လူသိနည်းသေးတဲ့ သရက်သီးခွံရဲ့ ကျန်းမာရေးအာနိသင်

Should You Eat Mango Peels

သရက်သီးက စားလို့ကောင်းတယ်။ အရသာရှိတယ်ဆိုတာကို အားလုံး သိပြီးသားဖြစ်သလို သရက်သီးမှာလည်း သဘာဝကပေးတဲ့ ကျန်းမာရေး အာနိသင်တွေ ရှိတယ်ဆိုတာကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ သရက်သီးစားတာက အစာခြေစနစ် ကျန်းမာစေတယ်။ ဝမ်းမှန်စေတယ် စသဖြင့်ပေါ့။ သရက်သီးက ဗီတာမင်၊ အမျှင်ဓာတ်နဲ့ အာဟာရဓာတ် များစွာ ပါတယ်လို့ပေါ့။ သရက်သီးက အရသာ ရှိစွာနဲ့ ကျန်းမာရေးကို ထောက်ကူပေးသလို သရက်သီးခွံက အရသာဖန်တန်တန်ဆိုပေမယ့် ကျန်းမာရေးအာနိသင်လေးတွေ ရှိပါတယ်။ လူသိနည်းသေးတဲ့ သရက်သီးခွံရဲ့ ကျန်းမာရေးအာနိသင် တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

သရက်သီးခွံကို စားလို့ ရလို့လား! 

သရက်သီးခွံက အရသာ မကောင်းပေမယ့် စားလို့ ရပါတယ်။ ဒီနေရာမှာ သတိထားရမှာက သရက်သီးခွံကို ပန်းသီး၊ ပန်းသစ်တော်သီးတို့ရဲ့ အခွံတွေလိုမျိုး ဝါးစားလို့  မရပါဘူး။ သရက်သီးကို ရေစင်အောင်ဆေးမယ်။ ပြီးရင် အခွံကိုသင်ပြီး အခြောက်ခံလို့ အမှုန့်ကြိတ်ပြီး စားပေးတာက အကောင်းဆုံး နည်းလမ်းပါ။ အဖြေကတော့ သရက်သီးခွံကို စားလို့ ရလားဆိုတော့ ရပါတယ်။ အပေါ်က အချက်လေးတွေကိုတော့ ဂရုစိုက်ဖို့ လိုပါမယ်။ 

လူသိနည်းသေးတဲ့ သရက်သီးခွံရဲ့ ကျန်းမာရေးအာနိသင်

လူသိနည်းသေးတဲ့ သရက်သီးခွံရဲ့ ကျန်းမာရေးအာနိသင် တွေကတော့ – 

  • သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်

သရက်သီးခွံမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်း သကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိချင်တယ်ဆိုရင် သရက်သီးအခွံကို ဆေးဖြစ်ဝါးဖြစ်လေး စားပေးလို့ ရပါတယ်။ 

 အင်းဆက်တွေကို ဖယ်ရှားပေးနိုင်တယ်

အင်းဆက်တွေကြောင့် ထိခိုက်မှု ကင်းစေဖို့ဆိုရင်တော့ သရက်သီးအခွံကို အသုံးပြုပေးလို့ ရပါတယ်။ အင်းဆက်နဲ့ အခြားသော ရောဂါပိုးတွေ ကူးစက်တာမျိုးကို ကာကွယ်ဖို့လည်း သရက်သီးအခွံကို အသုံးပြုပေးလို့ ရပါသေးတယ်။

– နေလောင်တာကို သက်သာစေတယ်

သရက်သီးခွံမှာပါတဲ့ polyphenols နဲ့ carotenoids တို့က အရေပြားကို နေလောင်ဒဏ်ကြောင့် ထိခိုက်တာကို သက်သာစေနိုင်ပါတယ်။ နေလောင်တာကို သက်သာစေဖို့ရော ကာကွယ်ဖို့ပါ အရေပြားမှာ သရက်သီးခွံကို အမှုန့်ကြိတ်ပြီး အသုံးပြုပေးလို့ ရပါတယ်။ 

– သွားနဲ့ ခံတွင်း ကျန်းမာစေတယ်

သရက်သီးခွံကို ပြုတ်ပြီး ပြုတ်ရည်ကို အာလုပ်ကျင်းပေးတာက ခံတွင်းအနံ့ဆိုးတာကို သက်သာစေနိုင်သလို သွားနဲ့ ခံတွင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

– ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ သရက်သီးခွံက ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် သရက်သီးခွံကို အသုံးပြုပေးလို့ ရပါတယ်။

– အနာကျက်စေနိုင်တယ်

သရက်သီးအခွံက အနာကျက်စေနိုင်ပါတယ်။ အနာဖြစ်ရင် သရက်သီးခွံ ပြုတ်ပြီးရလာတဲ့ ဖန်ရည်နဲ့ ဆေးကြောပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက အနာပိုးဝင်တာကို သက်သာစေနိုင်သလို အနာကျက်မြန်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။

– နှလုံးကျန်းမာစေတယ်

သရက်သီးခွံက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းအဆီကို လျှော့ချပေးနိုင်တာကြောင့် သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

– ဝမ်းမှန်စေနိုင်တယ်

အမျှင်ဓာတ် ပါဝင်နေတဲ့ သရက်သီးအခွံက အစာခြေစနစ်ကို ကျန်းမာစေသလို ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါ တယ်။ ဒါကြောင့် ဝမ်းချုပ်တာကို ကင်းစင်စေဖို့ဆိုရင် သရက်သီးအခွံကို အသုံးပြုပေးလို့ ရပါတယ်။

– အရောင်ကျစေနိုင်တယ်

သရက်သီးခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာက အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါ တယ်။ ဒါကြောင့် အရိုးအဆစ်နဲ့ ကြွက်သားတွေ ရောင်ရမ်းတာကို သက်သာစေဖို့ သရက်သီးအခွံကို အသုံးပြုပေး လို့ ရပါတယ်။ 

သရက်သီးခွံက အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေနိုင်တာကြောင့် အလွန်အကျွံ မဟုတ်ဘဲ အတန်အသင့်လေး မှီဝဲပေးလို့ ရပါတယ်။ 

ဘာတွေ သတိထားရမလဲ!

သရက်သီးအခွံက ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ သုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါတယ်။ နောက်ပြီး ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ပုံမှန် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်လည်း မသင့်တော်ပါဘူး။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *