ကိုယ်က ထမင်းစားနေတုန်း ဘေဘီလေးက လှမ်းကြည့်နေတာကို မြင်ရင်း အားနာနေတာနဲ့ ခေါင်းထဲမှာ တွေးမိတာက ဘေဘီလေးကို ထမင်းကျွေးလို့ ရမလားလို့ပေါ့။ ဘယ်အချိန်ဆိုရင် ဘေဘီလေးကို မန်းမန်း စခွံ့လို့ ရမလဲဆိုတာကို သိချင်နေပြီလား မေမေတို့ရေ… ဒါဆိုရင်တော့ ဘေဘီလေးကို ဘယ်အချိန်မှာ မန်းမန်း စကျွေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်နော်။
ဘေဘီလေးတွေကို ဘယ်အချိန်မှာ မန်းမန်း စကျွေးလို့ရမလဲ!
ဘေဘီလေးကို အသက် ၆ လအထိကိုတော့ မိခင်နို့ တစ်မျိုးတည်းနဲ့တင် အာဟာရပြည့်ဝလုံလောက်စွာ ရရှိနိုင်ပါတယ်။ ဘေဘီလေးက အသက် ၆ လ ပြည့်ပြီးပြီဆိုရင်တော့ ဘေဘီလေးကို ရေတိုက်လို့ ရသလို မန်းမန်းလည်း စကျွေးလို့ ရပါပြီ။
ဒီလိုဆိုတာနဲ့ ဘေဘီလေးက ၆ လပြည့်ပြီဆိုတာနဲ့ မန်းမန်း စကျွေးလို့ ရပြီလားဆိုတော့ ဒီအချက်လေးတွေကို သေချာလေး ဆန်းစစ်ကြည့်ဖို့လည်း လိုပါမယ်။
ဘေဘီလေးက အသက် ၆ လပြည့်ပြီး အခုလို လက္ခဏာလေးတွေ မြင်ရပြီဆိုရင်တော့ မန်းမန်း စခွံ့လို့ ရပါပြီ။
မန်းမန်းစားဖို့ ဘေဘီလေးက အသင့်ဖြစ်နေပြီဆိုရင်
- ကိုယ့်ခေါင်းကိုယ် နိုင်ပြီး သေချာထိုင်နိုင်ပြီ
- အစားအစာတွေကို စိတ်ဝင်စားရိပ် ပြပြီ
- အစားတစ်ခုခု ခွံ့ဟန်ပြရင် ပါးစပ်ဟပေးတတ်ပြီ
- အစားကို မျိုချတတ်ပြီစတဲ့ လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။
ဘေဘီလေးကို မန်းမန်း စကျွေးလို့ ရပြီဆိုရင် ဘာတွေ စကျွေးပေးသင့်လဲ!
ဘေဘီလေးကို မန်းမန်း စကျွေးလို့ ရပြီဆိုရင် ဘာတွေ စကျွေးပေးသင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ဘေဘီလေးက အသက် ၆ လပြည့်လို့ မန်းမန်းစစားလို့ ရပြီဆိုရင် လူကြီးတွေ စားတဲ့အစားအစာတွေကို ခွံလို့ မရပါဘူး။ ဖွံ့ဖြိုးနေတဲ့ သူတို့ရဲ့ အူလေးတွေ အစာအိမ်လေးတွေမှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ ဘေဘီလေးကို သေချာနူးအိအောင် ချက်ပြုတ်ပြီး ကြိတ်ခြေထားတဲ့ ထမင်း၊ ဆီရီယယ်၊ ကန်စွန်းဥ၊ ဟင်းသီးဟင်းရွက်တွေကို နည်းနည်းချင်းစီ ခွံ့ပေးလို့ ရပါတယ်။
ကလေးက အစားနဲ့ ဓာတ်တည့်ရဲ့လား ဆိုတာကို သိဖို့ဆိုရင် အစားတစ်မျိုးကို ရက်အတော်ကြာအောင် ကျွေးပေးဖို့ လိုပါမယ်။ ကလေးကို နေ့တိုင်းမှာ အသီးအရွက်လေးတွေကို အစာကြေလွယ်စေမယ့်ပုံစံမျိုး ပြင်ဆင်ပေးဖို့ လိုပါမယ်။
ကလေးကို အသက် ၆ လပြည့်လို့ မန်းမန်းစစားပြီဆိုရင်လည်း ကလေးကို မိခင်နို့ ဆက်တိုက်နေဖို့ လိုပါမယ်။ ကလေးကို ထမင်းစစားပြီဆိုရင် ထမင်း၊ ပဲနီလေး၊ ကြက်သား (အရေခွံမပါ)၊ ရေချိုငါး၊ ကြက်ဥ၊ အသီးအရွက် စတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။
ကလေးကို ထမင်းစကျွေးပြီဆိုရင် အသုံးအဆောင်တွေကို သေချာလေး သန့်စင်ဆေးကြောပေးဖို့လိုမှာ ဖြစ်သလို အစားအသောက်တွေကို ပြင်ဆင်ချိန်မှာလည်း သန့်ရှင်းရေးကို သေချာဂရုစိုက်ဖို့ လိုပါမယ်။ အစားအစာတွေ ပြင်ဆင်ချိန်မှာ ဆား၊ အချိုမှုန့်၊ ကြက်သားမှုန့်စတာတွေကို မသုံးဘဲ သဘာဝအရသာအတိုင်း ပြင်ဆင်ချက်ပြုတ် ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ကလေးကို အာဟာရပြည့်ဝစေမယ့် အစားအစာတွေကို ပြင်ဆင်ပေးဖို့ လိုသလို သေချာလေး ကျက်အောင် ချက်ပြုတ်တာ၊ ပူပူနွေးနွေးပြင်ဆင်ပေးတာမျိုး လုပ်ပေးဖို့ လိုပါမယ်။ ကလေးတိုင်းရဲ့ အာဟာရ လိုအပ်ချက်နဲ့ ကြီးထွားဖွံ့ဖြိုးမှုနှုန်း မတူတာကြောင့် ကလေးရဲ့ ဆရာဝန်နဲ့ သေချာလေးဆွေးနွေးတိုင်ပင်ဖို့လည်း လိုပါမယ်။