မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာတာသည်နှင့် အမျှ မိုဘိုင်းဖုန်းများသည် လူများ၏ လူမှုဘဝတွင် ပိုမိုအရေးပါလာသည်။ ၎င်းအခြေအနေနှင့် ဆက်စပ်၍ မိုဘိုင်းဖုန်းအရောင်းဆိုင်ဖွင့်လှစ်သည့် လုပ်ငန်းများလည်း စိတ်ဝင်စားစရာစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာနေပြီဖြစ်သည်။ အဆိုပါလုပ်ငန်းကို ဝင်ရောက်ရင်းနှီးလုပ်ကိုင်လိုသူများလည်း ပေါများလာသည်။ ထို့ကြောင့် မိုဘိုင်းဖုန်းဆိုင်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ဆိုင်ဖွင့်လှစ်မည်ဆိုပါက ကြိုတင်ပြင်ထားသင့်သည့်အချက် (၆) ချက်ကို ဖော်ပြပေးလိုက်ပါသည်။
၁။ အရင်းအနှီးဘယ်လောက်သုံးမှာလဲ သေချာဆုံးဖြတ်ပါ
အရင်းအနှီးပမာဏသည် မိမိဖွင့်လှစ် လိုသည့်နေရာ၊ မိမိကိုယ်တိုင် သုံးစွဲနိုသည့်ပမာဏ ဆိုင်အရွယ်အစားများအပေါ် အဓိကမူတည်သည်။ စားပွဲတစ်လုံး မိုဘိုင်းဖုန်း ၁၀ လုံး အလုံး ၂၀ နှင့် ငွေဖြည့်ကတ်ရောင်းသည့် ဆိုင်မှ ကျပ်သိန်း ရာထောင် ချီရင်းနှီမြှုပ်နှံသည့် ဆိုင်ကြီးများအထိ မိမိလက်ဝယ်တွင် ရှိသည့်အရင်းအနှီးပမာဏအပေါ်မူတည်၍ လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ ဆိုင်အရွယ်အစားပေါ်မူတည်၍ ကုန်ကျစရိတ် ပိုမိုများပြားလာမည်ဖြစ်သည်။ ဆိုင်အပြင်အဆင်၊ နေရာ၊ ဝန်ထမ်းခန့်ထားမှု စသည်များအတွက် ကုန်ကျစရိတ်များကိုလည်း ကြိုတင်စဉ်းစား ထည့်သွင်းတွက်ချက်ထားရမည်ဖြစ်သည်။ မိမိ တတ်နိုင်သည့် ပမာဏအပေါ်မူတည်ပြီး နေရာ၊ ဆိုင်ပေါ်တင်ရောင်းမယ့် ပစ္စည်းတွေကို စဉ်းစားသင့်သည်။
၂။ ဝန်ထမ်း ဘယ်လိုခန့်မလဲ ကြိုတင်စဉ်းစားထားပါ
မိုဘိုင်းဖုန်းဆိုင်များတွင် အဓိက ခန့်ထားကြသည့် ဝန်ထမ်းများမှာ အရောင်းဝန်ထမ်းနှင့် Services သမားတို့ဖြစ်သည်။ အချို့အရောင်းဆိုင်ခပ်သေးသေးများတွင် အရောင်းဝန်ထမ်းများသာ ခန့်အပ်ပြီး ဆိုင်ရှင်မှ ကိုယ်တိုင် Services လုပ်ကြသည်များလည်းရှိသည်။ မိုဘိုင်းဖုန်းဆိုင်အကြီးကြီးများတွင်မူ စာရင်းကိုင်၊ လုံခြုံရေးများကိုပါ ခန့်ထားကြပါသည်။ အရောင်းဝန်ထမ်းများကို ရုပ်ရည်နှင့် ဆက်ဆံရေးပြေပြစ်ကောင်းမွန်မှုအပေါ်အခြေခံရွေးချယ်သင့်ပြီး မိုဘိုင်းဖုန်းပြုပြင်မှုဆောင်ရွက်မည့် Services သမားများကိုမူ အတွေ့အကြုံအပေါ်မူတည်စဉ်းစားရွေးချယ်သင့်သည်။
၃။ ဝန်ဆောင်မှုကောင်းအောင် ဘယ်လိုလုပ်မလဲ ကြိုတင်စဉ်းစားပါ
မိုဘိုင်းဖုန်းဆိုင်တွေ ဝန်ဆောင်မှုက အရေးကြီးသည်။ ပထမ တစ်ချက်မှာ Customer များ နှင့် ဆက်ဆံရေးဖြစ်သည်။ ဆက်ဆံရေးကောင်းမွန်သောဆိုင်များကို Customer များကသဘောကျသည်မြှ သဘာဝသာဖြစ်သည်။ Customer များ နှင့်ဆက်ဆံရေးကောင်းမွန်ခြင်းသည် ရောင်းအားအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ နောက်ထပ်တစ်ချက်က ကုန်ပစ္စည်းနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှု (Services) အပိုင်းဖြစ်သည်။ မိမိဆိုင်က လုပ်ပေးနိုင်သည့်အရာရှိ သကဲ့သို့ မလုပ်ပေးနိုင်သည်များလည်းရှိနိုင်သည်။ မိမိဆိုင်မှ မဖြေရှင်းပေးနိုင်သည့် ကိစ္စရပ်များကို Customer များအနေဖြင့် မည်ကဲ့သို့ ဖြေရှင်းလျှင်အဆင်ပြေနိုင်သည် ဆိုသည်လောက်ပြောပေးလျှင်ပင် ၎င်းကို ကျေးဇူးတင်ကြပေမည်။
၄။ လုပ်ငန်းနယ်ပယ်အကြောင်းကို ကြိုတင်လေ့လာပါ
ကြိုတင်ပြင်ဆင်ထားသင့်သည်က မိုဘိုင်းဖုန်းများ၏ Software ပိုင်း၊ Hardware ပိုင်းဆိုင်ရာများကို ကြိုတင်လေ့လာထားရမည်ဖြစ်သည်။ မိုဘိုင်းဖုန်းအရောင်းဆိုင်လုပ်ငန်းသည် လုပ်ငန်း စလုပ်မည်ဆိုပါက မိုဘိုင်းဖုန်းများ အကြောင်း စနစ်တကျလေ့လာထားရန်လိုအပ်သည်။ အနည်းဆုံး မိုဘိုင်းဖုန်းပြုပြင်ရေး သင်တန်းများ တက်ထားခြင်းမျိုးပြုလုပ်ထားသင့်သည်။ မိုဘိုင်းဖုန်းပြုပြင်ရေး သင်တန်းများမှာလည်း ယခုအခါပေါများနေပြီဖြစ်ပြီး ၃ လပြတ်၊ ၆ လပြတ် စသည်ဖြင့် ရွေးချယ်တက်ရောက်နိုင်သည်။
ကိုယ်တိုင်သင်တန်းတက်ထားသည့်အတွက် အချို့က Services ဝန်ထမ်းမခန့်ကြပဲ ကိုယ်တိုင် Services လုပ်ကြသည်များလည်းရှိသည်။ Services Center ကြီးများနှင့် ချိတ်ဆက်လုပ်ကိုင်ကြသည့် ဆိုင်များလည်းရှိသည်။ လက်ရှိအချိန်တွင် ကျွမ်းကျင် Services သမားရှားပါးမှုကြောင့် မိမိကိုယ်တိုင် လေ့လာထားခြင်းသည် အကောင်းဆုံးဖြစ်သည်။ အနည်းဆုံး မိမိကိုယ်တိုင် ပြုပြင်မှုများပြုလုပ်နိုင်သကဲ့သို့ Services သမားကိုလည်း ဘာလုပ်သင့်သည်ကို လမ်းညွှန်နိုင်မည်ဖြစ်သည်။ နည်းပညာနှင့် လုပ်ငန်းနယ်ပယ်ကို အတန်အသင့်လေ့လာထားမှသာ မိမိလုပ်ငန်းသဘောသဘာဝကို နားလည်နိုင်မည်ဖြစ်သည်။
၅။ ဘယ်လိုပစ္စည်းတွေရောင်းမလဲ
မိုဘိုင်းဖုန်းအရောင်းဆိုင်ဖွင့်လှစ်မည်ဆိုပါက ဆိုင်တည်ရှိနေသည့်နေရာ၊ Customer အခြေအနေပေါ်မူတည်ပြီး ကိုယ်ရောင်းမည့် ပစ္စည်းကို ရွေးချယ်တင်သင့်သည်။ Customer အများစုသည် ဈေးနှုန်းကြီးမြင့်သည့် မိုဘိုင်းဖုန်း အမှတ်တံဆိပ်များကို သုံးစွဲနိုင်စွမ်းမရှိသည်ကို မမေ့သင့်ပေ။ တန်ဖိုးမြင့်ဖုန်းများကို အဆင်ပြေသလို တဖြည်းဖြည်းခြင်းတိုးချဲ့ ထည့်သွင်းသွားလျှင် အကောင်းဆုံးဖြစ်သည်။ မိုဘိုင်းဖုန်းဆိုင်ဆိုသည်မှာ အရင်းအနှီးနှင့် ကုန်ပစ္စည်းများကို တဖြည်းဖြည်းခြင်း တိုးချဲ့မြှင့်တင်သွားရမည်သာဖြစ်သည်။
ဆိုင်ဖွင့်တော့မယ်ဆိုပါက Screen Guard၊ ကာဗာ၊ ငွေဖြည့်ကတ်ကဲ့သို့သော Accessories များကို ပြည့်ပြည့်စုံစုံနှင့် စုံစုံလင်လင်ပြင်ဆင်ထားသင့်သည်။ အဆိုပါပစ္စည်းများသည် အရင်းနည်းနည်းနှင့် များများစားစားရောင်းချရသည့် ပစ္စည်းများဖြစ်သည့်အတွက် အဓိကထားရောင်းချသင့်သည့် ပစ္စည်းများဖြစ်သည်။ အဆိုပါပစ္စည်းများသည် Customer များ အတွက် မကြာခဏ လိုအပ်လေ့ရှိသည့် ပစ္စည်းများလည်းဖြစ်သည်။
၆။ အချိတ်အဆက် ဘယ်လိုရှာမလဲ
ဆိုင်စတင်ဖွင့်မည်ဆိုပါက မိုဘိုင်းဖုန်းအပါအဝင် လိုအပ်သည့် ပစ္စည်းများ ရယူရန် အချိတ်အဆက်များ လိုအပ်သည်း။ သို့သော် အချိတ်အဆက်များသည် မိုဘိုင်ဖုန်းဆိုင်ဖွင့်လှစ်ဖူးသူများသာ သိရှိကြသောကြောင့် မိမိဆိုင်ဖွင့်လှစ်မည်ဆိုပါက မိမိကို ချိတ်ဆက်ပေးနိုင်မည့် မိတ်ဖက်မိုဘိုင်းဖုန်းဆိုင်များ ကြိုတင်ချိတ်ဆက်ထားသင့်သည်။ သို့မဟုတ်ပါကလည်း လုပ်ငန်းနယ်ပယ်အတွင်း လေ့လာ၍ ပိုမိုဈေးသက်သာသည့် မိမိဆိုင်နှင့် သင့်လျော်သည့် လက်ကားဆိုင်ကြီးများကို ကြိုတင်လေ့လာချိဆ်ဆက်ထားသင့်သည်။ Handset ကုန်သည်အများစုသည် ယိုးဒယားနှင့် တရုတ်မှ တင်သွင်းကြသောကြောင့် ယင်းဒေသဘက်တွင် ကုန်ကူးကြသည့် ကုန်သည်တွေများသိထားပါက ပိုအဆင်ပြေနိုင်သည်။ ထို့အပြင် ပြည်တွင်းတွင် မိုဘိုင်ဖုန်းဖြန့်ချိနေသည့် ကုမ္ပဏီများလည်းရှိကာ အဆိုပါကုမ္ပဏီများနှင့်လည်း ချိတ်ဆက် လုပ်ကိုင်နိုင်သည်။
ယင်းအပြင် စည်ပင်တွင် ဆိုင်အတွက် လုပ်ငန်းလိုင်စင်လျှောက်ထားလျှင်လည်း အများစုက လမ်းကြောင်းများ၊ ပတ်သတ်ရာ ပတ်သတ်ကြောင်းများနှင့် လျှောက်ထားကြရသည်များသည်။ ထို့ကြောင့် ယင်းအတွက်လည်း မည်ကဲ့သို့ ပြုလုပ်သင့်သည်ကို ကြိုတင်လေ့လာထားသင့်သည်။
ထို့ကြောင့် မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခု တည်ထောင်တော့မည်ဆိုပါက ဖုန်းဆိုင်များ၏ သဘောသဘာဝနှင့် လုပ်ငန်းနယ်ပယ်အကြောင်းကို အရင်လေ့လာသင့်ရမည်ဖြစ်သည်။ မိမိကိုယ်တိုင် ကြိုတင်မလေ့လာထားပဲ ဝန်ထမ်းများသာ ငှားရမ်း၍ ဆိုင်စထောင်မည်ဆိုပါကလုပ်ငန်းအဆင်ပြေရန် မလွယ်ကူပေ။ မိမိကိုယ်တိုင် နည်းပညာနှင့် လုပ်ငန်းနယ်ပယ်အကြောင်းကို နားလည် သဘောပေါက်မှသာ လုပ်ငန်းလုပ်ကိုင်ရန် အဆင်ပြေနိုင်မည်ဖြစ်သည်။
ရဲဇွန်အောင်
ဧပြီ၊ ၂၀၁၄
The Voice Weekly