“ခံတွင်းကျန်းမာရေးဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကို လှစ်ဟပြနေတဲ့ မှန်တစ်ချပ်ပါပဲ။ အချို့သော သွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာတွေက ကိုယ်တိုင်မသိလိုက်ဘဲ ခံစားနေရတဲ့ နာတာရှည် ကျန်းမာရေးပြဿနာကို ဖော်ပြနေတဲ့ အချက်ပြလက္ခဏာတွေပါ။”
ခံတွင်းကျန်းမာရေးကနေတဆင့် ဘယ်လိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖော်ပြနေလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ခံတွင်းကျန်းမာရေးက ပြင်းထန်တဲ့ရောဂါတွေရဲ့ အချက်ပြလက္ခဏာတွေပါ
သွားနဲ့ခံတွင်း ကျန်းမာရေးအခြေအနေတွေကနေ အခုလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖော်ပြနေပါတယ်။
- သွားတွေပဲ့တာ၊ ကွဲအက်တာ
သွားတွေပဲ့တာ၊ ကွဲအက်တာတွေက သွားကြိတ်တတ်တာကြောင့်ပါ။ လူတွေက ပုံမှန်အချိန်မှာ သွားကြိတ်လေ့ မရှိဘဲ အိပ်ပျော်နေချိန်မှာတော့ သွားကြိတ်တတ်ပါတယ်။ ဒီလို သွားကြိတ်တာက
- စိတ်ဖိစီးမှု များလွန်း နေတာ
- မေးရိုးက ပုံစံမှန်မှန် မရှိနေတာ
- သွားတွေစုံစုံလင်လင် မရှိတာ
- အခြားသော ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
သွားကြွေလွှာတွေကို ပျက်စီးစေနိုင်သလို သွားတွေပဲ့တာ၊ ထိခိုက်တာမျိုးတွေလည်း ရှိနိင်ပါတယ်။ သွာက ထိလိုက်ိရင်ကို ကျဉ်တက်တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။ သွားကြိတ်တာက ပြည့်ဝတဲ့ အိပ်စက်ချိန်ရရှိစေဖို့ အနှောင့်အယှက်ဖြစ်စေသလို မေးရိုးနဲ့ ပါးအတွင်းပိုင်းက ကြွက်သားတွေ၊ မေးရိုးအဆစ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။
- သွားဖုံးသွေးယိုတာ
သွားတိုက်လိုက်တိုင်း သွားဖုံးက သွေးထွက်တာ၊ သွေးယိုစီးတာတွေ ဖြစ်တာက သွားဖုံးရောင်နာဖြစ်နေတာ ကြောင့် ဖြစ်နိုင်ပါတယ်။ သွားအခြေ သွားဖုံးနားကပ်နေတဲ့ နေရာတလျှောက်မှာ သွားချေးတွေများနေတာကြောင့် လည်း သွားဖုံးသွေးယိုတာကို ဖြစ်စေနိုင်ပါတယ်။
ဒါကို မကုသဘဲ ထားမယ်ဆိုရင်တော့ သွားဖုံးထိခိုက်တာ၊ သွားတွေဆုံးရှုံးတာ၊ မေးရိုးထိခိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ခံစားနေရတာက –
– ဆီးချိုရောဂါ
– နှလုံးရောဂါ
– လေဖြတ်တာနဲ့ နာတာရှည် ကျန်းမာရေးပြဿနာ ခံစားနေရတယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
- ရုတ်တရက် သွားပေါက်တွေ များလာတာ
သွားတွေ (အံသွားတွေ) မှာ ရုတ်တရက် သွားပေါက်တွေများလာတာက ရုတ်တရက်တွေးလိုက်ရင်တော့ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်မှု အားနည်းလို့လို့ ထင်စရာ ရှိပါတယ်။ တကယ်ကတော့ ပုံမှ်န်ထက် သိသိသာသာ မြန်တဲ့နှုန်းနဲ့ သွားပေါက်တွေ ဖြစ်နေမယ်ဆိုရင်တော့ ဆီးချိုရောဂါ ခံစားနေရတယ်ဆိုတာကို ဖော်ပြနေတာပါ။
ဆီးချိုဖြစ်နေပြီဆိုရင် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် မြင့်တက်နေတာကြောင့် သွားနဲ့ သွားဖုံးရောဂါတွေ ကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေဖို့ အားပေးသလို ဖြစ်ပြီး သွားမှာ ပိုးပေါက်တွေ ပိုဖြစ်စေရတာပါ။
- မကြာခဏ ခံတွင်းထဲမှာ အနာဖြစ်တာ
မကြာခဏ ခံတွင်းထဲမှာ အနာဖြစ်နေရတာက ဂလူတန်နဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်သလို အူလမ်းကြောင်း ကျန်းမာရေးပြဿနာ ခံစားနေရတာကြောင့်ပါ။ အူလမ်းကြောင်းကျန်းမာရေး မကောင်းဘူးဆိုရင် ပါးစပ်ထဲမှာ အနာ ခဏခဏ ဖြစ်တတ်ပါတယ်။
- သွားကြွေလွှာတွေ ပျက်စီးတာ
သွားကြွေလွှာတွေ ပျက်စီးလာပြီး သွားတွေ ခဏခဏ ကျဉ်ရတာက အစာခြေအက်ဆစ် ပြန်ဆန်တက်တာကို ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို သေချာလေး မကုသဘူးဆိုရင် သွားတွေပျက်စီးပြီး ခံတွင်းကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေမှာပါ။
- အမြဲလိုလို ခံတွင်းနံ့ဆိုးနေတာ
ခံတွင်း သန့်ရှင်းရေးကို သေချာဂရုစိုက်ပါရဲ့နဲ့ ခံတွင်းကအမြဲလိုလို အနံ့ဆိုးတွေ ထွက်နေတာမျိုး ဖြစ်မယ် ဆိုရင်တော့
– ခံတွင်းခြောက်တာ
– သွားဖုံးပြဿနာ ရှိနေတာ
– ဇီဝကမ္မဆိုင်ရာ ပြဿနာ တစ်ခုခု ခံစားနေရတာ ဖြစ်နိုင်ပါတယ်။
ခံတွင်းကျန်းမာရေးနဲ့ ကျန်းမာရေးကို ဒီလိုလေး စောင့်ရှောက်ပေးပါ
သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် တစ်နေ့ကို ၂ ကြိမ် သွားတိုက်တာ၊ သွားပွတ်ကြိုးသုံးပြီး သွားကြိုသွားကြား က အစာဟောင်းတွေကို ဖယ်ရှားပြီး ခံတွင်းကျန်းမာရေးကို ကာကွယ်လို့ ရပါတယ်။ ဒါပေမယ့် သွားနဲ့ ခံတွင်း ကျန်းမာရေးကိုရော၊ အခြားသော ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်ဖို့ဆိုရင်တော့ –
- ပုံမှန် သွားနဲ့ခံတွင်းစစ်ဆေးမှုကို ခံယူပါ
- စိတ်ဖိစီးမှု ဖြေလျှော့ပါ
- အာဟာရပြည့်ဝမျှတအောင် စားသုံးပါ
- နာတာရှည် ကျန်းမာရေး ပြဿနာတွေအတွက် ကုထုံးတွေ ခံယူပါ
- ဆေးလိပ်နဲ့ အရက်ဖြတ်ပါ
- ရေပြည့်ဝအောင် သောက်သုံးပါ။
သွားနဲ့ခံတွင်းကျန်းမာရေးက သွားဖုံးတွေ၊ သွားတွေရဲ့ ကျန်းမာရေးကိုတင် ဖော်ပြနေတာ မဟုတ်ဘဲ ကိုယ်တွင်းမှာ ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ဖော်ပြနေတာ ဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ခံတွင်းကျန်းမာရေးက လူတိုင်းအတွက် အတော်လေး အရေးကြီးပါတယ်။ သွားနဲ့ခံတွင်းကျန်းမာမှ အပြုံး လှလှလေးတွေ ပြုံးနိုင်မှာပါ။ ဒါပေမယ့် တကယ်ကတော့ ခံတွင်းကျန်းမာရေးက အပြုံးလှလှလေးတွေ ပြုံးနိုင်ဖို့ဆိုတာထက် ပိုပါတယ်။ ခံတွင်းကနေတဆင့် အာဟာရ ချို့တဲ့တာကစလို့ ကိုယ်တွင်းမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်ဆိုတာကို ကြိုတင်ဖော်ပြပေးနေတဲ့ အချက်ပြမှု တစ်ရပ်ဆိုလည်း မမှားပါဘူး။ သွားနဲ့ ခံတွင်းရဲ့ ကျန်းမာရေး အခြေအနေကို သေချာလေး ဂရုစိုက်လိုက်တာက ခန္ဓာကိုယ်မှာ နာတာရှည် ကျန်းမာရေးပြဿနာတွေကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချနိုင်ပြီး စောစောသိရှိ ကုသနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ခံတွင်းကျန်းမာရေးကို အမှုမဲ့ အမှတ်မဲ့ မထားကြဖို့ အကြံပြုလိုက်ပါရစေ။