ကလေးတစ်ယောက်ဆိုတာက ပုံမှန်အချိန်ကာလတစ်ခုရမှသာ ကောင်းစွာဖွံ့ဖြိုးနိုင်ပြီး ကျန်းမာစွာ ဖွားမြင်လာနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကလေးက ပေါင်မပြည့်ဘဲ လမစေ့ဘဲ မွေးဖွားမယ်ဆိုရင် ကျန်းမာစွာ ကြီးပြင်းလာစေဖို့ မိသားစုတွေအနေနဲ့ အတော်လေးကို ဂရုစိုက်ရမယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့် ကြိုတင် ရှောင်ကြဉ်လို့ရတဲ့ အချက်လေးတွေကို ရှောင်ကြဉ်လို့ ရနိုင်စေဖို့ ဘယ်လို အခြေအနေတွေက ပေါင်မပြည့် လမစေ့ဘဲမွေးဖွားတာကို ဖြစ်စေနိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ဘယ်လိုအခြေအနေကို ပေါင်မပြည့် လမစေ့ဘဲမွေးဖွားတယ်လို့ ဆိုနိုင်လဲ!
ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် ၃၇ ပတ်မတိုင်ခင်မှာ မွေးဖွားတာကို လမစေ့ဘဲမွေးဖွားခြင်းလို့ သတ်မှတ်နိုင်ပြီး ကလေးက မွေးစမှာ ကိုယ်အလေးချိန် ၂.၅ kg ထက်နည်းနေတာကိုတော့ ပေါင်မပြည့်ဘဲမွေးဖွားခြင်းလို့ သတ်မှတ်လို့ ရပါတယ်။ နှစ်စဉ် ကလေးငယ် ၁၅ သန်းလောက်ဟာ လမစေ့ဘဲမွေးဖွားကြရပြီး သန်း ၂၀ ထက် မနည်းတဲ့ ကလေးငယ်လေးတွေဟာ ပေါင်မပြည့်ဘဲ မွေးဖွားကြတယ်လို့ သိရပါတယ်။
လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းက မွေးကင်းစကနေ အသက် ၅ နှစ်အောက် ကလေးငယ်လေးတွေမှာ မသန်စွမ်းမှုကို ခံစားရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေကို ခံစားရစေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားတာက အရွယ်ရောက်လာချိန်မှာ အဝလွန်တာနဲ့ ဆီးချိုလိုမျိုး ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။
ပေါင်မပြည့်လမစေ့ မွေးဖွားစေရတဲ့ အကြောင်းအရင်း
ပေါင်မပြည့်လမစေ့ မွေးဖွားစေရတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမက ရှိနေနိုင်ပါတယ်။
- ကလေးရဲ့ ကြီးထွားမှုကို ကန့်သတ်မှုတွေ ရှိနေတာ – ကလေးက ကိုယ်ဝန်ဆောင်ကာလမှာ ကြီးထွားသင့်သလောက် မကြီးထွားရဘဲ ရှိနေတာကြောင့်ပါ။
- မိခင်မှာ ကျန်းမာရေးပြဿနာ ရှိနေတာ – မိခင်မှာ သွေးတိုးရောဂါ၊ သွေးအားနည်းရောရါ၊ ငှက်ဖျားလိုမျိုး ကူးစက်ရောဂါတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားနေရမယ်ဆိုရင်လည်း ပေါင်မပြည့်လမစေ့ဘဲ မွေးဖွားနိုင်ခြေကို တိုးစေနိုင်ပါတယ်။
- အရင်က လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားဖူးတာ – မိခင်က အစောပိုင်းကိုယ်ဝန်တုန်းက လမစေ့ပေါင်မပြည့်ဘဲ မွေးဖွားဖူးမယ်ဆိုရင်လည်း လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားနိုင်ခြေကို တိုးစေနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်ကာလ နေထိုင်စားသောက်မှုပုံစံ – ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာ၊ အာဟာရချို့တဲ့တာ၊ ပရိုတင်းလုံလောက်အောင် မစားသုံးတာ၊ အဝလွန်တာ၊ ဆေးလိပ်သောက်သုံးတာ၊ အရက်သောက်တာတွေကလည်း လမစေ့ပေါင်မပြည့်ဘဲ မွေးဖွားနိုင်ခြေကို တိုးစေနိုင်ပါတယ်။
- အသက်အရွယ် – အသက်ငယ်လွန်းချိန်မှာ ကိုယ်ဝန်ဆောင်ရတာ (အသက် ၁၇ နှစ် မတိုင်ခင်) အသက်အရမ်းကြီးမှ ကိုယ်ဝန်ဆောင်ရတာ (အသက် ၃၅ နှစ်ကျော်မှ) ကလည်း လမစေ့ပေါင်မပြည့်ဘဲမွေးဖွားနိုင်ခြေကို တိုးစေနိုင်ပါတယ်။
- စိတ်ဖိစီးမှု များလွန်းတာ – ကိုယ်ဝန်ဆောင်ကာလမှာ မိခင်က စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားရမယ်ဆိုရင်လည်း လမစေ့ပေါင်မပြည့်ဘဲ မွေးဖွားနိုင်ခြေကို တိုးစေနိုင်ပါတယ်။
- အမြွှာကိုယ်ဝန် ဖြစ်နေတာ – မေမေက ၂မြွှာ ဒါမှမဟုတ် ၃ မြွှာလိုမျိုး အမြွှာကိုယ်ဝန်ဆောင်ထားရမယ်ဆိုရင်လည်း ပေါင်မပြည့်လမစေ့ဘဲ မွေးဖွားတာမျိုး ဖြစ်နိုင်ပါတယ်။
- ကလေးအရမ်းနီးတာ – ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မေမေရာ ကလေးပါ ကျန်းမာစေဖို့ဆိုရင် အနည်းဆုံး ၂ နှစ်လောက်တော့ ခြားသင့်ပါတယ်။ တကယ်လို့ ပထမကိုယ်ဝန်နဲ့ ဒုတိယကိုယ်ဝန်ကြားမှာ ကာလအနေနဲ့ ၂ နှစ်မပြည့်တဲ့အခါမျိုးမှာလည်း ပေါင်မပြည့် လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
ဘာတွေဖြစ်နိုင်လဲ!
လမစေ့ ပေါင်မပြည့်ဘဲမွေးဖွားတာကက ချက်ချင်းမြင်သာတဲ့ အကျိုးဆက်အနေနဲ့ဆိုရင် အဆုတ်ကောင်းစွာ မဖွံ့ဖြိုးတာ၊ ကိုယ်အပူချိန်ကို ထိန်းညှိဖို့ခက်တာ၊ မိခင်နို့တိုက်ကျွေးဖို့ ခက်ခဲတာ၊ ကူးစက်ရောဂါတွေ အလွယ်တကူ ကူးစက်ခံရတာတွေကို ခံစားရနိုင်ပါတယ်။ အသက် ၅ နှစ်အောက် ကာလတွေမှာ ကလေးမှာ မွေးရာပါကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးနိုင်ခြေကို ပိုတိုးစေနိုင်ပါတယ်။
ရေရှည်မှာဆိုရင်လည်း ကလေးမှာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ အဝလွန်တာ၊ ဆီးချိုလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ကာကွယ်လို့ရော ရလား!
လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားတာကို ကာကွယ်ဖို့ဆိုရင် အခုလို နည်းလမ်းတွေနဲ့ ကာကွယ်လို့ ရပါတယ်။
- ပုံမှန် ကျန်းမာရေး စစ်ဆေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးခန်းကို မှန်မှန်ပြပြီး ကလေးရဲ့ ကြီးထွားမှုနဲ့ မိခင်ကျန်းမာရေးကို သေချာလေး စစ်ဆေးစောင့်ရှောက်မှု ခံယူပါ။
- ကျန်းမာရေးနဲ့ ညီညွတ်အောင် နေပါ – ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်နဲ့ မူးယစ်ဆေးတွေကို ရှောင်ကြဉ်ပါ။ အာဟာရပြည့်ဝမျှတအောင် စားပါ။ ကိုယ်အလေးချိန်ကို သေချာလေး ထိန်းသိမ်းပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားတဲ့ ကလေးကို သေချာလေး ဂရုစိုက်ပေးမယ်။ ကလေးကို မွေးဖွားပြီး ချိန်မှာလည်း ကလေးကို သားပိုက်ကောင်မိခင်ကဲ့သို့ စောင့်ရှောက်ခြင်း Kangaroo Mother Care (KMC) နဲ့ အသားချင်းထိကပ်ပြီး သေချာလေး စောင့်ရှောက်ပေးမယ်ဆိုရင် ကလေးက ကျန်းမာစွာနဲ့ ကြီးပြင်း အရွယ်ရောက် လာမှာပါ။ ဒီလို စောင့်ရှောက်ရာမှာ မေမေတင် မဟုတ်ဘဲ တစ်မိသားစုလုံးက ပါဝင် ဂရုစိုက်ဖို့ လိုပါမယ်။





