ဘေဘီလေးတွေက နုနယ်လွန်းတဲ့အရွယ်ဆိုတာကို ပြောပြနေစရာမလိုအောင် လူတိုင်း သိထားပြီးဖြစ်မှာပါ။ နုနယ်တဲ့ဘေဘီလေးတွေက ထိခိုက်လွယ်ကြမယ်ဆိုတာကလည်း ပြောစရာမလိုအောင်ပါ။ ဒါကြောင့် ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်ထားချိန်မှာကတည်းက သတိထားရမယ့် အချက်လေးရှိပါတယ်။ ဒါကတော့ တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုမရှိအောင်နေတာပါပဲ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ့်ကလေးကို ဆေးလိပ်ငွေ့ကြောင့် ထိခိုက်မှု ကင်းစေဖို့ရာ ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ
စီးကရက်ကို မီးညှိထားတာကြောင့်ထွက်လာတဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှုထုတ်လိုက်တဲ့ အငွေ့တွေပေါင်းစပ်ပြီး တဆင့်ခံဆေးလိပ်ငွေ့ဖြစ်လာရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်းအမျိုးပေါင်း ၇၀၀၀ ကျော်ပါဝင်နေပြီး ဒီဓါတုပစ္စည်းတွေထဲက ရာပေါင်းများစွာက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အမျိုးပေါင်း ၇၀ လောက်က ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒီအငွေ့တွေဟာ လေထုထဲမှာ ၄ နာရီလောက်ထိရှိနေနိုင်ပြီး စက္ကန့်တိုင်း မိနစ်တိုင်းမှာ ကျန်းမာရေးကို ဒုက္ခပေးနေပါတယ်။
ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပိုခံစားကြရပါတယ်
ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက်တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပိုခံစားကြရပါတယ်။ အကြောင်းကတော့ ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် အသက်ရှုနှုန်း ပိုမြန်တာကြောင့် တဆင့်ခံဆေးလိပ်ငွေ့ကို ရှုသွင်းမိနှုန်းက အရွယ်ရောက်ပြီးသူတွေထက် ပိုများနေတာကြောင့်ပါ။
အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်မှာ ၁၄ ကြိမ်ကနေ ၁၈ ကြိမ်လောက်အထိပဲ အသက်ရှုကြတယ်ဆိုပေမယ့် မွေးကင်းစကလေးငယ်တွေ နဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေက တစ်မိနစ်မှာ အကြိမ် ၆၀ လောက်အထိ အသက်ရှုကြပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ အဆုတ်ကလေးထဲကို တဆင့်ခံဆေးလိပ်ငွေ့တွေရောက်ရှိသွားနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။
ကြီးထွားဖွံ့ဖြိုးနေတဲ့ ဘေဘီလေးကို တဆင့်ခံဆေးလိပ်ငွေ့ရဲ့ ထိခိုက်မှု
တဆင့်ခံဆေးလိပ်ငွေ့ ဘေဘီလေးကိုထိတွေ့မိမှမဟုတ်ပါဘူး။ မေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက မေမေကထိတွေ့မိထားမယ်ဆိုရင်လည်း ကလေးမှာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ ဘေဘီလေးမှာလည်း အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ ထိတွေ့မိနိုင်ပါတယ်။ ဒီလိုထိတွေ့မိတာကြောင့်
- ကိုယ်ဝန်ပျက်ကျတာ
- လမစေ့ဘဲ ကလေးမွေးဖွားတာ
- ပေါင်မပြည့်တာ
- မွေးကင်းစကလေး ရုတ်တရက်သေဆုံးတာ
- သင်ယူမှုပိုင်းမှာ အားနည်းတာ
- အာရုံစူးစိုက်နိုင်စွမ်းနည်းတာ
- တက်ကြွလွန်ရောဂါ (ADHD) ကိုခံစားရတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ့က ကိုယ်တိုင်ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ဖို့လိုသလို တဆင့်ခံဆေးလိပ်ငွေ့ကို တတ်နိုင်သမျှရှောင်ဖို့လိုပါမယ်။
ဘေဘီလေးက တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ
ဘေဘီလေးအနေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတာကြောင့်
- မွေးကင်းစကလေးငယ်ရုတ်တရက်သေဆုံးတာ (SIDS)
- နားပိုးဝင်ကူးစက်တာ
- ချောင်းဆိုးတာ
- လေနာရောဂါ
- အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေခံစားရတာ
- ကိုယ်ခံအားနည်းတာ
- သွားတွေထိခိုက်ပျက်စီးတာ
- အမြင်အာရုံထိခိုက်တာ
- ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် တဆင့်ခံဆေးလိပ်ငွေ့ကို ကာလရှည်ကြာထိတွေ့မိမယ်ဆိုရင် ဘေဘီလေးမှာ နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။
တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်တဲ့နေရာတွေက
နေရာတိုင်းမှာ တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်တယ်ဆိုပေမယ့် ဘေဘီလေးကို တဆင့်ခံဆေးလိပ်ငွေ့အများဆုံး ထိတွေ့မိနိုင်ခြေအများဆုံးရှိတဲ့ နေရာတွေကတော့
- အငှားကား
- ဘတ်စ်ကား
- မူကြိုကျောင်း
- ဆွေမျိုးတွေရဲ့ အိမ်
- စားသောက်ဆိုင်
- ပန်းခြံ
- ဈေးဝယ်စင်တာနဲ့
- ကစားကွင်းလိုနေရာတွေပါ။
တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်ခြေကို ဘယ်လိုလျှော့ချမလဲ
ဘေဘီလေးကို တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်ခြေ လျှော့ချနိုင်စေဖို့ဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။
- အိမ်ထဲမှာ ဆေးလိပ်မသောက်ပါနဲ့
- ပြတင်းတံခါးတွေဖွင့်ထားပါ
- လေသန့်စက်အသုံးပြုပါ
- ကားထဲမှာ ဆေးလိပ်မသောက်ပါနဲ့
- ဆေးလိပ်သောက်နေသူတွေနဲ့ ဝေးဝေးနေပါ
- ဈေးဝယ်စင်တာတွေကို ခေါ်မသွားပါနဲ့။
Lotoshinn ရဲ့ စကားလက်ဆောင်
ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွေနဲ့ အကောင်းဆုံးဖွံ့ဖြိုးစေဖို့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ချိန်ကစလို့ အရွယ်ရောက်တဲ့ ကာလတွေအထိမှာ တတ်နိုင်သမျှ တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မိနိုင်ခြေကို လျှော့ချ ပေးခြင်းက ကလေးကို စိတ်ရောကိုယ်ပါ ကျန်းမာစွာနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့ ထောက်ကူပေးနေတာပါပဲ။