ဆီးချိုကြောင့် အသည်းပျက်စီးနေပြီလား!

ဆီးချိုကြောင့် အသည်းပျက်စီးနေပြီလား!
ဆီးချိုကြောင့် အသည်းပျက်စီးနေပြီလား!

ဆီးချိုဆိုတာကို တော်တော်များများ ကြားဖူး သိရှိဖူးပြီး ဖြစ်မှာပါ။ ၁၉၉၀ ခုနှစ်ပိုင်းတွေက ဆီးချိုဆိုတာက  ကြားရခဲပြီး လူနည်းစုလောက်မှာပဲ ဖြစ်တဲ့ ကျန်းမာရေးပြဿနာဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ လူလတ်ပိုင်းတွေမှာ ဆီးချိုဖြစ်တာ တော်တော်လေး များလာပါ။ 

ဆီးချိုက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်သလို သေချာဂရုစိုက်တာမျိုး မရှိဘူးဆိုရင် အသည်း၊ ကျောက်ကပ်၊ နှလုံးစတဲ့ အစိတ်အပိုးလေးတွေကို ထိခိုက်ပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကြောင့် နောက်ဆက်တွဲ အသည်းထိခိုက်တာမျိုး ဖြစ်လာရင် ဘယ်လိုတွေ ခံစားရနိုင်လဲဆိုတာကို သိရှိကာကွယ်နိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးလိုက်ပါတယ်။

ဆီးချိုဆိုတာ ဘာလဲ!

ဆီးချိုဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ပေါ့။ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအသောက်တွေ မှာပါတဲ့ သကြားဓာတ်ကို ချေဖျက်ဖို့ အင်ဆူလင်ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်လုပ်နိုင်တာ ဒါမှမဟုတ် လုံးဝမထုတ်လုပ်နိုင်တော့တဲ့ အခြေအနေကို ဆိုလိုတာပါ။ 

ဆီးချိုမှာ မွေးရာပါ ဆီးချိုလို့ ဆိုရမယ့် အမျိုးအစား-၁ ဆီးချိုနဲ့ အရွယ်ရောက်ပြီးချိန်မှာ ဖြစ်ပေါ်ခံစားရတဲ့ အမျိုးအစား-၂ ဆီးချိုဆိုပြီး ရှိပါတယ်။ နောက်ထပ်တွေ့ရနိုင်တာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဖြစ်သူမှာ ဖြစ်ပေါ်ခံစားရတဲ့ ကိုယ်ဝန်ဆောင်ဆီးချိုပါ။

ဆီးချိုကြောင့် အသည်းပျက်စီးနေပြီလား!

ဆီးချိုရောဂါကြောင့် အသည်းထိခိုက်ပျက်စီးနေပြီဆိုရင် 

  • အမြဲလိုလို ပင်ပန်းနေတာ

လူတော်တော်များများက တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပြီးချိန်မှာ ပင်ပန်းမှုကို ခံစားရနိုင်တာက ပုံမန်ပါပဲ။ ဒီလိုမှ မဟုတ်ဘဲ တစ်နေ့တာလုံးမှာ အချိန်တိုင်းလိုလို ပင်ပန်းနေတယ်။ ခြေကုန်လက်ပမ်းကျနေတယ်ဆိုရင်တော့ သွေးထဲကအဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်တာမျိုး မရှိတာကြောင့်ပါ။ 

ဆီးချိုသမားတွေရဲ့ အသည်းက သွေးတွင်းအဆိပ်တွေကိုရော အဆီတွေကိုပါ ဖယ်ရှားဖို့ ပုံမှန်ထက် ပိုရုန်းကန်ရတဲ့ အခြေအနေကြောင့် ခြေကုန်လက်ပမ်းကျတာကို ခံစားရတာပါ။ 

  • မျက်သားတွေနဲ့ အသားတွေ ဝါနေတာ

အသည်းရောင်အသားဝါလို့ သိကြတဲ့ ဒီအခြေအနေကို ခံစားနေတယ်ဆိုတာက အသည်းက ကျန်းမာမှု အားနည်းနေပြီဆိုတာကို ပြသနေတာပါ။ သွေးနီဥဆဲလ်တွေကို ဖြိုခွဲတဲ့အချိန်မှာ အဝါရောင်ခြယ်ပစ္စည်းတစ်မျိုး ခန္ဓာကိုယ်ထဲမှာ ထွက်ရှိလာပါတယ်။ အသည်းက အဝါရောင်ခြယ်ပစ္စည်းတစ်မျိုးကို ဖြိုခွဲနိုင်တယ်ဆိုပေမယ့် ကျန်းမာမှု မရှိတဲ့ အသည်းကတော့ ဒီရောင်ခြယ်ပစ္စည်းကို မဖြိုခွဲနိုင်တဲ့အခါ မျက်ဖြူသားတွေနဲ့ အသားအရေတွေ ဝါလာတာကို ခံစားရနိုင်ပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ ဒီအခြေအနေကို ခံစားနေရပြီဆိုရင် ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။ 

  • ဗိုက်အောင့်တာ

ဗိုက်ရဲ့ ညာဘက်ခြမ်း အသည်းရှိတဲ့နေရာက ပြင်းပြင်းထန်ထန်အောင့်တာ၊ ဗိုက်ကြီးက ဖောင်းနေတာမျိုး ဖြစ်မယ်ဆိုရင် အသည်းက အလုပ်ကောင်းကောင်း မလုပ်နိုင်တာကြောင့် ဗိုက်ထဲမှာ ရေတွေဖြစ်နေတာ၊ အသည်းရောင်တာလိုမျိုး ကျန်းမာရေးအခြေအနေကို ခံစားနေရတာပါ။

  • ဆီးအရောင်ရင့်တာ၊ ဝမ်းအမည်းတွေ သွားတာ

ဆီးအရောင်က အဝါရောင်ရင့်ရင့် ဖြစ်နေတာ ဝမ်းတွေက ကတ္တရာစေးလို မည်းနေတာမျိုး ဖြစ်မယ်ဆိုရင် အသည်းက လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမလုပ်ဆောင်နိုင်တော့တာကြောင့် ရောင်ခြယ်ပစ္စည်းတွေ သွေးကြောထဲကို ပြန့်နှံ့ရောက်ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ ဒီအခြေအနေမျိုးမှာ အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။

  • အစားစားချင်စိတ် မရှိဘဲ ကိုယ်အလေးချိန်ကျလာတာ

အစားတွေကို စားချင်စိတ် လုံးဝမရှိတာ၊ ဗိုက်ထဲ အမြဲလိုလို ပြည့်အင့်နေပြီး ဘာမှ မစားချင်တာမျိုးက အသည်းက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာကြောင့်ပါ။ ဒီလို အစားမစားတာက ရေရှည်မှာ ကိုယ်အလေးချိန်ကို ကျဆင်းစေပြီး အစားမမှန်တာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့လည်း ခက်စေနိုင်ပါတယ်။ 

ဒါကြောင့် အစားအစားချင်စိတ် မရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက် ထိုးကျတာမျိုးဖြစ်မယ်ဆိုရင် သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ 

ဆီးချိုရောဂါက နာတာရှည်ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန် ထိန်းသိမ်းတာမျိုး မရှိဘူးဆိုရင် သွေးကြောတွေ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေသလို အချိန်ကြာလာတာနဲ့ အမျှ ကျောက်ကပ်၊ အသည်း၊ နှလုံးစတဲ့ အစိတ်အပိုင်းတွေကိုလည်း ပျက်စီးစေပါတယ်။ ဆီးချိုက ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာ၊ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကိုလည်း ခံစားရစေနိုင်ပါသေးတယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဆီးချိုက နာတာရှည် ကျန်းမာရေးပြဿနာဆိုပေမယ့် ကုသမှုကို သေချာလေး ခံယူမယ်။ ဆေးကို ပုံမှန် သောက်မယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ရင်း နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်မယ်ဆိုရင်တော့ ပုံမှန်လူတစ်ယောက်လိုပဲ ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့နေနိုင်မှာပါ။

ဒါကြောင့် ဆီးချိုနောက်ဆက်တွဲအနေနဲ့ အသည်းထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ဆိုရင် အခုပြောပြခဲ့တဲ့ လက္ခဏာတွေကို သေချာလေးစောင့်ကြည့်ပြီး လိုအပ်တဲ့ ကုသမှုကိုခံယူဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *