ခုခေတ်ထဲ မြင်ရပြုရ အဆင်မပြေတာလေးတစ်ခု အားအားယားယား ပြောဦးမယ်။ အရမ်းကို တက်ကြွပြီး အမျိုးသားထုကြီးကို တော်လှန်ပြမယ့် Feminist တွေအကြောင်းပေါ့။
Feminist တွေနဲ့ ပတ်သက်ရင် ကိုယ်သဘောမတွေ့ဆုံးက အမျိုးသားတွေဟာ သူတို့ကို ဖိနှိပ်ချုပ်ခြယ်သူတွေ၊ အမျိုးသားတွေဟာ မကောင်းဘူးလို့ တစ်ထစ်ချတွက်ထားတဲ့အချက်ပဲ။ လူရယ်လို့ဖြစ်လာရင် အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ ဘာသာရေးနဲ့ မျိုးဗီဇတွေကြောင့် ရှင်သန်ရပ်တည်လာတဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်ခြင်းမတူခြားနားကြတယ်။ ဒီအချက် ၄ ချက်ပေါ်မူတည်ပြီး စရိုက်တွေ၊ အကျင့်တွေ၊ သဘာဝတွေဖြစ်လာတယ်။ အမျိုးသားတွေ ကြီးစိုးတဲ့ ခေတ်မှာ အမျိုးသားတွေ အားကောင်းတာ၊ ဦးဆောင်နေကြတာဟက ပတ်ဝန်းကျင်၊ ဓလေ့ထုံးတမ်း၊ သမိုင်းနဲ့ ဘာသာရေးလို အရာတွေက ပုံသွင်းပေးလိုက်တာ။ ဒါကို လက်ဆင့်ကမ်းလာသူတွေက နောက်မျိုးဆက်ဆီ ဒါကိုပဲ ပြန်လက်ဆင့်ကမ်းမှာပဲ။
ဒါဆို နောက်မျိုးဆက်ဆီကို သမမျှတတဲ့ အိုင်ဒီယာမျိုး လက်ဆင့်ကမ်းလာအောင် လုပ်ဖို့လိုတယ်။ ဒါဆို ဘယ်လိုလုပ်မလဲ။ ဒီကနေ့ခေတ်ဟာ ပညာရေး၊ နည်းပညာနဲ့ နိုင်ငံရေးစနစ်တွေနဲ့ တည်ဆောက်ထားတာ။ တစ်ခုခုပြောင်းလဲချင်တယ်ဆိုရင် ကိုယ့်ဘေးနားက ကိုယ့်မိသားစုထဲက ယောင်္ကျားတွေကိုစပြောင်းရမယ်။ ပြီးရင် စနစ်ကြီးတစ်ခုလုံး၊ အိုင်ဒီယာတွေ၊ အတွေးအမြင်တွေအားလုံးပြောင်းအောင် အပေါ်ကဒေါက်တိုင်တွေကို ပြောင်းပစ် ပြင်ပစ်ရမယ်။ အဲ့ဒီကနေ လူ့အဖွဲ့အစည်းနဲ့ ကိုးကွယ်ယုံကြည်မှုအထိ လိုက်ပြီး ပြောင်းလဲပစ်ရမယ်။ အတွေးအခေါ်ဟောင်းတွေ ဖယ်ထုတ်နိုင်အောင် ကြိုးစားရမယ်။ ခုက Feminist ဆိုတဲ့လူအများစုက ယောင်္ကျားတွေကို မုန်းတယ်၊ ယောင်္ကျားတွေကို မုန်းတယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ် ဖင်လေးလှုပ်ပြီး အော်ပြသွားတာသာရှိတာ၊ တကယ်ရလဒ်ဖြစ်လာအောင် လုပ်ပြနိုင်တာ မြင်မိလို့လား။ မျက်စိထဲ Feminist လို့မမြင်ဘူး၊ Androphobia (အမျိုးသားများကို ကြောက်ရွံ့သည့် စိတ်ဝေဒနာ) ဖြစ်နေတယ်လို့ပဲ မြင်တယ်။

ဥပမာတစ်ခုဆိုကြစို့၊ သိပ်တော့ ထိလို့မကောင်းတဲ့ ဘာသာရေးအကြောင်း။ အဓိက ဘာသာကြီး ၄ ခုမှာ ဘယ် အမျိုးသမီးက ဘုရားဖြစ်ခွင့်ရလို့တုန်း။ ဘုရားဖြစ်ဖို့ ယောင်္ကျားဖြစ်ရမယ်၊ ယောင်္ကျားကမှ မြင့်မြတ်တယ်ဆိုတဲ့ အိုင်ဒီယာက ဘာသာတိုင်းမှာ ရှိတယ်။ ဒါပေမယ့် အဲ့ဒီ အမျိုးသားဘုရားတွေကို ဖင်ဘူးတောင်းထောင်နေအောင် ဆုတောင်းကြတာလည်း အမျိုးသမီးအများစုပဲ။ ထားပါတော့ ဘုရားကဝေးသေးတယ်။ လက်ရှိသာသာနာတွေကို ဦးဆောင်တဲ့ သာသနာပိုင်တို့၊ ပုပ်ရဟန်းမင်းကြီးတို့၊ အယာတိုလာတို့၊ ခါလစ်ဖ်တို့၊ ရက်ဘိုင်တို့မှာ ဘယ်တုန်းက အမျိုးသမီးမြင်ဘူးလို့လဲ၊ ဖြစ်ခွင့်ရှိလို့လား။
တကယ်လို့များ အမျိုးသမီးတွေက တန်းတူညီမျှမှုကိုလိုချင်တာ၊ မျှတမှုကို လိုချင်တာဆိုရင် ဘာသာရေးလို အတွေးအခေါ်လိုနေရာတွေကနေ စပြောင်းရမှာပဲ။ ဘုရားမဖြစ်ခဲ့တာတော့ ထားတော့။ သာသနာရေးမှာ အမျိုးသမီးတွေ တန်းတူညီမျှမှုရဖို့ မသင့်ဘူးလား။ ဘာသာရေးသတ်မှတ်ချက်တွေအရ မဖြစ်နိုင်ဘူးလို့ လက်ရှိလူတွေကတော့ ပြောမှာပဲ။ ဒီသတ်မှတ်ချက်တွေဟာ လူတွေက သတ်မှတ်ခဲ့ကြတာချည်း။ ခေတ်အဆက်ဆက် လူပေါင်းများစွာဟာ ဘုရားစကား နှုတ်ခပါတ်တော်ဆိုပြိး ကိုယ်ပြောချင်တာတွေ ထည့်ထည့်ရေးခဲ့တာကနေ ခုခေတ်မှာ ဘာသာရေးစည်းမျဉ်းတွေဖြစ်နေတာပဲ။ နောက်နှစ်ရာချီ ကြာချိန်မှာလည်း ဒီလိုဂျင်းတွေက ရှိနေဦးမှာပဲ။
ဒီနေ့ခေတ်မှာ Feminist အများစုရဲ့ အတွေးက ဖိနှိပ်ခံနေရတယ် တော်လှန်ယူရမယ်၊ တွန်းလှန်ယူရမယ်ဆိုတဲ့ အတွေးမျိုး။ တကယ်က အဲ့ဒီမှာတင် မှားနေတာ။ ဘာကိုမှ တော်လှန်ယူနေရမှာမဟုတ်ဘူး။ ကိုယ့်နေရာကိုယ်ပြန်ယူရမှာ။ သူတစ်ဝက်ကိုယ်တစ်ဝက်ဆိုတာကို ရင်ထဲ ထည့်ထားနိုင်ရင်ကို ကိစ္စတော်တော်များများကို ဖြေရှင်းလို့ရတယ်။ ယောင်္ကျားတွေကြီးစိုးတာမကြိုက်ဘူးဆိုရင် ပင်ပင်ပန်းပန်းကိစ္စတွေကျ အားနွဲတဲ့ မိန်းမသားတွေပါဆိုပြီး ဗလောင်းဗလဲလုပ်နေရင်တော့ ကန်ထုတ်ခံရမှာပဲ။ ဘယ်သူမှလည်း ယုံကြည်မှာမဟုတ်ဘူး။

အမျိုးသမီးတွေ သူတို့ အခွင့်အရေး သူတို့လိုချင်ရင် လူတွေရဲ့ အမြင်တွေ၊ ယုံကြည်မှုတွေကို ပြောင်းလဲ ပစ်ရမယ်မဟုတ်လား။ ကမ္ဘာပေါ်မှာ Matriarchy လို့ခေါ်တဲ့ မိခင်ကြီးစိုးတဲ့ လူ့အသိုင်းအဝိုင်း၊ ယဉ်ကျေးမှုခေတ်တစ်ခုရှိခဲ့ဖူးတယ်။ အဲ့ဒါကို Feminist ကြီးတွေ သိချင်မှလည်း သိကြလိမ့်မယ်။ အဲ့ဒီခေတ်ဟာ အမျိုးသားတွေ ကြီးစိုးတဲ့ခေတ်ထက် ပိုစောတယ်၊ ပြောရရင် ခုခေတ်ကြီးစိုးနေတဲ့ အဓိကဘာသာရေးအယူဝါဒကြီးတွေ မပေါ်ထွန်းခင်ခေတ်မှာ ဖြစ်ခဲ့တာ။ တကယ်လို့ ဘာသာရေးအယူဝါဒတွေ အဲ့ဒီခေတ်မှာ ပေါ်ထွက်လာတာဆိုရင် ကျွန်တော်တို့လည်း မိန်းမဘုရားကို ကိုးကွယ်ချင်ကိုးကွယ်နေကြရမှာလေ။
လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ Matriarchy စနစ်သုံးတဲ့ လူ့အဖွဲ့အစည်း ခပ်သေးသေးလေးတွေ ရှိနေပါသေးတယ်။ မြန်မာပြည်က လူမျိုးစု ၂ ခုလည်းပါတယ်။ အနည်းဆုံးတော့ ကိုယ့်တိုင်းပြည်က ပဒေါင်နဲ့ ဘွဲ့တွေကို အရင်လေ့လာကြည့်ကြသင့်တယ်။
ထားတော့ … ကျွန်တော် အမျိုးသား တစ်ယောက်ပါ။ ဒါပေမယ့် Androcentrism ကို သဘောမကျပါဘူး။ Radical Feminists တွေကိုလဲ မကြိုက်ဘူး။ အမျိုးသားက ပိုမြတ်တယ်၊ အမျိုးသမီးက ပိုသာတယ်ဆိုတာမျိုးကို ကျွန်တော် မယုံကြည်ဘူး။ လူတိုင်းဟာ သူ့အားသာချက်နဲ့သူရှိနေတာ၊ ယင်နဲ့ ယန် သဘောလိုပဲ။ နှစ်ဘက် သူ့သဘောတရားနဲ့သူ တည်ရှိနေမှ သမမျှပြီး ဟန်ချက်ညီနေတာ။ တစ်ဖက်ဖက်က ဟန်ချက်ယိုင်သွားရင် အဲ့ဒီအသိုင်းအဝိုင်းကြီးမှာလည်း တစ်ဖက်စောင်းနင်းတွေဖြစ်ပြီး ပြဿနာတွေပေါ်လာမှာပဲ။

အမျိုးသားတွေဟာ ရုပ်ပိုင်းဆိုင်ရာအရ နည်းနည်းပိုသာတယ်၊ အမျိုးသမီးတွေက ဉာဏ်ရည်ပိုင်းမှာ နည်းနည်းပိုသာတယ်။ ယောကျ်ားနဲ့ မိန်းမဟာ ပုံမှန်ဉာဏ်ရည်ဉာဏ်သွေး (General Intelligence) မှာ ကွာခြားမှုမရှိပေမယ့် မိန်းကလေးတွေက Verbal Ability စွမ်းရည်မှာ ပိုသာတာမျိုးပေါ့။ ဒါကိုက ဒီနှစ်ဖွဲ့ရဲ့ ဟန်ချက်ပဲ။ ဒါကိုနားလည်ဖို့တော့လိုတယ်။
အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ်လို့ နိမ့်ကျသူလို့ ထင်လာမြင်လာ၊ ရိုက်သွင်းခံလာရတော့ အမျိုးသားတွေက ပိုပြီးဖိနှိပ်ချင်လာတာမျိုးက ဖက်စောင်းနင်းမှုရဲ့ လက္ခဏာတစ်မျိုးလို့ဆိုရမှာပဲ။ အိပ်ယာပေါ်က ကိစ္စမှာတောင် အမျိုးသမီးဆိုတာ ဖျော်ဖြေခံ၊ ဖြည့်ဆည်းခံ သက်ရှိတွေ အသွင် ထင်မြင်ခံလာကြရတယ်မဟုတ်လား။ BDSM ကြိုက်လို့ Dominatrix တွေ Dominance တွေလို ခံယူထားရင်တော့ မပြောတတ်။ ဆိုတော့ တစ်ဖက်က တင်စီးလွန်းတာတင် ပြဿနာမဟုတ်ဘူး၊ တစ်ဖက်က အလျှော့ပေးလွန်းနေတာကိုလည်း ထည့်တွက်ဖို့လိုမယ်။ ဓလေ့ထုံးတမ်းအရကို ယောင်္ကျားတွေက မြင့်မြတ်တယ်။ အိမ်ဦးနတ်ဆိုတာမျိုး ရိုက်သွင်းခံထားကြရတယ်။ Stereotype Threat တွေ ခေါင်းထဲ အထည့်ခံနေရတာလေ။
အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ့်ကိုယ်ကို Feminist ကြီးပါလို့ ထထကြွေးကြော်ချင်တယ်ဆိုရင် အသိုင်းအဝိုင်းတစ်ခုလုံးကို ပြောင်းနိုင်ဖို့ တွန်းရမယ်။ အိုင်ဒီယာတွေ၊ ယူဆချက်တွေ ပြောင်းနိုင်ဖို့ တွန်းရမယ်။ ကိုယ့်ကုတင်ပေါ်က ယောင်္ကျားကိုတောင် Dominate မလုပ်နိုင်ပဲနဲ့ အမျိုးသားထုကြီးက ဘာညာပြောနေလို့ကတော့ အဲ့ဒါ Feminist မဟုတ်ဘူး၊ Androphobia ဖြစ်နေတဲ့ စိတ်ဝေဒနာသည်ပဲ ဖြစ်လိမ့်မယ်။
မောင်မိုးဇွန်
၆၊ ဇွန်၊ ၂၀၂၀
တောရေးတောင်ရေး