လူတော်တော်များများဟာ ကိုယ်လက်လေ့ကျင့်ခန်းတွေကို အကြောင်းအရင်း အမျိုးမျိုးနဲ့ လုပ်ကြပါတယ်။ သက်လုံကောင်းချင်လို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေဖို့၊ ဝိတ်ကျစေဖို့ စတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ပေါ့။ အချို့ကျတော့လည်း ကိုယ်ခန္ဓာ အချိုးအစား လှပချင်လို့ဆိုတာမျိုးပေါ့။
လေဒီလေးတွေ အများစုကတော့ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်လှပစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ကြတာ များပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ ကောင်းကျိုး များပါတယ်။ ဒီတစ်ခေါက်မှာတော့ လေဒီလေးတွေအနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ဘယ်လိုမျိုး ကျန်းမာရေးကောင်းကျိုးတွေ ရနိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
လေ့ကျင့်ခန်းလုပ်တာ ကောင်းကျိုးများသလား!
လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ တော်တော်လေး အရေးပါပါတယ်။ ကျန်းမာရေး ကောင်းစေသလို ခန္ဓာကိုယ် အချိုးအစားကိုလည်း ပြေပြစ် လှပစေပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို စိတ်ကျန်းမာရေးလည်း ကောင်းစေနိုင်ပါတယ်။
လေဒီလေးတွေထဲမှာလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ်။ တစ်နေ့ကို ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၃၀ ထက် မနည်း လုပ်ဆောင်တဲ့ လေဒီလေးတွေက တက်ကြွသွက်လက်နေပြီး ကျန်းမာရေးလည်း ကောင်းကြပါတယ်။ အသားအရေကစလို့ စိတ်ရောကိုယ်ပါ ကျန်းမာကြပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ လေဒီလေးတွေ ပိုကျန်းမာကြတယ်
လေဒီလေးတွေ အနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင်
ကိုယ်အလေးချိန် ထိန်းနိုင်မယ်
လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ ဝိတ်ကျစေနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ အမျိုးသားတွေလောက် ကိုယ်အလေးချိန် ကျဖို့ မလွယ်ပါဘူး။ အထူးသဖြင့် မီးဖွားပြီး အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်ကာလက တက်နေတဲ့ ဝိတ်တွေကို ပြန်ချဖို့ ခက်ခဲတာမျိုး ရှိနိုင်ပါတယ်။
လေဒီလေးတွေအနေနဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေဖို့ဆိုရင် ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်ကာလအတွင်းနဲ့ မီးဖွားပြီးချိန်တွေမှာပါ သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပြီး ကိုယ်အလေးချိန် ထိန်းဖို့ လိုပါမယ်။
နှလုံး ကျန်းမာစေမယ်
လေဒီလေးတွေ အနေနဲ့ သွေးဆုံးချိန်ကို ရောက်လာတဲ့အခါ ကိုယ်တွင်းမှာ အီစထရိုဂျင် ဟော်မုန်း နည်းလာတာကြောင့် ကြွက်သားဆုံးရှုံးတာ ဖြစ်လာနိုင်ပါတယ်။ ဒီလို ကြွက်သားဆုံးရှုံးရတာက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေနှေးသွားတာကြောင့်ပါ။ ဒါကြောင့်လည်း အလွယ်တကူ အဆီတက်လာတာပါ။
အထိုင်များတာတွေကြောင့်လည်း ဒီလိုကာလတွေမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းဝေးစေဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်တာက အထိရောက်ဆုံး ကာကွယ်မှုပါ။
စိတ်ခံစားမှု ကောင်းစေမယ်
ရာသီလာနေချိန်မှာ လေဒီလေးတွေဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရပါတယ်။ အကြောင်းကတော့ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲသွားတာကြောင့်ပါ။ လေ့ကျင့်ခန်း လုပ်တာက endorphins ဟော်မုန်းတွေကို ထွက်စေတာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာကို သက်သာစေနိုင်ပါတယ်။
အရိုးပွရောဂါ ကာကွယ်နိုင်မယ်
အရိုးသိပ်သည်းဆ လျော့ကျလာတဲ့အခါ အရိုးပွရောဂါကို ခံစားလာရနိုင်ပါတယ်။ အရိုးပွရောဂါက အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးသလို အရိုးသိပ်သည်းဆကိုလည်း ထိန်းပေးနိုင်တာကြောင့် အသက်အရွယ်ရလာချိန်မှာ ခံစားရနိုင်တဲ့ အရိုးပွတာ၊ အရိုးပါးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
အသားအရေ ကျန်းမာစေမယ်
လေဒီလေးတွေ နဲ့ အသားအရေ ထိန်းသိမ်းမှုက ခွဲထားလို့ မရတဲ့ အရာတွေပါ။ လေ့ကျင့်ခန်း လုပ်တာက အရေပြားကို ကျန်းမာစေနိုင်သလို အရွယ်တင်နုပျိုစေနိုင်ပါတယ်။ အရေပြားပြဿနာတွေကို ကင်းစေပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။
ရင်သားကင်ဆာ ကာကွယ်နိုင်မယ်
ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာ တစ်မျိုးပါ။ ရင်သားကင်ဆာ ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။ လေဒီလေးတွေအနေနဲ့ လေ့ကျင့်ခန်း လုပ်ပေးတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၂၀% အထိလျှော့ချနိုင်ပါတယ်။ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့ မျိုးရိုးရှိမယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးရင်း ပုံမှန် စစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ပေးဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
လေ့ကျင့်ခန်း လုပ်တာက လူတိုင်းကို ကျန်းမာစေတာပါ။ တစ်နေ့တာမှာ မိနစ် ၂၀ ကနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပေးခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာပြီး နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။ ဒါကြောင့် လေဒီလေးတွေအနေနဲ့ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်ရင်း ကျန်းမာတဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင်ဖန်တီးကြဖို့ တိုက်တွန်းလိုက်ပါရစေ။