်များပါတယ်။ နှစ်စဉ် ကမ္ဘာပေါ်မှာ လူဦးရေ ၆၈၅ သန်းလောက် ခံစားကြရပါတယ်။ ဖြစ်ပွားမှုထဲက သန်း၂၀၀ ကျော်ဟာ ကလေးငယ်တွေပါ။
Norovirusက ရာသီအဖျားတစ်မျိုးလား!
Norovirus က နိုဝင်ဘာလ ကနေ ဧပြီလအတွင်းမှာ အီကွေတာ အထက်နိုင်ငံတွေမှာ အဖြစ်များပြီး ဧပြီလကနေ စက်တင်ဘာလအတွင်းမှာ အီကွေတာ အောက်ဖက်မှာ အဖြစ်များပါတယ်။ အီကွေတာအနီးတဝိုက်မှာတော့ ဘယ်အချိန်မှာ ဖြစ်တယ်ရယ်လို့ တိတိကျကျ မရှိဘဲ အချိန်တိုင်းလိုလိုမှာ ဖြစ်နိုင်ခြေ ရှိနေပါတယ်။
လက္ခဏာများနှင့် ဖြစ်စေနိုင်တဲ့ အခြေအနေများ
Norovirus ရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ!
ခန္ဓာကိုယ်မှာ နိုရိုဗိုင်းရပ်စ် ကူးစက်ခံနေရပြီဆိုရင် ရောဂါပိုးနဲ့ ထိတွေ့မိပြီး ၁ ရက်ကနေ ၃ ရက်အကြာမှာ ၁၂ နာရီကနေ ၄၈ နာရီ အထိ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- မအီမသာဖြစ်တာ
- အော့အန်တာ
- ဝမ်းပျက်ဝမ်းလျှောဖြစ်တာ( ဝမ်းအရည်တွေ သွားတာ)
- ဗိုက်အောင့်တာ မျိုးတွေအပြင်
- ခေါင်းကိုက်တာ
- အဖျားတက်တာ
- ကိုယ်လက်ကိုက်ခဲတာ
ကလေးနဲ့ လူကြီးမှာ ခံစားရတဲ့ လက္ခဏာတွေ အတူတူပဲလား!
နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အခါ ခံစားရတဲ့ လက္ခဏာတွေက ကလေးရော လူကြီးတွေမှာပါ များသောအားဖြင့် အတူတူပဲဆိုပေမယ့် လူကြီးတွေမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များပြီး ကလေးတွေမှာ အော့အန်တာမျိုး အဖြစ် များပါတယ်။
ဘယ်လိုအခြေအနေတွေက ရောဂါကူးစက်စေတာလဲ!
နိုရိုကို ဖြစ်စေနိုင်တဲ့ Caliciviridae မျိုးရင်းဝင် ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားချိန်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းတွေကို ရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကို အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်းလို့ ခေါ်နိုင်သလို နိုရိုကို ဖြစ်စေနိုင်ပါတယ်။
နိုရိုကူးစက်ခံရနိုင်ခြေတွေကတော့ အများကြီး ရှိပါတယ်။ အတွေ့ရများတဲ့ အခြေအနေတွေကတော့ –
- ရောဂါပိုး ရှိနေတဲ့ မျက်နှာပြင်တွေ ပစ္စည်းတွေကို ထိတွေ့မိတဲ့ လက်နဲ့ ပါးစပ်၊ နှာခေါင်း စတာတွေကို ထိတွေ့မိတာ
- ရောဂါပိုးရှိနေတဲ့ အစားအသောက်တွေ သောက်စရာတွေကို သောက်မိစားမိတာ
- ရောဂါပိုး ကူးစက်ခံထားရသူနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံတာမျိုးတွေပါ။
များသောအားဖြင့်ကတော့ ရောဂါပိုးရှိနေသူ ကိုင်တွယ်ထိတွေ့ထားတဲ့ ပြင်ဆင်ထားတဲ့ အစားအသောက်တွေ ကနေတဆင့် ကူးစက်တာများပါတယ်။ ကမာနဲ့ ပင်လယ်စာတွေအပါအဝင်အချို့သော စားစရာတွေက ပုံမှန်အခြေအနေမှာတောင် နိုရိုဗိုင်းရပ်စ် ကပ်တွယ်နေတာမျိုး ဖြစ်နိုင်လို့ သတိထားတာ အကောင်းဆုံးပါ။
Norovirus ကူးစက်မြန်သလား!
Norovirusက တော်တော်လေး ကူးစက်မြန်ပါတယ်။ ဆိုလိုတာက ကူးစက်မြန် ကူးစက်လွယ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံနေရသူတစ်ဦးရဲ့ ခန္ဓာကိုယ်ကနေ ဖျားနာစေနိုင်တဲ့ သေးငယ်တဲ့ဗိုင်းရပ်စ်တွေကို ဘီလျံနဲ့ချီပြီး ထုတ်လွှတ်ပါတယ်။ ဒီထဲက အနည်းစုကတင် ဖျားနာစေဖို့ လုံလောက်တဲ့ အတိုင်းအတာပါ။
ရောဂါပိုး ကူးစက်ခံရပြီး ၁၂ နာရီကနေ ၄၈ နာရီအကြာအထိ လက္ခဏာမပြတာမျိုး ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာပြနေချိန်မှာ အခြားသူကို ကူးစက်နိုင်သလို ရောဂါလက္ခဏာ သက်သာသွားပြီး ၄၈ အတွင်းမှာလည်း အခြားသူကို ကူးစက်နိုင် ပါသေးတယ်။
ဘယ်အချက်တွေကို သတိထားရမလဲ!
Norovirus က ကလေးလူကြီးမရွေး လူတိုင်းမှာ ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရနိုင်ခြေ အများဆုံး အခြေအနေကတော့ –
- ရောဂါပိုးရှိသူနဲ့ ထိတွေ့မိတဲ့အခါမျိုး
- မျိုးဗီဇအရကိုက နိုရိုဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ များနေတာမျိုးတွေပါ။
နောက်ဆက်တွဲ ဘာတွေ ခံစားရနိုင်လဲ!
Norovirus ကူးစက်ခံရတဲ့အခါ အပြင်းအထန် ဖျားနာမှုကို ခံစားရနိုင်ပါတယ်။ အော့အန်တာတွေ ဝမ်းခဏခဏ သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ခန္ဓာကိုယ်ကို အာဟာရ လုံလောက်အောင် ပြန်လည်ဖြည့်တင်း ပေးနိုင်တာမျိုး မရှိဘူးဆိုရင် ရေဓာတ်ခမ်းခြောက်တာမျိုး ခံစားရနိုင်ပါတယ်။
ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်တဲ့အခါ –
- ခံတွင်းခြေက်တာ
- အားနည်းတာ
- မူးဝေတာ
- ခေါင်းကိုက်တာ မျိုးတွေ ခံစားရနိုင်ပါတယ်။
ကလေးတွေမှာဆိုရင် –
- ငိုပေမယ့် မျက်ရည်မထွက်တာ
- တအီအီနဲ့ ဂျီကျနေတာ
- မအိပ်တာ (အိပ်မပျော်တာ) မျိုးတွေ ခံစားရနိုင်ပါတယ်။
Norovirus ကူးစက်ခံရတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းတွေ ရောင်ရမ်းနေတာ၊ ခဏခဏ အန်နေရတာ ဝမ်းသွားနေတာတွေကြောင့် အစားမစားချင်တာ၊ ရေမသောက်ချင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစားအသောက်ကို အပျက်မခံဘဲ ခပ်ပျော့ပျော့နဲ့ အာဟာရ ဖြစ်စေမယ့် အစားအစာတွေကို တတ်နိုင်သမျှ နည်းနည်းချင်းနဲ့ မကြာမကြာ စားပေးဖို့ လိုပါမယ်။
အစားစားတဲ့အခါ နည်းနည်းချင်းကို ဖြည်းဖြည်းချင်း စားပေးပါ။ တစ်ကြိမ်တည်း အများကြီး စားလိုက်တြ့အခါ အစာအိမ်က လက်မခံနိုင်ဘဲ အော့အန်တာမျိုး ဖြစ်စေနိုင်လို့ပါ။
ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ!
များသောအားဖြင့်ကတော့ လက္ခဏာတွေကတဆင့် ဆန်းစစ်ကြတာပါ။ တသီးတသန့် စစ်ဆေးဖို့တော့ မလိုပါဘူး။ လိုအပ်မယ်ဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းက ဝမ်းနမူနာစစ်ဆေးတာမျိုး လုပ်ပါလိမ့်မယ်။ ရောဂါအခံရှိသူတွေမှာပဲ စစ်ဆေးမှုတွေ လုပ်ကြတာမျိုးများပါတယ်။
ဘယ်လို သက်သာအောင် လုပ်မလဲ!
Norovirus ကို ကုသနည်းမရှိသေးပါဘူး။ ခံစားနေရတဲ့ လက္ခဏာတွေကို သက်သာအောင်ပဲ လုပ်ပေးနိုင်တာမျိုးပါ။ ပုံမှန်အားဖြင့်ကတော့ ရောဂါလက္ခဏာတွေက ကိုယ်ခံအားပေါ်လိုက်ပြီး ၁ ရက်ကနေ ၃ ရက်အတွင်း သက်သာသွားပါတယ်။
ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက်ဆိုရင်တော့ –
- အရည်များများ သောက်ပါ ( ဓာတ်ဆားရည်၊ အုန်းစိမ်းရည်နဲ့ ကြက်စွပ်ပြုတ်တွေ သောက်ပေးလို့ ရပါတယ်)
- ပြည့်ပြည့်ဝဝ အနားယူပါ
- အစာကြေလွယ်ပြီး အာဟာရဖြစ်မယ့် အရာတွေကို စားပါ
- တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
- လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပါ။
ကာကွယ်ဆေး ရှိလား!
Norovirus အတွက် အခုထိ ကာကွယ်ဆေး မရှိသေးပါဘူး။ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ သုတေသနပြုလုပ် နေတာတွေတော့ ရှိပါတယ်။
ကာကွယ်နည်း
Norovirus ဘယ်လိုကာကွယ်ကြမလဲ!
Norovirus ကူးစက်ခံရနိုင်ခြေကို အခုလို နည်းလမ်းတွေနဲ့ ကာကွယ်လို့ ရပါတယ်။
- လက်ကိုရေနဲ့ ဆပ်ပြာသုံးပြီး မကြာခဏဆေးကြောပါ
- အစားအစာတွေ မစားခင် သေချာလေး သန့်စင်ဆေးကြောပါ
- အစာအစာတွေကို မပြင်ဆင်ခင်မှာ လက်ကို သေချာဆေးကြောပါ
- အစားအစာတွေကို သေချာကျက်အောင် ချက်ပြုတ်ပါ
- ရောဂါပိုး ရှိသူနဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့
- အသုံးပြုနေတဲ့ ပစ္စည်းတွေ စားပွဲ၊ ကုလားထိုင် မျက်နှာပြင်တွေကို သေချာလေး ပိုးသတ်သန့်စင်ပါ
- အဝတ်အထည်တွေကို သေချာလျှော်ဖွတ်ပါ
- တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ရေအလွယ်တကူ မရနိုင်တဲ့ အခြေအနေမှာ လက်သန့်ဆေးရည်သုံးပါ။
တစ်ကျော့ပြန် ကူးစက်ခံရနိုင်လား!
Norovirus ကူးစက်ခံရပြီးရင်လည်း နောက်ထပ်တစ်ကြိမ် ကူးစက်ခံရတာမျိုး ရှိနိုင်ပါတယ်။ Norovirus အမျိုးအစား အများကြီး ရှိနေတာကြောင့် တစ်ကြိမ်မက ကူးစက်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကူးစက်ခံရပြီးလို့ သက်သာလာချိန်မှာလည်း ကာကွယ်နည်းလမ်းတွေကို နေ့စဉ် ကျင့်သုံးဖို့ လိုပါမယ်။
ကူးစက်ခံရရင် ဘာတွေသတိထားရမလဲ!
Norovirusက ကူးစက်မြန်သလို ပြင်းထန်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာ အကြိမ်ရေ များစွာ အော့အန်တာ၊ ဝမ်းသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီကာလမှာ အစားမစားတာမျိုး ဖြစ်မယ်ဆိုရင် အားပြတ်သွားပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရနိုင်တာကြောင့် ရေဓာတ်ပြည့်အောင် နဲ့ အာဟာရလုံလောက်ပြည့်ဝအောင် ဂရုစိုက်ဖို့ လိုပါမယ်။
အစားမစားနိုင်ဘဲ အန်ပဲအန်နေမယ်၊ ဝမ်းတွေ ဆက်တိုက် သွားနေမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းမှာ ကုသမှု ခံယူပါ။
Norovirus နဲ့ Rotavirus ဘာတွေကွာခြားလဲ!
နှစ်ခုစလုံးက အစာအိမ် အူလမ်းကြောင်းတွေကို ရောင်ရမ်းစေနိုင်တယ်ဆိုပေမယ့် ကွာခြားမှုတွေတော့ ရှိပါတယ်။
Norovirus | Rotavirus |
Caliciviridae မျိုးစိတ် | Reoviridae မျိုးစိတ် |
ကူးစက်ချိန် ၁ ရက်ကနေ ၃ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ | ကူးစက်ချိန် ၃ ရက်ကနေ ၈ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ |
အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ | ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာ ဖြစ်နိုင်ခြေ နည်းပါတယ်။ |
ကာကွယ်ဆေး မရှိပါဘူး။ | ကာကွယ်ဆေး ရှိပါတယ်။ |
လိုတိုရှင်းရဲ့ စကားလက်ဆောင်
Norovirus ဆိုတာက ကူးစက်မြန်ပြီး အတွေ့ရများတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာလိုမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ နိုရိုရဲ့ လက္ခဏာတွေက အထက်လန်အောက်လျှောနဲ့ လက္ခဏာတွေ ခပ်ဆင်ဆင် တူနေပါတယ်။ အနီးကပ်ထိတွေ့မှုတွေနဲ့ ရောဂါပိုးရှိနေတဲ့ အစားအစာတွေ သောက်ရေတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ လက်ရှိအချိန်ထိ ကာကွယ်ဆေးမရှိသေးပါဘူး။ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် နေထိုင်မကောင်း ဖြစ်တာက အများဆုံး ၃ ရက်အထိ ကြာမြင့်နိုင်ပါတယ်။
ရောဂါပိုး ကူးစက်ခံရချိန်မှာ အစားမစားချင်တာမျိုး ဖြစ်နိုင်ပေမယ့် ခန္ဓာကိုယ်မှာ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ ဓာတ်ဆားရည်ကို နိုင်နိုင်သောက်ရင်း အာဟာရဖြစ်ပြီူ အစာကြေလွယ်မယ့် စားစရာလေးတွေကို နည်းနည်းချင်းနဲ့ အကြိမ်ရေ များများ စားပေးပါ။ နေထိုင်မကောင်းချိန်မှာ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်လို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။