နေ့စဉ်ဘဝမှာ ပိုမို ကျန်းမာပျော်ရွှင်တဲ့ လေဒီလေး ဖြစ်စေဖို့အတွက် ကိုယ်ပိုင် လုပ်ငန်းလေး စတင်ကြည့်ပါလို့ လေဒီလေးတွေကို အကြံပြုချင်ပါတယ်။ ဒီလိုပြောရတာက မကြာသေးခင် လပိုင်းတွေအတွင်း ထုတ်ပြန်ခဲ့ လေ့လာမှု ရလဒ်လေး တစ်ခုကြောင့်ပါ။ ဒီရလဒ်လေးကို ကိုယ်တိုင် ဖတ်ရှု့လေ့လာလိုက်တော့နော်။
ကိုယ်ပိုင်အလုပ်လုပ်တာ ပိုကျန်းမာစေမယ့် လျှို့ဝှက်ချက်ပါ
ကိုယ်ပိုင်အလုပ်လုပ်ရတာက စိတ်ဖိစီးနိုင်ခြေ တော်တော်လေးများတယ်လို့ ယူဆစရာတော့ ရှိပါတယ်။ ဒါပေမယ့် တကယ်ကတော့ ကိုယ်ပိုင်အလုပ်ကို လုပ်တဲ့ လေဒီလေးတွေက နှလုံးကျန်းမာရေး ပိုကောင်းကြတယ်၊ လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။
နောက်တစ်ချက်ကတော့ ကိုယ်ပိုင်အလုပ်လုပ်တဲ့ အမျိုးသမီးတွေက အဝလွန်တာမျိုး ဖြစ်နိုင်ခြေလည်း နည်းတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ကိုယ်ပိုင်အလုပ်လုပ်ကြတဲ့သူတွေက ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ စားသောက်မှုပုံစံလည်း ကျန်းမာရေးမညီညွတ်တာ၊ အိပ်ရေးပျက်တာမျိုးတွေ ခံစားရနိုင်ခြေ နည်းတာကြောင့်ပါ။
ဒီရလဒ်တွေက ဘာတွေကို ညွှန်ပြတာလဲဆိုတော့ အလုပ်ခွင်ပတ်ဝန်းကျင်က ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်ဆိုတာပါ။ လုပ်ငန်းခွင် အခြေအနေကြောင့် ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်နိုင်ခြေ ကိုတိုးစေနိုင်သလို လျော့စေနိုင်တယ်လိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
‘ကိုယ်ပိုင်အလုပ်လုပ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျလာတာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး သက်ရောက်မှုရှိပါတယ်။’ လို့ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ သုတေသီတစ်ဦး ဖြစ်တဲ့ UCLA မှာရှိတဲ့ David Geffen ဆေးကျောင်းရဲ့ assistant professor-in-residence ဒေါက်တာ Kimberly Narain ကဆိုပါတယ်။
‘လုပ်ငန်းခွင် ပတ်ဝန်းကျင် အနေအထားက အရေပြားကျန်းမာရေး အပေါ်မှာရော ဘယ်လိုတွေ သက်ရောက်မှု ရှိနေလဲဆိုတာ လေ့လာမှုတွေ လုပ်ဆောင်နေသလို လူတိုင်း ကျန်းမာတဲ့ လုပ်ငန်းခွင်ကို ရရှိစေဖို့ နည်းလမ်းတွေကို လေ့လာမှုတွေလုပ်ဆောင်လျက် ရှိပါတယ်’ လို့ Narain ကပြောပြခဲ့ပါတယ်။
အစောပိုင်း လေ့လာမှုတွေအရ လူတစ်ယောက်စီရဲ့ အလုပ်အမျိုးအစားပေါ် လိုက်ပြီး နှလုံးရောဂါ ခံစားရနိုင်ခြေ ကြားက ဆက်စပ်မှုတွေကို လေ့လာခဲ့ပါတယ်။
ဥပမာအနေနဲ့ ပြောရရင်တော့ ကြီးကြပ်ရေးမှူးတွေက စာရေးတွေနဲ့ အလုပ်သမားတွေထက်တော့ ပိုပြီး ကျန်းမာကြပါတယ်။ ဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ စိတ်ဖိစီးမှု များများနဲ့ လုပ်ကိုင်ရတဲ့ အလုပ်ကို လုပ်ရသူတွေက သွေးတိုးရောဂါနဲ့ နှလုံးရောဂါ ခံစားရနိုင်ခြေ ပိုများနေပါတယ်။
ဒီလေ့လာမှုအတွင်း သုတေသီတွေက အလုပ်ခွင်ဝင်နေတဲ့ ၁၉,၄၀၀ ကျော်ရဲ့ အချက်အလက်တွေကို ၁၉၉၉ ခုနှစ် ကနေ ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေကို အမျိုးသားကျန်းမာရေးနဲ့ အာဟာရဆိုင်ရာ လေ့လာ ဆန်းစစ်မှု စစ်တမ်းရလဒ်တွေကနေ ရယူပြီး လေ့လာမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေနဲ့အတူ လေ့လာမှုမှာ ပါဝင်သူတွေရဲ့ အလုပ်အမျိုးအစားနဲ့ နေထိုင်မှုပုံစံတွေကို မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလေ့လာမှုက အမျိုးသမီးအားလုံးအပေါ်မှာ သက်ရောက်မှု ရှိတာပါ။ အသားအရောင်၊ လူမျိုးကွဲပြားမှုတွေ အပေါ်မှာ လိုက်ပြီး ကွာခြားတာမျိုး မရှိပါဘူး။
ဒီလေ့လာမှု ရလဒ်အရ သိရတာက ကိုယ်ပိုင်အလုပ်လုပ်တဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါ ခံစားရနိုင်ခြေက တော်တော်လေး လျော့သွားသလို အဝလွန်တာကို ခံစားရနိုင်ခြေက ၇.၄ ရာခိုင်နှုန်း၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်ဖြစ်နိုင်ခြေက ၇ ရာခိုင်နှုန်း၊ အိပ်ရေးပျက်တာကို ခံစားရနိုင်ခြေက ၉.၄ ရာခိုင်နှုန်း၊ ကျန်းမာရေးနဲ့ မညီညွတ်ဘဲ စားသောက်မိနိုင်ခြေကလည်း ၉.၄ ရာခိုင်နှုန်းထက် နည်းနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
လေဒီလေးတွေ အနေနဲ့ ကိုယ်ပိုင်လုပ်ငန်း လုပ်တာ အချိန်ကုန်လူပန်းခံစားရမှု သက်သာစေပြီး ကိုယ်တိုင်ဆုံးဖြတ်ချက် ချနိုင်တဲ့ အလုပ်တွေက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အမျိုးသားတွေမှာလည်း ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်တာက ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ စားမိနိုင်ခြေ ၆.၅ ရာခိုင်နှုန်း ပိုနည်းသွားပြီး သွေးတိုးရောဂါ ခံစားရနိုင်ခြေကလည်း ၅.၇ ရာခိုင်နှုန်း ပိုနည်းသွားပါတယ်။ ဒီရလဒ်က အသားအရောင်၊ လူမျိုးကွဲပြားမှုတွေ အပေါ်မှာ လိုက်ပြီး ကွာခြားတာမျိုး မရှိဘဲ အမျိုးသား အားလုံးအပေါ်မှာ အတူတူပဲ သက်ရောက်မှု ရှိနေတာပါ၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။
[ Reference: medicinenet; 25; June; 2025]