ရေအသက် တစ်မနက်ဆိုတဲ့အတိုင်း သောက်ရေက သက်ရှိတွေ ရှင်သန်ဖို့အတွက် အရေးပါသလို ရေသောက်တာကနေလည်း ကျန်းမာရေး ကောင်းကျိုးတွေ ရနေပါတယ်။ ဘယ်လို ကောင်းကျိုးလေးတွေရနေလဲဆိုတာကို သိချင်သွားပြီလား! ဒါဆိုရင်တော့ သောက်ရေ ကပေးတဲ့ ကျန်းမာရေး အကြောင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။
ခန္ဓာကိုယ်အတွက် သောက်ရေရဲ့ အရေးပါမှု အတိုင်းအတာ
ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ သောက်ရေ ကို လုံလောက်စွာ သောက်သုံးမိမှာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်သလို ဦးနှောက်ကစလို့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းကောင်း လည်ပတ်နိုင်မှာပါ။ ဒါကြောင့် ကျန်းမာတဲ့ လူတစ်ယောက် အနေနဲ့ တစ်နေ့ကို အနည်းဆုံးတော့ ရေ ၈ ခွက်သောက်ပါလို့ အကြံပြုနေကြတာပေါ့။
တစ်နေ့ကို ရေဘယ်နှခွက်သောက်သင့်လဲ……
သင်က ပကတိကျန်းမာနေသူတစ်ဦးဖြစ်မယ်။ ပြောချင်တာကတော့ ကျောက်ကပ်ရောဂါရှိမနေဘူးဆိုရင် တစ်နေ့ကိုအနည်းဆုံးရေ ၈ ခွက်သောက်သင့်ပါတယ်။ ဒီထက်ပိုသောက်လို့လည်းရပါတယ်။ တကယ်လို့ ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပေးပါ။
သောက်ရေ ကပေးတဲ့ ကျန်းမာရေး
နေ့ရက်တိုင်းမှာ မောလို့၊ အာခြောက်လို့၊ အိပ်ငိုက်လို့၊ ပူလို့ စသဖြင့် လိုအပ်ချက် အမျိုးမျိုးကြောင့် သောက်နေကြတဲ့ သောက်ရေ က အခုလို ကျန်းမာရေး ကောင်းကျိုးတွေကို ပေးစွမ်းနိုင်ပါသတဲ့ –
အဆစ်တွေ နာကျင်မှု ကင်းစေမယ်
အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ ရာခိုင်နှုန်းလောက် အထိကို ရှိနေပြီး ဒီလိုရှိနေခြင်းကပဲ အဆစ်တွေကို လှုပ်ရှားရ လွယ်စေသလို အဆစ်တွေ တောင့်တင်းတာ၊ နာကျင်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကို်က အဆစ်လေးတွေ ကျန်းမာစေချင်တယ်ဆိုရင် ရေဝဝသာသောက်ပါ။
တံထွေး ထွက်စေမယ်
တံထွေးက အစာကြေစေပြီး ခံတွင်းကျန်းမာရေးအတွက် ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်တဲ့ ဇာတ်လိုက်ပါ။ ဒီလိုမျိုး အရေးပါတဲ့ တံထွေးထွက်လာအောင် ထောက်ပံ့ပေးတာက သောက်သုံးလိုက်တဲ့ သောက်ရေပါ။ ဒါတင်မကသေးပါဘူး။ တံထွေးက ခံတွင်း၊နှာခေါင်း နဲ့ မျက်လုံးကို အစိုဓာတ်ရစေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။
ကိုယ်တွင်း အောက်ဆီဂျင် စီးဆင်းမှု ကောင်းစေမယ်
ကိုယ်တွင်းမှာ လှည့်ပတ်စီးဆင်းနတဲ့ သွေးရဲ့ ၉၀ ရာခိုင်နှုန်းကို ပါဝင်ဖွဲ့စည်းထားတဲ့အရာက ရေပါ။ သွေးက အောက်ဆီဂျင်ကို ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို ပို့ဆောင်ပေးတာပါ။ ဒါကြောင့် သွေးစီးဆင်းမှု ကောင်းမွန်ချင်တယ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကောင်းချင်တယ်ဆိုရင် ရေသောက်ဖို့ မမေ့ပါနဲ့။
အသားအရေ လှစေမယ်
အသားခြောက်တာက ရေဓာတ်မပြည့်ဝလို့ပါ။ တစ်နည်းပြောရရင် ရေသောက်နည်းလို့ပေါ့နော်။ ဒါကြောင့် အသားအရေကို အရေးအကြောင်းကင်းပြီး တင်းရင်းလှပစေဖို့နဲ့ အမာရွတ်တွေ ကင်းစေဖို့ဆိုရင် သောက်ရေကို လုံလုံလောက်လောက် သောက်ပေးပါ။
ဦးနှောက် ကျန်းမာစေမယ်
ရေသောက်နည်းတာ အတွေးရကျပ်စေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ကောင်းဖို့နဲ့ အတွေးစိတ်ကူးတွေ ဆန်းသစ်စေဖို့ ရေသောက်ပေးပါ။ ခေါင်းထဲမှာ ဘာမှတွေးမရအောင် ဖြစ်နေပြီဆိုရင် ရေအေးအေးတစ်ခွက် အရင်သောက်ချပြီးမှ ကျန်တာကို ဆက်လုပ်ပါ။
ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးမယ်
နေပူနေချိန်မှာ ချွေးတွေ ထွက်လာပြီး ကိုယ်အပူချိန်ကို ထိန်းညှိနိုင်မှ အပူလျှပ်တာမျိုး ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ ဘာကြေင့် ဒီလိုပြောရတာလဲ ဆိုတော့ ခန္ဓာကိုယ်က ရေကို အရေပြားရဲ့အတွင်းလွှာမှာ သိမ်းဆည်းထားပါတယ်။ ကိုယ်အပူချိန် မြင့်တက်လာတဲ့အခါ ဒီသိမ်းဆည်းထားတဲ့ ရေတွေက ချွေးအဖြစ်နဲ့ထွက်လာပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ကိုယ်အပူချိန်ကို ထိန်းဖို့ဆိုရင် ရေကို လုံလောက်အောင် သောက်ဖို့ လိုပါမယ်။
အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ်
အူမကြီးက သူ့တာဝန်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ဆိုရင် ရေလုံလောက်အောင် သောက်ဖြစ်ဖို့ လိုပါမယ်။ ရေလုံလောက်အောင် သောက်မိမှ ဝမ်းချုပ်တာကင်းမှာ ဖြစ်သလို အစာမကြေတာနဲ့ ရင်ပူတာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။ ဒ
ကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားပေးမယ်
ရေလုံလောက်အောင် သောက်ပေးတာက ချွေး၊ ဆီး၊ ဝမ်းတို့ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မယ့် နည်းလမ်းပါ။ ဒါကြောင့် ကိုယ်တွင်းအဆိပ်အတောက် ကင်းချင်တယ်ဆိုရင် ရေလုံလောက်အောင် သောက်ပါ။
သွေးတိုး ထိန်းပေးမယ်
ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက သွေးကိုပျစ်စေပြီး သွေးပေါင်ချိန်ကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတာကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ထိန်းချင်ရင် ရေလုံလောက်အောင် သောက်ပါ။
အသက်ရှုလမ်းကြောင်း ကျန်းမာစေမယ်
ရေသောက်နည်းတာက အသက်ရှုလမ်းကြောင်းထိခိုက်နိုင်ခြေ များသလို ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကိုပိုဖြစ်စေနိုင်ပါတယ်။
ကျောက်ကပ် ကျန်းမာစေမယ်
ကျောက်ကပ်က ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးဖို့ နဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့ ခန္ဓာကိုယ် ပြင်ပဆီကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်လေးတွေက သူတို့တာဝန်တွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ဆိုရင် ရေလုံလောက်အောင် သောက်ဖို့ လိုပါမယ်။
နောက်ပြီး ရေသောက်နည်းတာက ကျောက်ကပ်မှာ ကျောက်တည်တာ အပါအဝင် အမျိုးမျိုးသော ကျောက်ကပ်ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
ဝိတ်ကျစေမယ်
ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ရေများများ သောက်ပါလို့ ပြောချင်ပါတယ်။ အကြောင်းကတော့ ရေသောက်တာက ကိုယ်အလေးချိန်ကျဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်လို့ပါ။ အစားမစားခင် ရေသောက်ခြင်းက အများကြီးမစားမိအောင် ကာကွယ်ပေးပြီး ကိုယ်အလေးချိန်ကို ထိန်းပေးမှာပါ။
တစ်နေ့တာမှာ အမောပြေစေဖို့၊ အစပ်ပြေစေဖို့ စသဖြင့် အမျိုးမျိုးသော လိုအပ်ချက် အကြောင်းအရင်းတွေအတွက် သောက်ကြတဲ့ သောက်ရေက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုနိုင်တယ်ဆိုတော့ ဘာမှမစဉ်းစားနဲ့တော့နော်။ အခုကစပြီး သတိလေးထားလို့ ရေကို တစ်နေ့ အနည်းဆုံး ၈ ခွက်တော့ သောက်ဖြစ်အောင်သောက်ပါလို့ တိုက်တွန်းလိုက်ပါရစေနော်။