အခုနောက်ပိုင်းမှာ အသည်းရောဂါဖြစ်တဲ့နှုန်းတွေက သိသိသာသာကို မြင့်တက်လာပါတယ်။ အသည်းက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အသည်းပျက်စီးတာ အသည်းကျန်းမာရေး မကောင်းတာက နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင် စေဖို့ အရေးပါတဲ့ အသည်းကျန်းမာစေဖို့ဆိုရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာနဲ့ အသည်းကျန်းမာရေး မကောင်း တော့ ရင် ဘယ်လို လက္ခဏာလေးတွေ ပြတတ်လဲဆိုတာကို သိထားနိုင်ဖို့ လိုပါမယ်။ ဒါကြောင့် အခု တစ်ခေါက် မှာတော့ အသည်း ကျန်းမာရေးမကောင်းတော့ဘူးလားဆိုတာကို သိရှိစေနိုင်မယ့် အချက်လေး တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
အသည်း အရေးကြီးသလား!
အသည်းဆိုတာက ဘောလုံးအရွယ်အစားလောက်ရှိတဲ့ အကြီးမားဆုံးသော ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း တစ်ခုပါ။ သွေးထဲက အဆိပ်အတောက်တွေ ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ ပစ္စည်းတွေကို စစ်ထုတ်ပေးပြီး စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရာမှာ အထောက်အကူပြုပေးတဲ့ သည်းခြေရည်တွေကို ထုတ်ပေးပြီး စွမ်းအင်အဖြစ် အသုံးပြုနိုင်စေမယ့် သကြားဓာတ်တွေကို သိုလှောင်သိမ်းဆည်းပေးပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့နဲ့ ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ထိန်းညှိပေးနေတာပါ။ ကဲ… ဒီလောက်ဆိုရင် အသည်းက အရေးကြီးလား၊ မကြီးဘူးလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်လို့ ရပြီထင်တယ်နော်။
အသည်း ပျက်စီးလေပြီလား!
အသည်း ပျက်စီးပြီဆိုရင် အဆင့် (၄) ဆင့် အနေအထား (၄) ရပ်အနေနဲ့ တွေ့ကြုံခံစားရနိုင်ပါတယ်။ ပထမဆုံး အဆင့်ကတော့ အသည်းက စရောင်လာတာပါ။ ပြီးရင်တော့ အသည်းမှာ အလုံးအကျိတ်တွေ ဖြစ်တာမျိုး၊ ပြီးရင်တော့ အသည်းခြောက်တာကို ခံစားရနိုင်ပြီး နောက်ဆုံးအဆင့်အနေနဲ့ကတော့ အသည်းရဲ့ နောက်ဆုံးအခြေအနေဖြစ်တဲ့ (ESLD) ကကို ခံစားရပါတယ်။ အသည်း ပျက်စီးတာက များသောအားဖြင့် အဆင့်(၃) အသည်းခြောက်တဲ့ အဆင့်ထိမရောက်မချင်း တော်တော်များများက သတိမထားမိကြတာ များပါတယ်။
အသည်းပျက်စီးတာက စောစောသိပြီး စောစောကုသမယ်ဆိုရင် ရလဒ်ကောင်းတွေ ရနိုင်တာကြောင့် အသည်း ပျက်စီးနေပြီဆိုရင် အစောပိုင်းကာလတွေမှာ ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို ပြောပြပေးလိုက် ပါတယ်။
- အမြဲလိုလို နုန်းနေမယ်
အသည်းက သွေးကြောတွေထဲက အဆိပ်အတောက်တွေကို ကောင်းကောင်း မစစ်ထုတ်နိုင်တဲ့အခါ မြင်သာတဲ့ ရလဒ်အနေနဲ့ ခြေကုန်လက်ပမ်းကျလာမယ်။ အမြဲလိုလို နုန်းနေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
- အသားတွေ၊ မျက်ဖြူသားတွေ ဝါလာမယ်
အသည်း ပျက်စီးတာပြီဆိုရင် သွေးနီဥဆဲလ်တွေထဲမှကနေထွက်လာတဲ့ အဝါရောင် ရောင်ခြယ်ပစ္စည်း တစ်မျိုးဖြစ်တဲ့ bilirubinတွေကို ကောင်းကောင်းကိုင်တွယ်နိုင်စွမ်း ကျဆင်းသွားတာကြောင့် bilirubinတွေ စုပုံမှာ ဖြစ်ပြီး အသားတွေ၊ မျက်ဖြူသားတွေ ဝါလာတာမျိုးကို ခံစားရနိုင်ပါတယ်။
- ပြည့်အင့်နေသလို ခံစားရမယ်
အသည်းပျက်စီးသွားပြီဆိုရင် အစာခြေရည်တွေကို ကောင်းစွာ မထုတ်နိုင်တော့တာကြောင့် အစာတွေကို ကောင်းစွာ ချေဖျက်ဖို့ ခက်သွားပြီး ဗိုက်အင့်သလိုလို၊ လေပွသလိုလို၊ ဝမ်းသွားရင် အတင်းညှစ်သွားရတာ မျိုးတွေကို ခံစားရနိုင်ပါတယ်။
- စိတ်ရှုပ်ထွေးမယ်
အသည်းက ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ အသည်းပျက်စီးမှုနဲ့အတူ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ စုပုံလာမှုက ဦးနှောက်ကို ထိုင်းမှိုင်းစေပြီး အာရုံစူးစိုက်ရခက်တာ၊ စိတ်ရှုပ်ထွေးတာ တွေကို ခံစားရနိုင်ပါတယ်။
- ခြေ၊လက်တွေ၊ ခြေချင်းဝတ်တွေ ရောင်လာမယ်
အသည်းက စွမ်းဆောင်ရည် ကျလာတဲ့အခါ ကိုယ်တွင်းမှာ အရည်တွေ စုပုံလာပြီး ခြေချင်းဝတ်တွေ၊ ခြေဖမိုးနဲ့ ခြေထောက်တွေ ဖောရောင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

- ဆီးအရောင်ရင့်လွန်းမယ်
အသည်း ပျက်စီးနေပြီဆိုရင် ဆီးအရောင်က ပုံမှန်ထက် ရင့်နေတာ၊ လိမ္မော်ရောင်၊ အညိုရောင် နဲ့ ဆီးအရောင် ညစ်ညစ်တွေ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အသည်းမှာစုပုံနေတဲ့ bilirubin တွေကို ဆီးကတဆင့် စွန့်ထုတ်ရင်း ဆီးထဲမှာ bilirubinတွေ ပါလာတာကြောင့်ပါ။
- ဝမ်းအရောင်ဖျော့လာမယ်
အသည်းက ကျန်းမာရေးကောင်းနေချိန်မှာတော့ ဝမ်းစွန့်ထုတ်တဲ့အခါ ကျန်းမာတဲ့ ဝမ်းအရောင်ဖြစ်စေဖို့အတွက် အသည်းက ဝမ်းထဲကို bile salt တွေ ထုတ်ပေးပါတယ်။ တကယ်လို့ အသည်းက လုံလောက်တဲ့ သည်းခြေရည်တွေကို မထုတ်နိုင်တော့တဲ့အခါမျိုးနဲ့ သည်းခြေပြွန်ပိတ်ဆို့သွားတဲ့ အခါမျိုးမှာ ဝမ်းက ဖြူဖျော့လာတာ၊ ရွှံ့စေးရောင် ဝမ်းတွေ သွားတာမျိုး ခံစားရနိုင်ပါတယ်။
- အစားစားချင်စိတ် မရှိတာမျိုး ဖြစ်မယ်
အစားစားချင်စိတ် မရှိတာက အသည်းပျက်စီးနေပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါ။ အစားကို စိတ်ဝင်စားမှု မရှိတော့ဘဲ အစာခြေစနစ်ပြဿနာကြောင့် စားသောက်မှုပုံစံ ပြောင်းလဲတာ၊ ငြီးစီစီဖြစ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
- သွေးတွေအန်မယ်
အသည်းပျက်စီးမှုက အချိန်ကြာလာတဲ့အခါ အန်တဲ့အခါမျိုးမှာ သွေးပါတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက အသည်းက အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့အခါ အသည်းနဲ့ အစာခြေစနစ်ကို ချိတ်ဆက်ပေးထားတဲ့ သွေးပြန်ကြောထဲမှာ သွေးပေါင်ချိန်တွေ မြင့်တက်လာပြီး သွေးတိုးတာကို ဖြစ်စေနိုင်သလို အစာရေမြိုနဲ့ အစာအိမ်အကြား ဆက်သွယ်ထားတဲ့ သွေးကြောတွေ ရောင်ရမ်းပေါက်ထွက်ပြီး သွေးအန်တာကို ဖြစ်စေတာပါ။
အသည်းမကောင်းတာကြောင့် သွေးအန်တာက ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေဖြစ်တာကြောင့် လက္ခဏာ တွေ့ပြီဆိုတာနဲ့ မြန်နိုင်သမျှမြန်မြန် ဆေးကုသမှု ခံယူဖို့ လိုပါမယ်။
- အသားတွေယားမယ်
အသားတွေယားတာက သွေးကြောတွေထဲမှာ bile salts တွေစုပုံပြီး အရေပြားမှာရှိတဲ့ အာရုံကြောဆဲလ်တွေကို မအီမသာဖြစ်စေတာကြောင့် အသားတွေယားတာကို ဖြစ်စေတာပါ။ အသည်းပျက်စီးမှု အတိုင်းအတာကို လိုက်ပြီး သွေးထဲမှာ ဓာတုပစ္စည်းတွေ ပမာဏကိုလည်း မြင့်တက်စေပြီး အရေပြားယားယံတာကို ဖြစ်စေပါတယ်။
- ကြွက်သားဆုံးရှုံးမယ်၊ အားနည်းမယ်
ကြွက်သားတွေ ဆုံးရှုံးလာတာ၊ ကြွက်သားတွေ အရင်ကလို မသန်မာတော့ဘဲ အားနည်းလာတာတွေက အသည်းပျက်စီးနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ရပ်ပါ ။ အသည်းပျက်စီးတဲ့အခါ အာဟာရတွေကို လုံလောက်အောင် မလုပ်ဆောင်နိုင်တော့တာကြောင့် အာဟာရ လိုအပ်ချက်တွေ ဖြစ်ပြီး ကြွက်သားတွေ အားနည်းလာရတာပါ။
- အညိုအမဲဖြစ်လွယ်မယ်
အသည်းပျက်စီးတဲ့အခါ အသည်းက သွေးခဲမှုဖြစ်စဉ်အတွက် လိုအပ်တဲ့ ပရိုတင်းကို လုံလောက်စွာ မထုတ်လုပ်နိုင်တာကြောင့် ထိခိုက်မှုတွေ ဖြစ်တဲ့အခါ အညိုအမဲစွဲလွယ်သလို သွေးထွက်တဲ့အခါမျိုးမှာလည်း သွေးမတိတ်တာကို ခံစားရနိုင်ပါတယ်။
- ဗိုက်အောင့်မယ်
ဗိုက်အောင့်တာက အတွေ့ရများတဲ့ အသည်းပျက်စီးမှု လက္ခဏာတစ်ရပ်ပါ။ အသည်းပျက်စီးတဲ့အခါ ဝမ်းဗိုက် ပိုင်းမှာ အရည်တွေ စုပုံမှုကို ဖြစ်စေပြီး ဗိုက်အောင့်တာ၊ အသက်ရှူလိုက်တိုင်း ဗိုက်ထဲက စူးစူးပြီး အောင့်တာမျိုးကို ခံစားရနိုင်ပါတယ်။
- ရုတ်တရက်ဝိတ်ကျမယ်
အသည်းပျက်စီးတဲ့အခါ အာဟာရချို့တဲ့မှုကိုပါ ဖြစ်စေတာကြောင့် ရုတ်တရက် ကိုယ်အလေးချိန်ကျတာကို ဖြစ်စေနိုင်ပါတယ်။ အသည်းပျက်စီးချိန်မှာ အစားစားချင်စိတ်ကျဆင်းတာကလည်း ဝိတ်ကျတာကို ဖြစ်စေတာ ပါ။
ဘယ်အချက်တွေက အသည်းပျက်စီးစေသလဲ!
အသည်းပျက်စီးစေနိုင်တဲ့ အချက်တွေကတော့ တစ်ခုမက ရှိနိုင်ပါတယ်။ နေ့စဉ် နေထိုင်စားသောက်မှုပုံစံတွေ ကြောင့် ဖြစ်နိုင်သလို ရောဂါပိုးကူးစက်ခံရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံး အကြောင်း အရင်းတွေကတော့ –
- ကာလရှည်ကြာ အရက်စွဲသောက်လာတာ
- အရက်ကြောင့် အသည်းပျက်စီးမှုကို ခံစားနေရတာ
- အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ကူးစက်ခံရတာ
- အဝလွန်တာ၊ ဆီးချိုနဲ့ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံကြောင့် အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးတာကို ခံစားရတာ
- Autoimmune Hepatitisကို ခံစားနေရတာ
- မျိုးဗီဇပြဿနာရှိနေတာ
- သည်းခြေပြွန်ထိခိုက်စေတဲ့ ရောဂါတွေ ခံစားနေရတာ
- ဆေးဝါးတွေနဲ့ အဆိပ်အတောက်တွေကို ထိတွေ့မိနေတာ
- Wilson’s disease (အသည်းထဲမှာ copper level ပုံမှန်ထက် မြင့်တက်နေတာ) လိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာ ခံစားနေရတာ
အသည်းထိခိုက်မှုကို ပြန်လည်ကောင်းမွန်စေလို့ ရလား!
အသည်းထိခိုက်ပျက်စီးပြီဆိုရင် ပျက်စီးမှု ပြင်းထန်တဲ့ အတိုင်းအတာကိုလိုက်ပြီး အသည်းကျန်းမာရေး ပြန်ကောင်းနိုင်ခြေက ကွာခြားမှုတော့ ရှိပါတယ်။ အသည်းပျက်စီးမှုကို အစောပိုင်း အဆင့်တွေမှာတင် သိရှိမယ်။ သိရှိပြီဆိုတာနဲ့ အသည်းထိခိုက်စေမယ့် အပြုအမူ၊ အနေအထိုင် အစားသောက်တွေကိုဆင်ခြင်မယ်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပြီး ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်မယ်ဆိုရင်တော့ အသည်းက ပြန်ကျန်းမာလာမှာပါ။
အသည်းကို ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို ကိုယ်တိုင်ပြန်လည်ကျန်းမာလာစေဖို့ လည်း စွမ်းဆောင်နိုင်ပါတယ်။ အသည်းထိခိုက်မှုက သိပ်မပြင်းခင်မှာ သိရှိသတိထားမိပြီး အသည်းကျန်းမာစေ မယ့် အလေ့အထလေးတွေကို မွေးမြူ လုပ်ဆောင်မယ်ဆိုရင် အသည်းက ပြန်ကျန်းမာလာနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
နေထိုင်စားသောက်မှုပုံစံတွေက ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့်လည်း အသည်းရောဂါဖြစ်ပွားမှုတွေက မြင့်တက်နေတာပါ။ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ ဆိုဒါတွေ အချိုရည်တွေကို အသောက်များတာ၊ အသင့်စား အမြန်စားတွေကို အစားများတာ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီများတာနဲ့ အဝလွန်တာတွေ ခံစားနေရတာတွေကလည်း အသည်းပျက်စီးနိုင်ခြေကို တော်တော်လေး များစေတာကြောင့် နေ့စဉ်ရဲ့ နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ဆင်ခြင်ကြဖို့ အကြံပြုလိုက်ပါရစေ။





