ကလေးလေးတွေမှာ မွေးဖွားမှုရဲ့ အစဉ်အလိုက်ကွဲလို့ဖြစ်ဖြစ် တစ်ဦးတည်းအဖြစ်မွေးလို့ရယ် ဖြစ်ဖြစ် မတူကွဲပြားမှုတွေအပေါ်မှာ လိုက်ပြီး ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးလေးတွေ ကွာခြားတတ်ပါတယ်။ ဥပမာ – အကြီးလေးမို့ ညှာတတ်တယ်။ အလတ်လေးမို့ အနွံနာခံတတ်တယ်။ သိတတ်နားလည်နိုင်စွမ်းမြင့်တယ်။ အငယ်ဆုံးမို့ ဂျစ်ကျတယ်။ အချစ်ခံချင်တယ် စဖြင့်ပေါ့။ ဒီလိုမွေးဖွားမှု အစဉ်အလိုက်မှာမှ အထက်မှာ အကြီးတစ်ယောက်ရှိပြီး သူ့အောက်မှာလည်း အငယ်မွေးချင်းလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတတ်ကြတဲ့ အလတ်ကလေးတွေရဲ့ မွေးရာပါ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖေဖေမေမေတို့ သိရှိရအောင်ဖော်ပြပေးလိုက်ပါတယ်။
အလတ်လေးတွေဆိုတာ ဘယ်သူတွေပါလိမ့်!
အလတ်လေးတွေဆိုတာက မိသားစု တစ်စုရဲ့ ဒုတိယမြောက် ကလေးလေးတွေပေါ့။ သူတို့အထက်မှာ အကြီးတစ်ယောက် ရှိသလို သူတို့အောက်မှာလည်း သူတို့လေးတွေက မီးမီးလေး ဖြစ်မယ်ဆိုရင် မောင်လေး၊ ညီမလေး၊ ဒါမှမဟုတ် သားသားလေး ဖြစ်မယ်ဆိုရင် ညီလေး၊ ညီမလေး ရှိနေတတ်ကြတဲ့ ကလေးလေးတွေပေါ့။ အထက် တစ်ယောက် အောက်တစ်ယောက်ကြားမှာ မွေးဖွားလာပြီး အကြီးနဲ့ရော အငယ်နဲ့ပါ အဆင်ပြေအောင် နေတတ်ကြတဲ့ သားသားမီးမီးလေးတွေပါ။
အလတ်လေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး
အလတ်လေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကတော့
- တီထွင်ဖန်တီးဉာဏ် ကောင်းကြသူလေးတွေပါ
အကြီးဆုံးလည်း မဟုတ် အငယ်ဆုံးလည်း မဟုတ်ပြန်တဲ့ အကြီးအဖြစ်ရော အငယ်အဖြစ်ပါ အကျုံးဝင်တတ်ကြတဲ့ ဒုတိယနေရာမှာ မွေးဖွားတဲ့ အလတ်လေးတွေက အကြီးဆုံးတွေ အငယ်ဆုံးလေးတွေထက် တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းကြပါတယ်။ စိတ်ကူးဉာဏ် ပိုရင့်သန်ကြပါတယ်။
- အမှီအခို ကင်းကြသူလေးတွေပါ
သူတို့လေးတွေရဲ့ နောက်ထပ် အားသာချက်တစ်ခုက အကြီးဆုံးလို့ ဖူးဖူးမှုတ် မခံရဘဲ အငယ်ဆုံးလို မျက်နှာမညိုအောင် နေရသူလေးတွေ မဟုတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင် ကြိုးစားရမယ်ဆိုတာကို ကောင်းကောင်းနားလည်ထားကြတဲ့သူလေးတွေပါ။
- အောင်မြင်လိုစိတ် ပြင်းပြကြသူလေးတွေပါ
အလတ်လေးတွေရဲ့ နောက်ထပ် ကိုယ်ရည်ကိုယ်သွေးတစ်ခုကတော့ အရာရာကို အောင်မြင်မှုရချင်ကြတာပါ။ အောင်မြင်လိုစိတ် ပြင်းပြကြပြီး အရာရာတိုင်းကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်တတ်ကြတာကလည်း သူတို့လေးတွေရဲ့ အားသာချက် တစ်ခုလို့ပဲ ဆိုရပါမယ်။
- ပေါင်းသင်းဆက်ဆံရေး ကောင်းကြသူလေးတွေပါ
အကြီးနဲ့ တည့်အောင် ပေါင်းသလို အငယ်ကိုလည်း ညှာတာရမယ်ဆိုတဲ့ အသိကို ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အလတ်လေးတွေက လူတိုင်းနဲ့ တည့်အောင် ပေါင်းတတ်ကြပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတတ်ကြပါတယ်။ သူတို့လေးတွေကို ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် အထူးတလည် သင်ပေးစရာ မလိုအောင်ပါပဲ။
- ငြိမ်းချမ်းရေးကို လိုလားကြသူလေးတွေပါ
အလတ်လေးတွေက လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းသလို ပြဿနာတွေကို ပြေလည်အောင် ညှိနှိုင်းနိုင်စွမ်းလည်း ကောင်းကြပါတယ်။ အချင်းများဖွယ်ရာတွေကို ရန်စမထွက်စေဘဲ ဖြေရှင်းတတ်တာကလည်း အလတ် ကလေးတွေရဲ့ စွမ်းရည် တစ်ခုပါ။ သံတမန် လုပ်သင့်သူလေးတွေလို့တောင် တင်စားကြပါတယ်။
- ဦးဆောင်နိုင်စွမ်း မြင့်ကြတယ်
ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့ အလတ်လေးတွေဟာ အပေါင်းအသင်းတွေကြားမှာလည်း ကောင်းကောင်း ဦးဆောင်နိုင်ကြပါတယ်။ ဘဝလက်တွဲဖော်တွေအပေါ်မှာ သည်းညည်းခံနိုင်စွမ်း မြင့်သလို အကောင်းဆုံး ဦးဆောင်မှုတွေကိုလည်း လုပ်ဆောင်ပေးတတ်ကြပါတယ်။ ခေါင်းဆောင်နိုင်စွမ်းအပြင် စွန့်ဦးတီထွင်လိုစိတ်လည်း ပြင်းထန်ကြပါတယ်။ သာဓကလေး ပေးရရင်တော့ Winston Churchill၊ Abraham Lincoln၊ Bill Gates နဲ့ Donald Trump တို့က အလတ်လေးတွေပါတဲ့နော်။
- အလွယ်တကူ လက်ခံဖို့ ဝန်လေးတတ်ကြသူလေးတွေပါ
အရာရာတိုင်းကို လက်တွေ့ကျကျ ခံစားတွေးခေါ်တတ်ပြီး အခြားသူတွေရဲ့ အတွေးအမြင် ပြောဆိုမှုတွေကို အချင်းများတာ ငြင်းဆန်တာမျိုး မရှိပေမယ့် ဆိတ်ဆိတ်နေတိုင်း ဝန်ခံတတ်တဲ့ သဘော မရှိကြတာကလည်း သူတို့လေးတွေရဲ့ ထူးခြားချက် တစ်ခုပါ။-
- ဆုံးဖြတ်နိုင်စွမ်း မြင့်သူလေးတွေပါ
အရာရာတိုင်း အခြေအနေတိုင်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို အေးအေးဆေးဆေး ချမှတ်နိုင်စွမ်းကလည်း အလတ်လေးတွေရဲ့ မွေးရာပါ အားသာချက်ပါ။ သူတို့လေးတွေဟာ အောင်မြင်လိုစိတ် ပြင်းပြကြပေမယ့် အခြေအနေတိုင်းကို အေးဆေးစွာ တွေးတောပြီး အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စွမ်းကောင်းကြပါတယ်။
- သူငယ်ချင်းတွေကို ချစ်ခင်တတ်သူလေးတွေပါ
မိသားစုတွေထဲမှာ ဖာသိဖာသာ နေတတ်ပေမယ့် အလတ်လေးတွေက သူငယ်ချင်းတွေ မိတ်ဆွေတွေကိုတော့ ပွင့်လင်းစွာ ဆက်ဆံတတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကို ပုံမှန်ထက် ပိုမို ခင်တွယ်တတ်ကြပါတယ်။ –
- ဟာသဉာဏ်ရွှင်ကြသူလေးတွေပါ
အလတ်လေးတွရဲ့ နောက်ထပ် စွမ်းရည်တစ်ခုက သူရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို ပျော်အောင် ထားနိုင်စွမ်းလည်း မြင့်မားကြတာပါ။ ကိုယ်တိုင်က စိတ်ညစ်နေရင်တောင် အနီးဝန်းကျင်ကသူတွေကို ပျော်ရွှင်နေစေဖို့ ဟာသတွေကို ပြောတတ်ကြတဲ့ အရည်အသွေးတစ်ခုကလည်း မွေးရာပါပါလာတတ်ကြပါသတဲ့။
- ဂရုစိုက်ပေးတတ်ကြသူလးတွေပါ
အလတ်လေးတွေက သူတို့ချစ်ခင်ရသူ တစ်ဦးချင်းစီတိုင်းရဲ့ အသေးစိတ် လိုအပ်ချက်လေးတွေကို မြင်တတ်ကြသလို သေချာလေးလည်း ဖြည့်ဆည်းပေးတတ်ကြပါတယ်။ ကိုယ့်အရေးထက် ချစ်ရသူတွေအရေးကို ပိုဂရုစိုက်တတ်ကြပြီး ချစ်ပေးတတ်ကြသူလေးတွေပါ။
Every child is special ဆိုတဲ့အတိုင်း ကလေးတိုင်းမှာ မတူတဲ့ ကိုယ်ရည်ကိုယ်သွေး ကိုယ်စီကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် မေမေဖေဖေတို့ကို အသိပေးချင်တာက မတူတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့အတွက် အကောင်းဆုံး ပျိုးထောင်လိုက်ဖို့ပါ။