ဩဇာသီးကို စားကြပေမယ့် ဩဇာရွက်ကိုတော့ စားလေ့ မရှိကြပါဘူး။ ဒါပေမယ့် ဩဇာရွက်က လက်ဖက်ခြောက်လိုမျိုး အခြောက်ခံပြီး သောက်လို့ ရပါတယ်။ ဒီလိုသောက်တာက ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ရှိတယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ ဩဇာရွက်က ဘယ်လို ကျန်းမာရေး ကောင်းကျိုးရှိမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ဩဇာရွက် ကျန်းမာရေးကောင်းကျိုးရှိမလား!
ဩဇာရွက် ကျန်းမာရေးကောင်းကျိုးရှိမလား! ဆိုတော့ ဩဇာရွက်မှာ ဓာတ်တိုးဆန့်ကျင်စ္စည်း ကြွယ်ဝသလို ဖလေဗာနွိုက်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။
- သွေးပေါင်ထိန်းညှိပေးနိုင်တယ်
ဩဇာရွက်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုး သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးကျဆေး သောက်နေရတဲ့သူတွေဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
- နှလုံး ကျန်းမာစေနိုင်တယ်
ဩဇာရွက်မှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးကြောတွေထဲက သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အစာကြေစေနိုင်တယ်
အမျှင်ဓာတ် ကြွယ်ဝတဲ့ ဩဇာရွက်က အစာကြေစေဖို့ရော အူလမ်းကြောင်းတွေ ကျန်းမာစေဖို့ပါ ထောက်ကူ ပေးနိုင်ပါတယ်။
- ကိုယ်ခံအား ကောင်းစေနိုင်တယ်
ဩဇာရွက်က ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဖျားနာမှု ကင်းချင်တယ် ဆိုရင် ဩဇာရွက်ကို ရေနွေးကြမ်းလို သောက်ပေးလို့ ရပါတယ်။
- အသည်း ကျန်းမာစေတယ်
ဩဇာရွက်မှာ Bioactive ဒြပ်ပေါင်း ပါဝင်နေတာကြောင့် အသည်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသည်းဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မိတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အရောင်ကျစေနိုင်တယ်
ဩဇာရွက် ရေနွေးကြမ်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။
- အနာကျက်စေနိုင်တယ်
ထိခိုက်ရှနာတွေ ဖြစ်တဲ့အခါ ဩဇာရွက်ကို ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး သတ္တုရည်ကို အနာကို လိမ်းပေးမယ်ဆိုရင် အနာကျက်မြန်စေမှာပါ။
- သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်တယ်
ဩဇာရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အင်ဆူလင်ထုတ်လုပ်မှုကို တိုးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
ဒါလေးတွေ သတိထားပေးပါ
ဩဇာရွက်က ကျန်းမာရေး ကောင်းကျိုးများတယ်ဆိုပေမယ့် ရေနွေးကြမ်းအနေနဲ့ သောက်မယ်ဆိုရင် တစ်နေ့ကို တစ်ခွက်ပဲ သောက်ဖို့လိုပါမယ်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံ တစ်ခုခု ရှိသူတွေအနေနဲ့ မသောက်သုံးသင့်ပါဘူး။
Lotoshinn ရဲ့ စကားလက်ဆောင်
ဩဇာရွက်က ကျန်းမာရေး ကောင်းကျိုးများပေမယ့် ရောဂါအခံ ရှိမယ်။ ကိုယ်ဝန်ဆောင်မိခင် ဖြစ်မယ်။ နို့တိုက်မိခင်ဖြစ်မယ်ဆိုရင်တော့ မသောက်သင့်ပါဘူး။ ပုံမှန်သူတွေအနေနဲ့လည်း အလွန်အကျွံ မသောက်သင့်ပါဘူး။