လိမ္မော်ခွံ စားရင် ကောင်းကျိုးရမလား!

လိမ္မော်ခွံ စားရင် ကောင်းကျိုးရမလား!

လိမ္မော်သီးက ဗီတာမင် C ကြွယ်ဝတယ်။ အရသာလည်း ကောင်းတယ်။ အဖျားအနာလည်း ကင်းစေတယ်ဆိုပြီး လူသိများပါတယ်။ ဒီလို ကောင်းကျိုးတွေကြောင့် လိမ္မော်သီးတွေကို စားကြပေမယ့် လိမ္မော်ခွံကိုတော့ မစားကြဘူးဟုတ်။ တကယ်ကတော့ လိမ္မော်သီးကတင် ကျန်းမာရေး ကောင်းကျိုး များတာ မဟုတ်ဘဲ လိမ္မော်ခွံကလည်း ကျန်းမာရေး ကောင်းကျိုး များပါတယ်။

လိမ္မော်ခွံ ဆိုတာ

လိမ္မော်ခွံ ဆိုတာက လိမ္မော်သီးရဲ့ အခွံပါ။ အရောင်ကတော့ နာမည်နဲ့ လိုက်အောင် လိမ္မော်ရောင်ရှိပြီး အဆီဂလင်း အပေါက်လေးတွေနဲ့ပါ။ အတွင်းဖက်မှာတော့ အဖြူရောင် အဖေးလေးတွေနဲ့ပါ။ အနံ့လေးကတော့ မွှေးရှိန်းရှိန်းလေးရယ်ပါ။

လိမ္မော်ခွံမှာပါတဲ့ အာဟာရဓာတ်များ

လိမ္မော်ခွံကို  သကြားတွေ ဆားတွေနဲ့နယ် အခြောက်ခံပြီး လုပ်ထားတဲ့ လိမ္မော်ခွံ အချဉ်ထုတ်ကို စားဖူးမှာပေါ့။ လိမ္မော်ခွံမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

လိမ္မော်ခွံမှာ –

  •  ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • အကျိုးပြု ဘက်တီးရီးယား အာဟာရတွေ
  • ကယ်လ်လိုရီ
  • ပရိုတင်း
  • ကယ်လ်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • ပိုတက်ဆီယမ်
  • ဗီတာမင် C
  • ဖောလိတ်
  • ဗီတာမင် A တို့ ပါဝင်နေပါတယ်။

လိမ္မော်ခွံ စားရင် ကောင်းကျိုးရမလား!

လိမ္မော်ခွံ စားရင် ကောင်းကျိုးရမလား! ဆိုတော့ အခုလို ကောင်းကျိုးလေးတွေ ရနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

လိမ္မော်ခွံက သွေးကြောတွေထဲမှာ အဆီစုပုံမှုတွေ မဖြစ်အောင် ထောက်ကူပေးတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဝမ်းချုပ်မှု ကင်းစေတယ်

အမျှင်ဓာတ် ကြွယ်ဝတဲ့ လိမ္မော်ခွံက အစာခြေစနစ်ကို ကျန်းမာစေသလို ဝမ်းချုပ်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ နောက်ပြီး  အစာမကြေတာ၊ ရင်ပူတာတွေ၊ လေထိုးလေအောင့်တာတွေ သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ လိမ္မော်ခွံမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရတွေ ပါဝင်နေတာကြောင့် အစာအိမ်အူလမ်းကြောင်းနဲ့ အူမကြီး ကျန်းမာစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်

အမျှင်ဓာတ် ကြွယ်ဝတဲ့ လိမ္မော်ခွံက ဗီတာမင် C ပါဝင်နေတာကြောင့် အဆီတွေကို ကျစေနိုင်သလို  အမျှင်ဓာတ် ကြွယ်ဝမှုကလည်းအဆာခံနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့ လိမ္မော်ခွံကို အားကိုးလို့ ရမယ့် နည်းလမ်းကတော့ ရေနွေးပူပူထဲ လိမ္မော်ခွံ ထည့်လို့ စိမ်ထားတဲ့ လိမ္မော်ခွံ ရေနွေးကြမ်းကို ပုံမှန်လေး သောက်သုံး ပေးတာပါ။

ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ်

လိမ္မော်ခွံမှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေ လှပစေမယ်

ဗီတာမင် C ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေပြီး နေလောင်ကွက်နဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေပါတယ်။ ဒါ့အပြင်အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

သွားတွေ အစွန်းအထင်း ကင်းစေမယ်

သွားတွေကို လိမ္မော်ခွံရဲ့ အတွင်းဘက် အဖြူသားနဲ့ ပွတ်ပေးပြီး ၂ မိနစ် ၃ မိနစ်လောက် ထားလို့ ရေဆေးချလိုက်ပါ။ ပြီးရင်တော့ ပုံမှန် တိုက်နေကျ သွားတိုက်ဆေးနဲ့ တိုက်ပေးလိုက်ရုံပါ။

သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်

အမျှင်ဓာတ် ကြွယ်ဝမှုကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ခံတွင်းအနံ့ဆိုး ကင်းစေတယ်

လိမ္မော်ခွံကို ဝါးတာ၊ ရေနွေးနဲ့ စိမ်ပြီး သောက်တာမျိုးတွေက ခံတွင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး ခံတွင်းအနံ့ဆိုးကို သက်သာစေနိုင်ပါတယ်။

# သတင်းစကား

လိမ္မော်ခွံလေးက အခုလို ကောင်းကျိုးလေးတွေကို ရရှိစေနိုင်ပေမယ့် အလွန်အကျွံ စားမိမယ်ဆိုရင်တော့ ရင်ပူတာ ဝမ်းချုပ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် အသင့်အတင့်ထက် ပိုမသုံးမိဖို့တော့ လိုပါမယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့၊ ရောဂါအခံတစ်ခုခု ရှိတဲ့သူတွေ၊ ကျန်းမာရေး အခြေအနေကြောင့် ဆေးသောက်နေရသူတွေ၊ ခွဲစိတ်ကုသမှု ခံယူဖို့ ရှိတဲ့ လူနာတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုစေချင်ပါတယ်။ လိမ္မော်ခွံက သဘာဝ ပစ္စည်းဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုတာကို သတိထားဖို့တော့ လိုပါမယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *