သွေးတိုးလို့ ပြောလိုက်ရင် ခပ်ပေါ့ပေါ့လို့ ယူဆကြသူက ခပ်များများပါ။ သွေးတိုးများ အသက်သေနိုင်တာမှ မဟုတ်တာဆိုတာမျိုးကို တော်တော်များများက မှတ်ယူထားကြတာကိုလည်း တွေ့ရပါတယ်။ တကယ်ကတော့ သွေးတိုးက နာတာရှည် ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်သလို ရုတ်တရက်သေဆုံးနိုင်ခြေကို များစေနိုင်တာကြောင့် အသံတိတ်လူသတ်သမားလို့တောင် သတ်မှတ်ထားရတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ သွေးတိုးရောဂါအကြောင်းလေးလည်းပြောပြရင်း တော်တော်များများ ယူဆထားတဲ့ သွေးတိုးဆိုတာက အငန်စားလို့ဖြစ်ရတာပါဆိုတာလေးကို ရှင်းပြပေးချင်ပါတယ်။
သွေးတိုးဆိုတာ ဘာလဲ!
သွေးတိုးဆိုတာက ပုံမှန်ထက်သွေးပေါင်ချိန် မြင့်တက်နေတဲ့ အခြေအနေပါ။ အအခြေအနေတစ်ရပ်ရပ်ကြော်င့ သွေးကြောတွေထဲမှာ သွေးတွေက ပုံမှန်အခြေအနေထက် တွန်းကန်စီးဆင်းနေရတဲ့ အနေအထားမျိုးပါ။ သွေကြောနံရံတွေ တောင့်တင်းတာ ကျုံ့တာတွေရဲ့ အကျိုးဆက်တစ်ရပ်ပါ။ ပုံမှန်အာဖြင့် သွေးပေါင်ချိန်က 130/80 နဲ့အထက် ဖြစ်နေမယ်ဆိုရင်တော့ သွေးတိုးနေပြီလို့ ဆိုရပါမယ်။ သွေးတိုးတာက အခြားနာတာရှည် ကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်သလို သွေးတိုးရှိနေတာကို ဂရုမစိုက်ဘဲ ထားမိရာကနေလည်း နှလုံးရောဂါ၊ လေဖြတ်တာနဲ့ အခြားပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။
အငန်စားရင် သွေးတိုးဖြစ်မှာလား!
အငန်စားရင် သွေးတိုးဖြစ်မှာလား! ဆိုတော့ အငန်စားတာ တစ်ခုတည်းကြောင့်တော့ သွေးတိုးဖြစ်စေတာ မဟုတ်ပါဘူး။ သွေးတိုးကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိနေပါတယ်။ နေ့စဉ်နေထိုင်စားသောက်မှုပုံစံကလည်း သွေးတိုးရောဂါ ခံစားရနိုင်ခြေအပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေပါတယ်။
ဆိုဒီယမ် အစားများပြီး ပိုတက်ဆီယမ်စားသုံးမှုနည်းတာကလည်း သွေးတိုးတာကို ဖြစ်စေနိုင်ပါတယ်။
ဒီတော့ ဘာတွေက သွေးတိုးတာကို ဖြစ်စေတာလဲဆိုရင်တော့ –
- အသက် ၅၅ နှစ်နဲ့ အထက်ဖြစ်လာတာ
- မျိုးရိုးရှိတာ
- ဆေးလိပ်သောက်တာ
- ဆေးရွက်ကြီးသုံးတာ
- အဝလွန်နေတာ
- အငန်ကဲတာတွေ စားတာ
- ကိုယ်လက်လှုပ်ရှားမှု လုံလောက်အောင် မလုပ်တာ
- အရက်အလွန်အကျွံသောက်တာ
- စိတ်ဖိစီးစရာများလွန်းနေတာတွေကြောင့်လည်း သွေးတိုးတာကို ဖြစ်စေနိုင်ပါတယ်။
| သွေးတိုးရောဂါ အမျိုးအစား | အပေါ်သွေး (mmHg) | နှင့်/ (သို့) | အောက်သွေး (mmHg) |
| ပုံမှန်သွေးပေါင်ချိန် | ၁၂၀ အောက် | နှင့် | ၈၀ အောက် |
| သွေးပေါင်ချိန်မြင့်နေတယ် | ၁၂၀ ကနေ ၁၂၉ | နှင့် | ၈၀ အောက် |
| သွေးတိုး အဆင့်-၁ | ၁၃၀ ကနေ ၁၃၉ | (သို့) | ၈၀ ကနေ ၈၉ |
| သွေးတိုး အဆင့်-၂ | ၁၄၀ (သို့) ၁၄၀ အထက် | (သို့) | ၉၀ (သို့) ၉၀ အထက် |
| ပြင်းထန်သွေးတိုးရောဂါ | ၁၈၀ (သို့) ၁၈၀ အထက်or | (သို့) | ၁၂၀ (သို့) ၁၂၀ အထက် |
| အရေးပေါ်သွေးတိုး အခြေအနေ | ၁၈၀ (သို့) ၁၈၀ အထက် နှင့် အခြားသော လက္ခဏာများ | (သို့) | ၁၂၀ (သို့) ၁၂၀ အထက် နှင့် အခြားသော လက္ခဏာများ |
သွေးတိုးရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ!
သွေးတိုးတာက ပုံမှန်အားဖြင့် လက္ခဏာ မပြတတ်ဘဲ နှစ်အတော်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ လူလတ်ပိုင်းတွေရဲ့ ၄၆%လောက်ဟာ သူတို့ကိုယ်သူတို့ သွေးတိုးရှိမှန်း မသိကြဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ချက်အရ သိရပါတယ်။
သွေးတိုးတာက ပြင်းထန်နေပြီဆိုရင်တော့ အခုလို လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
- စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေ ပြောင်းလာတာ
- ရင်ဘတ်အောင့်တာ
- မူးဝေတာ
- ဖောရောင်တာ
- နှလုံးခုန်သံ တရွှီရွှီ မြည်တာ
- ပုံမှန်ထက် ဆီးသွားနည်းတာ
- တက်တာ
- ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ
- အမြင်အာရုံ ပြောင်းလဲတာ
- လေဖြတ်ခြင်း အစောပိုင်းလက္ခဏာတွေ ခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။

သွေးတိုးကို ဘယ်လိုစီမံကြမလဲ!
သွေးတိုးက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပြီး သေချာလေး ဂရုစိုက်ကုသဖို့တော့ လိုပါမယ်။ တကယ်လို့ သွေးတိုးကို သေချာလေး ဂရုမစိုက်မိတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကျောက်ကပ်ပျက်စီးတာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ လေဖြတ်တာလိုမျိုး အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် သွေးတိုးရောဂါရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး ပြသပြီး သွေးပေါင်ချိန်ကို ထိန်းညှိတဲ့ဆေးကို နေ့တိုင်း မှန်မှန်လေး သောက်ပေးဖို့ လိုပါမယ်။ ဆေးကို သေချာမသောက်ဘူးဆိုရင်လည်း သွေးတိုးအပြင် ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေး အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။
သွေးတိုးရှိနေသူတွေအနေနဲ့ ကျန်းမာစေဖို့ နေ့စဉ်တိုင်းမှာ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့လိုပါမယ်။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ – ကိုယ်အလေးချိန် ရှိသင့်တာထက် များနေတာ၊ အဝလွန်နေတာတွေက သွေးတိုးတာကို ပိုဆိုးစေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းပါ။
- အငန်လျှော့စားပါ – နေ့စဉ်စားသုံးမှုမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေ၊ အချိုမှုန့်၊ ငပိ၊ ငါးခြောက်စတာတွေကို လျှော့စားပါ။ ဆားနဲ့ ငံပြာရည်လိုမျိုး အစားအစာတွေကိုလည်း လျှော့စားပါ။
- ရေလုံလုံလောက်လောက် သောက်ပါ -နေ့တိုင်းမှာ ရေကို ၂ လီတာကနေ ၃ လီတာလောက်အထိ သောက်ပေးပါ။ ဒီလို သောက်ပေးတာက သွေးလည်ပတ်မှု ကောင်းစေပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
- အသီးအရွက်တွေ စားပါ – နေ့စဉ်စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ အထူးသဖြင့် ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ငှက်ပျောသီး၊ ထောပတ်သီး၊ အာလူးတို့မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။
- ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ – နေ့စဉ်တိုင်းမှာ မိနစ် ၃၀ နဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပြီး တစ်ပတ်ကို ၅ ရက် တစ်ပတ်မှာ မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်း လုပ်ဖြစ်အောင် လုပ်ဖို့ လိုပါမယ်။
- ဆေးလိပ်ဖြတ်ပါ – ဆေးလိပ်သောက်တာက သွေးတိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုး တတ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ ဆေးရွက်ကြီးသုံးစွဲတာ၊ ဆေးပါတဲ့ ကွမ်းစားတာမျိုးကို ရှောင်ပါ။
- အရက်ဖြတ်ပါ – အရက်သောက်တာကလည်း သွေးတိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိမယ်ဆိုရင် အရက်ကို ဖြတ်ပါ။ မဖြတ်နိုင်ဘူးဆိုရင်တော့ လျှော့သောက်ပါ။
ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ပြဖို့ လိုမလဲ!
သွေးတိုးရှိမယ်ဆိုရင်တော့ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုလုပ်ဆောင်ဖို့ လိုပါမယ်။ သွေးတိုးက လက္ခဏာမ မပြတတ်သလို တစ်ယောက်နဲ့တစ်ယောက်မှာလည်း ခံစားရတဲ့ လက္ခဏာတွေက မတူကြပါဘူး။ သွေးတိုးကြောင့် ထိခိုက်တာမျိုး မဖြစ်ဘူးဆိုရင်တော့ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုသလို ကျန်းမာစေမယ့် အလေ့အထတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။
ဒါကြောင့် အိမ်မှာသွေးပေါင်ချိန်ကို အခါအားလျော်စွာ တိုင်းတာစစ်ဆေးပြီး ပုံမှန်ထက် သွေးပေါင်ချိန် မြင့်တက်နေတာမျိုး ဖြစ်မယ်ဆိုရင် လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ လိုပါမယ်။
တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်ဖြစ်မယ်ဆိုရင်တော့ သွေးပေါင်ချိန်က 160/100 mmHg ဒါမှမဟုတ် ဒီထက်ပိုများနေမယ်ဆိုရင်တော့ ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။
သွေးတိုးမဖြစ်အောင် ကာကွယ်လို့ရော ရလား!
သွေးတိုးရောဂါကို မဖြစ်စေဖို့ဆိုရင်တော့ နေ့စဉ်ဘဝမှာ အခုလို အလေ့အကျင့်လေးကို လိုက်နာဖို့ လိုပါမယ်။
- ပိုတက်ဆီယမ်ကြွယ်ဝတာတွေ စားပါ
- ဆိုဒီယမ်လျှော့စားပါ
- အရက်လျှော့သောက်ပါ။ ဖြတ်ပါ
- ဆေးလိပ်ဖြတ်ပါ
- သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီဓာတ်ကို လျှော့ချပါ
- စိတ်ဖိစီးမှုဖြေလျှော့ပါ
- အိပ်ရေးဝဝအိပ်ပါ
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
- ကိုယ်အလေးချိန်ထိန်းပါ
- ရေလုံလောက်အောင် သောက်ပါ
Lotoshinn ရဲ့ စကားလက်ဆောင်
သွေးတိုးရောဂါက နာတာရှည် ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး သေချာ ဂရုမစိုက်မိဘူးဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အပါအဝင် အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သေချာလေး ဂရုစိုက်ပြီး နေထိုင်စားသောက်မှုပုံစံတွေကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။





