Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား!

Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား!
Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား!

ဘေဘီလေးကို Screen Time လုံးဝမထားရှိတာက ထက်မြက်စွာနဲ့ ကြီးပြင်းလာစေဖို့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေမှာ ကောင်းမွန်စွာဖွံ့ဖြိုးရင်း အရွယ်ရောက်လာစေမယ်လို့ မေမေတွေအပါအဝင် ဘေဘီလေးကို ထိန်းကျောင်းနေရသူတွေက ယူဆလက်ခံထားကြပါတယ်။ ဒါပေမယ့် ဒါကတကယ်ပဲလား! ဘေဘီလေးမှာ Screen Time လုံးဝမရှိတာက ထက်ထက်မြက်မြက်နဲ့ ကြီးပြင်းလာစေမယ်ဆိုတာ သေချာရဲ့လား! ဆိုတာလေးကို ဆွေးနွေးချင်တာပါ။ 

ဘေဘီလေးတိုင်းလိုလိုမှာ Screen Time ရှိနေတတ်ကြပါတယ်

ဒစ်ဂျစ်တယ်ခေတ်မှာ ကြီးပြင်းရတဲ့ ကလေးတိုင်းလိုလိုမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ Screen Time ကရှိတတ်ကြပါတယ်။ ထမင်းမစားလို့ ဖုန်းထဲက ဗီဒီယိုလေးတွေ ပြတာကစလို့ အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ဘေဘီလေးတွေက အသက် ၁ နှစ်တောင် မပြည့်ခင်မှာ ဖုန်း ဒါမှမဟုတ် တက်ဘလက်ကြည့်ရင်း Screen Time ကတော့ ရှိလာကြတာပါပဲ။ 

လေ့လာမှုတွေအရ သိရတာကတော့ အသက် ၂ နှစ်အောက် ကလေးငယ်တွေမှာ Screen Time များတာက ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်ဆိုတာပါ။ ဒါကြောင့် ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တဲ့ ကလေးလေးအဖြစ် ကြီးပြင်းလာစေဖို့ဆိုရင် ၂ နှစ်မတိုင်ခင်မှာ မဖြစ်မနေ အခြေအနေမျိုးက လွဲလို့  Screen Time မထားရှိကြဖို့ အကြံပြုချင်ပါတယ်။ 

Screen Time က ဘေဘီလေးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူ မရပါဘူး

ဘေဘီလေးတစ်ယောက်ရဲ့ ပထမဆုံး ၂ နှစ်တာကာလက သင်ယူမှုအတွက်ရော ဖွံ့ဖြိုးမှုအတွက်ပါ အတော်လေး အရေးပါတဲ့ အချိန်ကာလ အပိုင်းအခြားပါ။ ဒီကာလမှာ ဘေဘီလေးက သူတို့ဘဝအတွက် လူမှုဆက်ဆံရေးမှာ အရေးပါတဲ့ အပြုအမူတွေကိုရော ဗဟုသုတတွေကိုပါ သင်ယူကြတာပါ။ ဒါကြောင့် ကလေးကို ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စွာနဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာစေဖို့ ဆိုရင် ဒီကာလမှာ Screen Time ထက် မိသားစုဝင်တွေ၊ ခင်မင်ရသူတွေနဲ့သာ အချိန်ကုန်ဆုံးစေတာက အကောင်းဆုံးဖြစ်မှာပါ။ 

ဦးနှောက်ဖွံ့ဖြိုးမှု – ပထမဆုံး ၂ နှစ်တာ ကာလလမှာ ဘေဘီလေးရဲ့ ဦးနှောက်က အမြန်ဆုံးဖွံ့ဖြိုးနေတဲ့ အရွယ်ပါ။ ဒါကြောင့် ဒီကာလမှာ ကလေးကို Screen Time အများကြီး ပေးထားတာက ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

လူမှုပေါင်းသင်းဆက်ဆံရေး – ကလေးရဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးအတွက် အရေးပါတဲ့ ၂ နှစ်တာ ကာလအတွင်းမှာ ကလေးကို Screen Time ပေးထားမယ်ဆိုရင် ကလေးရဲ့ ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေနိုင်ပါတယ်။

ဒါပေမယ့် ကလေးကို ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ ဗီဒီယိုကော ပေးပြောတာက ချစ်ခြင်းတွေ ပိုတိုးစေသလို ကလေးရဲ့ နေ့စဉ်ဘဝမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ဖြစ်စေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ဒါပေမယ့် အချိန်အတိုင်းအတာအနေနဲ့ကတော့ အသက် ၂ နှစ်အောက် ကလေးတွေကို ၁၀ မိနစ်ထက် နည်းတဲ့ ကာလအပိုင်းအခြားအနေနဲ့ပဲ ဗီဒီယိုကော ပေးပြောသင့်ပါတယ်။ 

သိပ္ပံနည်းကျ လေ့လာမှု ရလဒ်တွေအရ သိရတာက ဘေဘီလေးမှာ Screen Time များတာက ကလေးမှာ အခုလို ထိခိုက်မှုလေးတွေ ဖြစ်စေပါတယ်။ 

  • စကားပြောနောက်ကျတာ
  • လူမှုဆက်ဆံရေး အားနည်းတာ
  • အိပ်စက်မှုမှာ ထိခိုက်မှု ရှိနေတာ
  • သင်ယူနိုင်စွမ်း ထိခိုက်တာ
  • အာရုံစူးစိုက်နိုင်စွမ်း အားနည်းတာတွေကို ခံစားရစေနိုင်ပါတယ်။ 

ဒီနေရာမှာ မေးစရာ ရှိလာနိုင်တာက Screen Time လုံးဝ မရှိဘူးဆိုရင်ရော ကလေးက ထူးချွန် ထက်မြက်စေမလား ဆိုတာပါ။ ဒီအကြောင်းလေးကို ဆက်ပြီး ရှင်းပြပေးချင်ပါတယ်။ 

Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား!
Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား!

Screen Time လုံးဝမရှိတာက ဘေဘီလေးကို ထက်မြက်စေမယ်ဆိုတာ သေချာရဲ့လား!

မေမေဖေဖေ တော်တော်များများ လက်ခံသိရှိလားတာက ကလေးကို Screen Time အများကြီးပေးထားတာက ကလေးရဲ့ သိမြင်မှုဆိုင်ရာ စွမ်းရည်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေတယ်လို့ပေါ့။ ဒါပေမယ့် ဒါက လုံးဝမှန်တယ်တော့ မဟုတ်ပါဘူး။ ကလေးကို မှန်ကန်တဲ့ နည်းလမ်း၊ အချိန်သတ်မှတ်ချက်လေးနဲ့ Screen Time ပေးမယ်ဆိုရင်ဖြစ်ဖြစ် ကလေးအတွက် ဖွံ့ဖြိုးမှု အထောက်အကူဖြစ်စေမယ့် Program တွေလေးတွေကို ပေးကြည့်မယ်ဆိုရင်တော့ ကလေးမှာ ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 

ဘယ်လိုကောင်းကျိုးလေးတွေရှိမလဲဆိုတော့ –

  • ပေါင်းသင်းဆက်ဆံရေးကောင်းစေတယ်

ကလေးကို ဗဟုသုတ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်တဲ့ အစီအစဉ်လေးတွေကို ပေးကြည့်တာက ကလေးကို လူမှုပေါင်းသင်းဆက်ဆံရေးကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကလေးကို ဝါသနာတူ သူငယ်ချင်းတွေနဲ့ မိတ်ဆွေရစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

  • Critical Thinking တိုးတက်စေနိုင်တယ်

အချို့သော အက်ပ်တွေနဲ့ ဂိမ်းတွေက ကလေးရဲ့ Critical Thinking တိုးတက်စေဖို့ ထောက်ကူပေးနိုင်ပြီး ကလေးရဲ့ စီမံခန့်ခွဲနိုင်စွမ်းနဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းတွေကို ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ကျိုးကြောင်းဆက်စပ်ပြီး ဆွေးခေါ်နိုင်စွမ်းကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

  • Creativity တိုးတက်စေတယ်

အွန်လိုင်းအက်ပ်တွေ tools တွေကို သတ်မှတ်ချက်လေးနဲ့ ပေးသုံးတာက ကလေးကို တီထွက်ဖန်တီးနိုင်စွမ်း ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ကျောင်းစာအတွက် ပြင်ဆင်ပြီးသားဖြစ်တယ်

ကလေးငယ်လေးတွေ (၂နှစ်အောက်ကလေးတွေ မဟုတ်တဲ့ အရွယ်တွေ) ကို သတ်မှတ်ချက်လေးတွေနဲ့ စည်းစနစ်တကျ ဖုန်းပေးကြည့်တာက ကလေးကို သင်ယူမှုအတွက် အသင့်ပြင်ပေးပြီးသားဖြစ်စေပါတယ်။ 

  • Motor Skills ကောင်းစေတယ်

ကလေးတွေကို ဖွံ့ဖြိုးမှု အထောက်အကူပြုစေနိုင်တဲ့ အွန်လိုင်းဂိမ်းလေးတွေ ပေးဆော့တာက ကလေးတွေရဲ့ မျက်စိနဲ့ လက်ဟန်ချက်ညီညီ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ဂိမ်းလေးတွေကို ပေးဆော့ဖြစ်ဖို့တော့ လိုပါမယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ကလေးတွေကို ထိခိုက်မှုကင်းကင်းနဲ့ Screen Time ထားရှိဖို့ လိုက်နာရမယ့် စည်းမျဉ်းလေးတွေ ရှိပါတယ်။ 

  • ၂ နှစ်အောက် ကလေးတွေကို မိသားစုဝင်တွေနဲ့ ဗီဒီယိုကော ပေးပြောတာကလွဲလို့ ကလေးကို Screen Time လုံးဝ မထားပါနဲ့။ 

  • အသက် ၂ နှစ် ကနေ ၅ နှစ်အတွင်းဆိုရင် တစ်နေ့ကို မိနစ် ၃၀ ထက် မပိုစေရပါဘူး။

  • ကလေးကို Screen Time ပေးတဲ့အခါမှာလည်း Screen ကျယ်ကျယ်နဲ့ အကွာအဝေး ကို သေချာလေး ချိန်ညှိဖို့ လိုပါမယ်။

  • မအိပ်ခင် ၂ နာရီအလိုမှာ Screen Time လုံးဝ မရှိအောင် ထားပါ။

  • ညအိပ်တဲ့အခါမှာလည်း ကလေးရဲ့ အိပ်ယာထဲနဲ့ အိပ်ယာ အနီးတဝိုက်မှာ ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့တွေကို မထားပါနဲ့။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *