ဒီဘက်ခေတ်လို့ ဆိုရမယ့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကာလတွေမှာ အမျိုးသားတွေတင် မဟုတ်တော့ဘဲ လေဒီလေးတွေပါ ဆေးလိပ်ကို စိတ်အပန်းဖြေစရာ တစ်ခု အနေနဲ့ တော်တော်လေး သောက်သုံး လာကြတာကို တွေ့လာရပါတယ်။ ဆေးလိပ်သောက်တာက စိတ်အပန်းပြေစေပြီး ဖန်တီးနိုင်စွမ်း ကောင်းစေတယ်ဆိုတဲ့ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ ဆေးလိပ်ကို သောက်သုံးလာကြတာပါ။
တကယ်တော့ ဆေးလိပ် သောက်တာက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ် ဆိုတဲ့ စကားကို ငယ်စဉ်ကတည်းကကြားဖူးခဲ့မယ် ထင်ပါတယ်။ ဒီတော့ မသောက်ဖူသေးရင် ဆေးလိပ်ကို လုံးဝ မစမ်းသပ်မိအောင် နေပြီး သောက်မိ စမ်းမိပြီးပြီဆိုရင်လည်း အကောင်းဆုံးက မြန်နိုင်သမျှ မြန်မြန် ဆေးလိပ် ဖြတ်တာပါ။
ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ဘာတွေများ ထူးလာမှာမို့လဲလို့ တွေးနေမိနိုင်ပါတယ်။ ဆေးလိပ် ဖြတ်ခြင်းက ကျန်းမာရေးကို ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်သလဲ ဆိုတာကို တလက်စတည်း ဆက်ပြောပြပေးချင် ပါတယ်။
ဆေးလိပ်ဖြတ်တာက ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ကယ်တင်တာပါ
ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ဆေးလိပ်ငွေ့က ဆေးလိပ်သောက်သူကိုရော တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိသူတွေကိုပါ ပြင်းထန်ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေလို့ပါပဲ။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ငွေကုန်ကြေးကျ သက်သာရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်မှာလည်း ကျန်းမာရေး သိသိသာသာ ကောင်းလာမှာပါ။ ဆေးလိပ် ဖြတ်လိုက်ချိန် ကနေစပြီး တစ်ရက်ပြီး တစ်ရက် ပိုကျန်းမာလာတာကို တွေ့ရမယ် ဆိုတာ အသေအချာပါ။ ဆေးလိပ် ဖြတ်လိုက်ပြီဆိုရင် အခုလို ရလဒ်ကောင်းလေးတွေကို ခံစားရမှာပါ။
- အနံ့အရသာ ခံနိုင်စွမ်း ပိုကောင်းလာမယ်
ဆေးလိပ်က နှာခေါင်းနဲ့ ပါးစပ်တွင်းက အာရုံခံနိုင်တဲ့ ဆဲလ်လေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဆေးလိပ် ဖြတ်ပြီး ၂ ရက်အတွင်းမှာ အနံ့အရသာ ခံနိုင်စွမ်း သိသိသာသာ ကောင်းလာပါလိမ့်မယ်။
- နီကိုတင်း စွဲလမ်းမှု ကင်းသွားမယ်
ဆေးလိပ် ဖြတ်ပြီး တစ်လလောက် ကြာတဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေက ပုံမှန် အခြေအနေကို ပြန်ရောက်သွားပြီး နီကိုတင်း စွဲလမ်းမှု လုံးဝ ကင်းစင်သွားပါလိမ့်မယ်။
- သွေးလည်ပတ်မှု ကောင်းလာမယ်
ဆေးလိပ် ဖြတ်ပြီး ၂ ပတ် ကနေ ၁၂ ပတ်တာ ကာလအတွင်း ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းလာပြီး ရုတ်တရက် နှလုံးရပ်နိုင်ခြေ တော်တော်လေး နည်းသွားပါလိမ့်မယ်။ အမောလည်း ခံနိုင်လာပါလိမ့်မယ်။
- ခန္ဓာကိုယ်မှာ အားရှိလာမယ်
အသက်ရှုရတာ ပိုကောင်းလာတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်တာနဲ့အတူ ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင် ပမာဏ တိုးလာတာကြောင့် အားပြည့်နေစေမှာပါ။
- ကိုယ်ခံအား ပိုကောင်းလာမယ်
ကိုယ်တွင်းမှာ သွေးစီးဆင်းမှု ကောင်းလာတာ၊ အောက်ဆီဂျင် ပမာဏ များလာတာတွေကြောင့် ကိုယ်ခံအား ကောင်းလာပါလိမ့်မယ်။ နာဖျားလွယ်မှုကနေ ကင်းစင်လာပါလိမ့်မယ်။
- သွား နဲ့ ခံတွင်း ကျန်းမာလာမယ်
သွားတွေ အရောင်ပြောင်းတာ၊ ခံတွင်းနံ့ ဆိုးတာတွေ နဲ့ ခံတွင်းမှာ ပိုးဝင်ကူးစက်တာ မျိုးဖြစ်နိုင်ခြေ တော်တော်လေး နည်းသွားပါလိမ့်မယ်။ တစ်ပတ်အတွင်း ခံတွင်း ကျန်းမာရေး ကောင်းလာပါလိမ့်မယ်။
- ကင်ဆာဖြစ်နိုင်ခြေ နည်းသွားမယ်
ဆေးလိပ် ဖြတ်တာကြောင့် အဆုတ် ကင်ဆာ၊ ကျောက်ကပ် ကင်ဆာ၊ ဆီးအိတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ အစာရေမြို ကင်ဆာ ဖြစ်နိုင်ခြေတွေ သိသိသာသာ လျော့ကျ သွားပါလိမ့်မယ်။
ဆေးလိပ်ဖြတ်တာက နေ့စဉ်ဘဝမှာ ပိုပြီး ကျန်းမာလာစေဖို့ ထောက်ကူပေးနိုင်မယ့်အပြင် အခုလို ကောင်းကျိုးတွေကိုလည်း ရရှိစေမှာ ဖြစ်တာကြောင့် ဆေးလိပ်ဖြတ်သင့်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဆေးလိပ်ဖြတ်လိုက်တာက ငွေကုန်ကြေးကျလည်း သက်သာ ကျန်းမာရေးလည်းကောင်း ချစ်ရသူတွေနဲ့လည်း သက်ဆုံးတိုင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ရော၊ ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ကိုပါအများကြီး ထောက်ကူပေးနိုင်မှာပါ။ ဆေးလိပ် ဖြတ်သင့်တယ် မထင်မိဘူးလား။ ဆေးလိပ် ဖြတ်တာက ကိုယ်တိုင် အတွက်ရော ပတ်ဝန်းကျင် အတွက်ပါ ကောင်းတဲ့ အချက် ဖြစ်တာကြောင့် ဆေးလိပ်ဖြတ်တာက ကောင်းတယ်လို့ ပြောရတာပါ။