ဒီတိုင်းပြည်မှာက ပြဿနာတစ်စုံတစ်ရာကို ငြင်းခုံကြတဲ့အခါ အဓိက အကြောင်းအရာကို ဖျောက်ပြီး ကိုယ်ကိုင်စွဲတဲ့ အယူအဆကိုပဲ တရားသေဆုပ်ကိုင်ပြီး ငြင်းကြခုံကြတာ ဓလေ့ကြီးလိုကိုဖြစ်နေတာ။ ခုလည်း Sex Ed ကိစ္စ ငြင်းကြခုံကြတဲ့ အခါ အများစုက လိုရင်းဆီ မရောက်ပဲ ကိုယ်ပိုင် အယူအဆတွေနဲ့ပဲ လည်နေကြတယ်။
တကယ်တမ်း ဒီတိုင်းပြည်က ကျောင်းတွေမှာ Sex Ed သင်ဖို့ စတော့မယ်ဆိုရင် စဉ်းစားရမှာက အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုး ၂ ခုရဲ့ မျှခြေပဲ။ Sex Ed သင်ကြားမှုတိုင်းဟာ အကျိုးကျေးဇူးရနိုင်တယ်လို့ တဖက်သတ်ယူဆထားလို့မရသလို ဒါကို သင်လို့မဖြစ်ဘူး ယဉ်ကျေးမှု၊ ဘာသာရေးတွေနဲ့ မသင့်လျော်ဘူးလို့လည်း လှေနံဓားထစ်ပြောလို့မရဘူး။ ဒီနှစ်ခုကြားက မျှခြေကို ရှာဖို့လိုတယ်။
Sex Ed ဟာ တိကျပြီး အတိမ်းအစောင်းမခံတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးနဲ့ သန္ဓေတားမှုလောက်ကို သင်ကြားပေးတဲ့ ဘာသာရပ်မဟုတ်ပါဘူး။ တစ်ချို့တွေကတော့ အထက်တန်း Bio မှာ သင်ကြားရတဲ့ reproductive system တွေနဲ့ နှိုင်းယှဉ်ပြောဆိုနိုင်ပေမယ့် Sex Ed နဲ့ Bio တို့အကြားမှာ မတူကွဲပြားမှုတွေ အများအပြားရှိနေပါတယ်။
အထူးသဖြင့် Sex Ed ဟာ လိင်မှုကိစ္စတစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ပါဘူး။ မမှားသင့်တာ မမှားရုံသင်ရမှာမဟုတ်ပဲ၊ မတော်တဆ မှားပြီးရင်တောင်မှ လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုဆက်လက်ရှင်သန်နေထိုင်ရမယ်ဆိုတာကိုပါ သိနားလည်အောင် သင်ကြားပေးရမယ် ဘာသာဖြစ်ပါတယ်။
လူငယ်တွေ လိင်ကြောင့်ဖြစ်လာတဲ့ အနှုတ်လက္ခဏာအကျိုးဆက်တွေကြောင့် ထိခိုက်မှု လျော့နည်းစေဖို့နဲ့၊ မလိုလားအပ်ပဲ ကိုယ်ဝန်ဆောင်ရတာမျိုး မဖြစ်စေဖို့၊ လိင်ကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs) မကူးစက်စေဖို့ ရည်ရွယ်ချက်ထားထားပါတယ်။
ဒီလို အရေးပါတဲ့ အသိတရားတွေ ပေးဖို့ ရည်ရွယ်ထားတဲ့ Sex Ed အသိပညာဖြန့်ဝေမှုပြုလုပ်တဲ့အခါမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေလည်း အမြောက်အများကြုံဆုံရမှာဖြစ်ပါတယ်။ ဒါကို ကြိုတင်မျှော်လင့်ထားဖို့ လိုအပ်ပါတယ်။ ခုကျွန်တော် ပြောချင်တာက Sex Ed ဘာသာရပ်ကို ကျောင်းသားတွေကို သင်ကြားပေးသင့်/မသင့်မဟုတ်ပါဘူး။
မြန်မာနိုင်ငံလို တိုင်းပြည်မျိုးမှာ မူဝါဒတစ်ခုချမှတ်ဖို့နဲ့ ပုံနှိပ်စာအုပ်အဆင့်အထိ ရောက်လာဖို့ အလွန်လွယ်ပါတယ်။ တကယ်တမ်း Process ကို Run မယ့်အချိန်မှာမှ တကယ့် လက်တွေ့ပြဿနာတွေက စမှာဖြစ်ပါတယ်။ ဒါက နိုင်ငံတကာမှာလည်း လက်ရှိအချိန်အထိ ကြုံဆုံနေရဆဲဖြစ်ပါတယ်။ Sex Ed ကို စတင်တော့မယ်ဆိုရင် အောက်ပါ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပြီးတော့ အဲ့ဒီအတွက် အဖြေတွေလည်း ရှိနေဖို့ လိုအပ်မှာပါ။
မိဘ – အမေရိကန် ၁ နိုင်ငံတည်းကို ဥပမာပေးရမယ်ဆိုရင် Sex Ed သင်ကြားပေးမှုကို မိဘ ၉၀% ကျော်က ထောက်ခံကြတယ်။ ဒီလိုသင်ကြားပေးတာဟာ သူတို့ရဲ့ သားသမီးတွေကို အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်မှု ခိုင်ခိုင်မာမာရှိတဲ့သဘော။ ဒီအချက်ဟာ Sex Ed စတင်ဖို့အတွက် အရေးပါတဲ့အချက်ပဲ။ မိဘတွေ နားမလည်ပဲ သားသမီးကို သင်ပေးဖို့ ခက်တယ်။ ကလေးတွေ ကျောင်းလာမှာပဲ ကလေးတွေကိုသင်တာ မိဘနဲ့ ဘာဆိုင်လဲလို့ တွေးနေရင်တော့ ကိုယ်တိုင်ကိုယ်က ပညာသင်ကြားရေးစနစ်မှာ နလပိန်းတုန်းအဆင့် အတွေးအခေါ်နဲ့ တွေးခေါ်နေမိပြီလို့သာ မှတ်ယူပါလေ။
တကယ်တမ်းမှာ Sex Ed ဆိုတာ ဘာမှန်းမသိခဲ့ကြတဲ့ ရှေ့က မျိုးဆက်တွေဟာ ဒီသင်ကြားမှုကို ဘယ်လောက် အတိုင်းအတာအထိ လက်ခံနားလည်ပေးနိုင်ကြမလဲဆိုတာဟာ အရမ်းအရေးပါပါတယ်။ မိဘတွေရဲ့ ပူးပေါင်းမှုမပါဝင်တဲ့ Sex Ed သင်ကြားမှုစနစ်ဟာ ပြီးပြည့်စုံမှုမရှိတဲ့ သင်ကြားမှုဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်း အရမ်းများပါတယ်။ အင်တာနက် မနေ့တနေ့ကမှ သုံးပြီး Netflix က Sex Education စီးရီးလောက်ကြည့်ထားတဲ့ လက်တစ်ဆုပ်စာလူတွေ နားလည်လာဖို့ထက် တကယ့် မိဘအစစ်တွေက ဒီဘာသာရပ်သင်ကြားမှုမှာ ပူးပေါင်းပါဝင်လာဖို့ဟာ အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။
အချိန် – အမေရိကန်လိုတိုင်းပြည်မျိုးမှာတောင် Sex Ed ကို စာသင်ချိန်တွေရဲ့ နောက်ဆုံးချိန်တွေမှာသာ ထည့်ထားလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျောင်းသားတွေဟာ ပင်ပန်းနေတာ၊ အိမ်ပြန်ဖို့ စိတ်စောနေတာ၊ အာရုံမစိုက်နိုင်တာနဲ့ အပျော်အပါးဘက်ကို ပိုစိတ်ရောက်နေတာတွေ ရှိနေတာမို့ သင်ကြားမှုတွေကို နားလည်သဘောပေါက်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါ့အပြင် စာသင်ချိန်ဟာလည်း ၃ ချိန်သာရှိတာမို့ သင်ကြားချိန် နည်းပါးမှုပြဿနာဟာလည်း ထောက်ပြခံနေရပါတယ်။ စာသင်ချိန် ဘယ်လောက်ထားမလဲ ဘယ်အချိန်မှာ သင်မလဲဆိုတာက နိုင်ငံတကာမှာလည်း အဖြေမထွက်သေးတဲ့ ပုစ္ဆာဖြစ်နေဆဲပါ။
ဆရာ/ဆရာမတွေ ကြုံရနိုင်တဲ့ ပြဿနာတွေ – Sex Ed ကို ကျောင်းတွေမှာ သင်ကြားပေးတဲ့အခါမှာ ပဋိသန္ဓေတားခြင်းနဲ့ ကွန်ဒုံးအသုံးပြုခြင်းတွေအကြောင်းကို ထဲထဲဝင်ဝင်သင်ကြားရတယ်။ ဒီနေရာမှာ ပြဿနာရှိတာက အမေရိကလိုတိုင်းပြည်မျိုးမှာတောင် ဒီလိုသင်ကြားမှုတွေမှာ ဆရာ/ဆရာမတွေအနေနဲ့ စော်ကားပြောဆိုခံရတာတွေ၊ လှောင်ပြောင်ခံရတာတွေ၊ ထိပါးနှောင့်ယှက်ခံရတာတွေ ကြုံရလေ့ရှိတယ်။ ဒီလိုပြဿနာတွေကြောင့် U.S မှာတောင် ဆရာ/ဆရာမအများစုကိုယ်၌က Sex Ed ကို စိတ်ပါလက်ပါ သင်ကြားပေးလိုခြင်းမရှိကြဘူးလို့ Health Education Research ရဲ့ သုတေသန တစ်ရပ်မှာ ဆိုထားပါတယ်။ ဒီဘာသာရပ်ကို သင်ကြားနေရတဲ့အပေါ် စနိုးစနောင့်ဖြစ်ကြရတာတွေ ရှိပါသေးတယ်။ ဒီအချက်ကြောင့် သင်ကြားမှုအများစု ထိရောက်မှုမရှိဖြစ်ရတယ်လို့ ဆိုထားပါတယ်။
အရှေ့/အနောက် အယူအဆ ကွဲပြားချက် – အနောက်နိုင်ငံတွေမဟုတ်တဲ့ တိုင်းပြည်တွေမှာ Sex Ed ကို သင်ကြားကြတဲ့အခါ ပိုပြီးရုံးကန်ရတတ်တယ်။ လူငယ်တွေက သင်ကြားတဲ့ ဆရာ/ဆရာမတွေအပေါ် လေးစားမှုကင်းမဲ့လာတတ်တယ်။ ဒီအကြောင်းအရာတွေကို သင်ကြားတဲ့ ဆရာ/ဆရာမတွေအပေါ် ရှုမြင်ပုံ၊ ဆက်ဆံပုံတွေက တခြားဆရာ/ဆရာမတွေအပေါ် ပြုမူပုံတွေနဲ့ ကွာခြားတတ်တယ်။ ပိုဆိုးတာကတော့ အာရှတိုင်းပြည်တွေမှာ စာသင်ခန်းထဲက လိင်မှုဇာတ်လမ်းတွေကို အခြေပြုထားတဲ့ Porn Movie တွေဟာ အလွန်ခေတ်စားတာပါပဲ။ ဒါကြောင့် ကျောင်းသားတွေရဲ့ ဆရာ/ဆရာမတွေ အပေါ် ပြုမူလာမယ့်၊ ဆက်ဆံလာမယ့် အပြုအမူတွေကို ရင်ဆိုင်နိုင်ဖို့ စနစ်တကျ ကြိုတင်လေ့ကျင့်သင်ကြားပေးမှု လိုအပ်တယ်။ ရော့ဒီမှာ ဖတ်စာအုပ် သင်လိုက်ဆိုပြီး လွှတ်ပေးလိုက်လို့ မရဘူး။
စိတ်ပိုင်းဆိုင်ရာ ပြဿနာ – မြန်မာပြည်မှာ စာသင်ကြားမှုလုပ်နေသူတွေက အမျိုးသမီးတွေ အများစုပါ။ အားလုံးဟာ Sex Ed မရှိတဲ့အပြင် တစ်ဖက်ပိတ်ဆန်ပြီး အမျိုးသမီးတွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် နှိမ့်ချထားတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ တစ်သက်လုံး နေထိုင်ကြီးပြင်းလာကြသူတွေပါ။ သူတို့တွေဟာ နိုင်ငံတကာမှာ ဘယ်လိုသင်ကြားကြသလဲဆိုတာကို မမြင်မတွေ့ဖူးကြပါဘူး။ သာမန်ကာလျှံကာ လေ့ကျင့်သင်ကြားမှု နည်းနည်းနဲ့ ဖတ်စာအုပ်ကိုင်ပြီး သင်ကြရတဲ့အခါ သူတို့ကိုယ်တိုင်လည်း အခက်ေတွေ့ကြပါလိမ့်မယ်။ ဒီလိုတွေကြောင့်ဖြစ်လာမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားရဲ့လားဆိုတာကိုလည်း ကြိုတင်မေးခွန်းထုတ်ရပါလိမ့်မယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို လျစ်လျူရှှုမှုအများဆုံးတိုင်းပြည်တွေထဲက တစ်ခုပါ။ စိတ်ဒါဏ်ရာကို အလေးအနက်မထားဆုံးတိုင်းပြည်ဖြစ်တာမို့ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းများနေတာဟာ ထူးဆန်းလှတဲ့ အခြေအနေတော့ မဟုတ်လှပါဘူး။ ဒါပေမယ့် Sex Ed တွေ သင်ကြားရချိန်မှာ ဆရာ/ဆရာမတွေ ရင်ဆိုင်ရမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ဖြေလျှော့ပေးနိုင်မယ့် နည်းလမ်းကတော့ ကြိုတင်စဉ်းစားထားဖို့ လိုအပ်ပါတယ်။
ယဉ်ကျေးမှုနဲ့ အသိုင်းအဝိုင်း – ယဉ်ကျေးမှု၊ အသိုင်းအဝိုင်းနဲ့ ကျောင်းသားတွေရဲ့ ဖိအားဒါဏ်ကို ငယ်ရွယ်တဲ့ ဆရာမတွေ ခံနိုင်ရည် ရှိမရှိဟာ မေးခွန်းထုတ်စရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ အမေရိကန်က ဆရာ/ဆရာမ ၂၇%က Sex Ed သင်ကြားမှု ပြုလုပ်ချိန်မှာ စာသင်ခန်းကို ထိမ်းသိမ်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံထားကြပါတယ်။ ဗုဒ္ဓဘာသာမတိုင်ခင်မှာ ဗြဟ္မာဝါဒီတွေ ကြီးစိုးခံခဲ့ရတဲ့ မြန်မာပြည်လိုတိုင်းပြည်မျိုးမှာ မိရိုးဖလာဗုဒ္ဓဘာသာလို့ လုံးချပြီး အမျိုးသမီးတွေကို နှိမ်ချဆက်ဆံတဲ့ အကျင့်တွေ ကြီးစိုးနေတာဟာ မဆန်းကျယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ဆရာမအများစု Sex Ed သင်ကြားကြမယ့် ကာလမှာတော့ ဒီကိစ္စဟာ ပြဿနာဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က ဘာသာရေးအရေခြုံတွေရဲ့ အဓိပ္ပါယ်မယ့် တိုက်ခိုက်မှုတွေလည်း ခံရနိုင်ပါသးတယ်။
ကျောင်းသား – ဗြိတိန်၊ အမေရိကန်၊ အိုင်ယာလန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ဂျပန်၊ အီရန်၊ ဘရာဇီးလ်နဲ့ ဆွီဒင်တို့လိုတိုင်းပြည်တွေက အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ်တွေရဲ့ Sex Ed သင်ကြားမှုအပေါ် အမြင်တွေကို ပြုလုပ်ခဲ့တဲ့ သုတေသန ၅၅ ခုကို အခြေခံပြီး ပြောရမယ်ဆိုရင် ကျောင်းသားအများစုဟာ မူရင်းဆိုလိုရင်းနဲ့ လွဲချော်နားလည်သွားကြတယ်ဆိုတာပါပဲ။ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်း ၂ ချက်ရှိပါတယ်။ ဆရာ/ဆရာမတွေရဲ့ သင်ကြားမှု အားနည်းချက်နဲ့ ကျောင်းသားတွေရဲ့ လက်ခံမှု အားနည်းချက်တွေကြောင့်ပါပဲ။ ကျောင်းသားအများစုဟာ ဒီဘာသာရပ်ရဲ့ အဓိက ပေးချင်တဲ့ မက်ဆေ့ချ်ကို ကျော်သွားကြလေ့ရှိပါတယ်။
ဒါကြောင့် Sex Ed တွေကို မူဝါဒချမှတ်ရာမှာ Controversial ဖြစ်နိုင်ခြေများတဲ့ အသုံးအနှုန်းတွေ၊ နားလည်မှုလွဲမှားသွားနိုင်တာတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ဖို့၊ မိဘတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆရာတွေရဲ့ အရည်အသွေးတွေက အရမ်း အရေးကြီးလာမှာဖြစ်ပါတယ်။ ဒီအချက်တွေကို ပြင်ဆင်မထားနိုင်ဘူးဆိုရင် သင်ကြားမှုမှာ ဘေးထွက်ဆိုးကျိုးတွေများမှာဖြစ်ပြီးတော့ ပေးချင်တဲ့ ဆိုလိုရင်းနဲ့ ဆန့်ကျင်ဘက်လားရာ၊ လက်တစ်လုံးခြား လွဲမှားအသုံးချစရာဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်လည်း Sex Ed ဟာ အရေးပါပြီး လိုအပ်တဲ့ သင်ကြားစရာ ဘာသာရပ်ဖြစ်ပေမယ့် အတိမ်းအစောင်းမခံပဲ အတိအကျစီမံနိုင်ဖို့ လိုအပ်တဲ့ ဘာသာရပ်တစ်ခုဖြစ်တယ်လို့လည်း တစ်ကမ္ဘာလုံးမှာ ပြောဆိုနေကြတာဖြစ်ပါတယ်။
Sex Education ဟာ မဖြစ်မနေ လိုအပ်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အထက်မှာပြောဆိုခဲ့သလိုပဲ ပြဿနာတွေအတွက် အဖြေတွေ ရှိထားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပေးချင်တဲ့ မက်ဆေ့ချ်နဲ့ ပြောင်းပြန်ရလဒ်ထွက်သွားနိုင်ပါတယ်။
မောင်မိုးဇွန်
၁၉၊ မေ၊ ၂၀၂၀
တောရေးတောင်ရေး