ကိုယ်ဝန်ဆောင်ကာလမှာ မေမေရဲ့ ခန္ဓာကိုယ်က ဘယ်လိုတွေ ပြောင်းလဲလာမှာလဲ!

ကိုယ်ဝန်ဆောင်ကာလမှာ မေမေရဲ့ ခန္ဓာကိုယ်က ဘယ်လိုတွေ ပြောင်းလဲမလဲ
ကိုယ်ဝန်ဆောင်ကာလမှာ မေမေရဲ့ ခန္ဓာကိုယ်က ဘယ်လိုတွေ ပြောင်းလဲမလဲ

ကိုယ်ဝန်ဆောင်ကာလဆိုတာက ကြီးကြီးမားမား ပြောင်းလဲမှုကြီးတွေကို တွေ့ကြုံခံစားရနိုင်တဲ့ အခိုက်အတန့် ပါ။ ပုံမှန်မဟုတ်တာတွေ ဖြစ်နေကျမဟုတ်တာတွေကို ခံစားရနိုင်ပြီး ဒါကိုက ပုံမှန်ပဲလို့ ဆိုရမှာပါ။ 

ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်က မိခင်တစ်ယောက်အတွက် ပီတိအဖြစ်ရဆုံး စိတ်လှုပ်ရှားစရာအတိနဲ့ ပြည့်နှက်နေတဲ့ အချိန်ကာလအပိုင်းအခြားလေးပါ။ ဒီကာလမှာ ပျော်စရာတွေနဲ့တင် ပြီးပြည့်စုံနေတာ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာမှာရော ကိုယ်တွင်းမှာပါ ဟော်မုန်းတွေ ပြောင်းလဲမှုတွေ အမျိုးမျိုးကို တွေ့ကြုံခံစားနိုင်တာမျိုးပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာမှာ မေမေရဲ့ ခန္ဓာကိုယ်က ဘယ်လိုတွေ ပြောင်းလဲလာမှာလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

ကိုယ်ဝန်ဆောင်ကာလမှာ မေမေရဲ့ ခန္ဓာကိုယ်က ဘယ်လိုတွေ ပြောင်းလဲလာမှာလဲ!

ကိုယ်ဝန်ဆောင်ကာလက ၉ လလွယ် ၁၀ လဖွားကာလမှာ မေမေတစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားမှုတွေရော စိုးရိမ်မှုကိုရော ရောပြွမ်းနေမှာ အသေအချာပါပဲ။ 

ဒါကြောင့် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလ အပိုင်းအခြား အလိုက် မေမေတစ်ဦးမှာ တွေ့ကြုံရမယ့် ပြောင်းလဲမှုတွေနဲ့ ကာလအပိုင်းအခြားတစ်ခုစီအလိုက် ဂရုစိုက် လိုက်နာရမှာလေးတွေကို ပြောပြပေးချင်ပါတယ်။ 

ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ကာလက ရက်သတ္တပတ်ပေါင်း ၄၀ ကြာတတ်ပြီး ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမ သုံးလပတ်၊ ဒုတိယ သုံးလပတ်နဲ့ တတိယ သုံးလပတ်ဆိုပြီး ခွဲခြားလို့ ရပါတယ်။ ဒီကာလအတွင်းမှာ မေမေ တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလ အပတ်တစ်ခုစီအလိုက်မှာ အခုလို ပြောင်းလဲမှုလေးတွေကို တွေ့ကြုံရနိုင်ပါတယ်။ 

ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ် (၁ ပတ် ကနေ ၁၂ ပတ်အတွင်း)

ပြောင်းလဲမှုလေးတွေ

  • ဒီကာလမှာ ဟော်မုန်းပြောင်းလဲမှုတွေ အများကြီးတွေ့ကြုံရနိုင်ပြီး ကိုယ်တွင်းက အင်္ဂါတိုင်းပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ 
  • ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာနဲ့ ရာသီသွေးမဆင်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 
  • ဒီကာလမှာ ဘေဘီလေးရဲ့ အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ နဲ့ ကျောရိုးမကြီးစတင်ဖွံ့ဖြိုးလာပါပြီ။

ဘာတွေ ဂရုစိုက်လိုက်နာဖို့ လိုမလဲ!

  • ရာသီသွေးစပျောက်တာမျိုးကို ခံစားရပြီဆိုရင် အရင်ဆုံး ကိုယ်ဝန်ရှိနေပြီလားဆိုတာကို အတည်ပြုနိုင်ဖို့အတွက် အရင်ဆုံး test kit လေးသုံးပြီး ဆီးစစ်ကြည့်ပါ။ ဒါက ကိုယ်ဝန်ရှိနေပြီလို့ မျဉ်းနှစ်ကြောင်းပြတာမျိုးတွေ့ရမယ်ဆို ရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။ 
  • ပြီးရင်တော့ နောက်တဆင့်မှာ ကိုယ်ဝန်ဆောင်ကာလမှာ လိုအပ်တဲ့ ဗီတာမင်တွေ နဲ့ ဖောလစ်အက်ဆစ်ကို ပြည့်ဝအောင် သောက်သုံးရပါမယ်။ ဒါမှ ကလေးမှာ မွေးရာပါ အာရုံကြောမကြီးဆိုင်ရာ ချို့ယွင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ 
  • ဘေဘီလေးကို ထိခိုက်စေနိုင်မယ့် အရက်၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ၊ ဆေးလိပ်၊ vapeတွေကို ရှောင်ရပါမယ်။ တဆင့်ခံဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှရှောင်ပါ။ ကဖင်းကိုလည်း ကန့်သတ်ပါ။ ကဖင်းဓာတ်များတာက သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
  • အာဟာရပြည့်ဝမျှတအောင် စားပါ။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ၊ သံဓာတ်၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ သစ်သီးတွေဟင်းသီးဟင်းရွက်တွေ များများလေး စားပေးပါ။
  • ရေဓာတ်ပြည့်ဝစေဖို့ ရေကို လုံလုံလောက်လောက် သောက်ပါ။ အုန်းစိမ်းရည်သောက်ပါ။ သဘာဝသစ်သီး ဖျော်ရည်လေးတွေ သောက်ပေးလို့ ရပါတယ်။ 
  • ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေဖို့နဲ့ ကိုယ်ဝန်ဆောင်ကာလ သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် လမ်းလျှောက်တာနဲ့ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ ရပါတယ်။ 
  • ခရိုမိုဆုမ်းပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး ခံစားနေရတာ ရှိ၊ မရှိသိရှိနိုင်စေဖို့ သွေးစစ်တာ၊ အယ်လ်ထရာဆောင်း ရိုက်တာလိုမျိုး အစောပိုင်း စစ်ဆေးမှုတွေကို လုပ်ဆောင်ပါ။
  • ကိုယ်ဝန်ဆောင်ချိန် မအီမသာဖြစ်တာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝစေဖို့နဲ့ အစားတွေကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေ များများလေး စားပေးဖို့ ကိုယ်တိုင် ဂရုစိုက်ပေးပါ။
  • ရင်ပူတာကို ဖြစ်စေနိုင်တဲ့ အပူအစပ်တွေ အဆီများတာ၊ ဆီကြော်စာတွေကို ရှောင်ပါ။
  • ပြည့်ပြည့်ဝဝ အနားယူပါ။ ခြေကုန်လက်ပမ်းကျတာက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ဖြစ်နေကျ လက္ခဏာ တစ်ရပ်ဆိုတာကို ဂရုပြုပေးပါ။ အိပ်ရေးဝဝအိပ်ပါဖို့ မမေ့ပါနဲ့။

 ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ် (၁၃ ပတ် ကနေ ၂၈ ပတ်အတွင်း)

 ပြောင်းလဲမှုလေးတွေ

  • ဒီကာလမှာတော့ ကိုယ်ဝန်ဆောင်ခံစားရတဲ့ မအီမသာဖြစ်မှုတွေက ဖြည်းဖြည်းချင်း သက်သာလာပြီဖြစ်သလို ခန္ဓာကိုယ်မှာလည်း သိသာတဲ့ ပြောင်းလဲမှုလေးတွေ စတွေ့နေရပါပြီ။
  • သန္ဓေသားလေးက အရိုးတွေ၊ ကြွက်သားနဲ့ သိရှိခံစားနိုင်မှုတွေ ဖွံ့ဖြိုးလာတာနဲ့အတူ မေမေက ဗိုက်လေး သိသိသာ ထွက်လာမှာပါ။ 
  • ဗိုက်ထဲကဘေဘီလေးရဲ့ လှုပ်ရှားမှုကို သိသိသာသာ ခံစားမိလာမှာပါ။

ဘာတွေ ဂရုစိုက်လိုက်နာဖို့ လိုမလဲ!

  • ဘေဘီလေး ကြီးထွားဖွံ့ဖြိုးမှုကို အစဉ်မပြတ်သိရှိနေစေဖို့နဲ့ မေမေကျန်းမာစေဖို့အတွက် ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ လိုပါမယ်။
  • ကိုယ်ဝန်ဆောင်ကာလရဲ့ ကာလတဝက်ကို ရောက်ရှိလာပြီဆိုရင်တော့ ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို သိရှိနိုင်စေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလ ၁၈ ပတ် ကနေ အပတ် ၂၀ ထဲမှာ အယ်လ်ထရာဆောင်း ရိုက်ကြည့်ဖို့ လိုပါမယ်။
  • ကယ်လ်ဆီယမ်နဲ့သံဓာတ် ကြွယ်ဝအောင် စားပါ။ ဒီလို စားသုံးပေးတာက ဘေဘီလေးရဲ့ အရိုးတွေဖွံ့ဖြိုး သန်မာစေဖို့နဲ့ မေမေ့ကို သွေးအားနည်းရောဂါမဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
  • ဒီကာလမှာ ရေကူးတာ၊ ယောဂလုပ်တာလိုမျိုး လုပ်ပေးတာက သွေးလည်ပတ်မှု ကောင်းစေပြီး မေမေ့ကို ခွန်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • ကိုယ်နေဟန်ထား မှန်အောင် ထားပါ။ ရေလုံလုံလောက်လောက်သောက်ပါ။ အမျှင်ဓာတ်ကြွယ်ဝတာတွေကို စားပါ။ ဒီလိုလုပ်ပေးတာက ခါးနာတာကို သက်သာစေဖို့နဲ့ ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ 
  • ဘေဘီလေးကို ပြုစုစောင့်ရှောက်နည်းတွေကို လေ့လာတာ၊ မိခင်နို့တိုက်ကျွေးတဲ့ ဗသုသုတကို သေချာလေး လေ့လာပါ။
  • အပူအစပ်ကဲတာ၊ အဆီများတာ၊ အငန်ကဲတာ၊ အရက်၊ ဆေးလိပ်စတာတွေကို ရှောင်ဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ကာလမှာ မေမေရဲ့ ခန္ဓာကိုယ်က ဘယ်လိုတွေ ပြောင်းလဲမလဲ
ကိုယ်ဝန်ဆောင်ကာလမှာ မေမေရဲ့ ခန္ဓာကိုယ်က ဘယ်လိုတွေ ပြောင်းလဲမလဲ

  ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ် (၂၉ ပတ် ကနေ အပတ် ၄၀ အတွင်းသို့မဟုတ် မီးဖွားချိန်အထိ)

 ပြောင်းလဲမှုလေးတွေ

  • ဘေဘီလေးက ကိုယ်အလေးချိန်တော်တော်လေးကို တိုးလာပါပြီ။ မေမေ့မျက်နှာကို ကြည့်ဖို့ ဗိုက်ထဲကနေ ထွက်လာဖို့ ရယ်ဒီပြင်ဆင်နေပါပြီ။
  • ကိုယ်တွင်းအင်္ဂါတွေပေါ်မှာ ဖိအားတွေ အတော်လေးကို သက်ရောက်နေပါပြီ။  အသက်ရှူရ ပြတ်တောင်းတောင်း ဖြစ်တာ၊ ဆီးခဏခဏ သွားတာတွေကို ခံစားရနိုင်ပါတယ်။
  • သားအိမ်ခေါင်းမှာ ပြောင်းလဲမှုလေးတွေ စဖြစ်လာပါပြီ။ သားအိမ်ကျုံ့ဆန့်မှုကို စတင်ခံစားရပါပြီ။ 
  • ကိုယ်ဝန်ဆောင်ကာလရဲ့ အပြီးသတ်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး သားအိမ်ခေါင်း မွေးလမ်းကြောင်း ပွင့်လာပါပြီ။ ဘေဘီလေးကို မွေးဖွားဖို့ မေမေ့ခန္ဓာကိုယ်က အသင့်ဖြစ်နေပါပြီ။

ဘာတွေ ဂရုစိုက်လိုက်နာဖို့ လိုမလဲ!

  • ဘေဘီလေးရဲ့ အနေအထား၊ နှလုံးခုန်နှုန်းနဲ့ မိခင်ရဲ့ ကျန်းမာရေးအခြေအနေကို သိရှိနိုင်စေဖို့အတွက် ပုံမှန် ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူဖို့ လိုပါမယ်။
  • မွေးခါနီး လက္ခဏာတွေကို သိရှိနိုင်စေဖို့ လေ့လာမှုတွေ လုပ်ဆောင်ပါ။ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပါ။
  • မီးဖွားချိန်မှာ ဆေးရုံကို ယူသွားဖို့ လိုအပ်မယ့်ပစ္စည်းတွေကို အသင့်ပြင်ထားပါ။
  • အဆင်မပြေမှု ကင်းကင်းနဲ့ မီးဖွားနိုင်စေဖို့ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားပါ။ 
  • မီးဖွားချိန်မှာ အဆင်ပြေပြေ မီးဖွားနိုင်ဖို့ နည်းလမ်းလေးတွေကို လေ့လာပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
  • အာဟာရပြည့်ဝမျှတအောင် စားပါ။
  • ရောင်ရမ်းမှုကို လျှော့ချနိုင်စေဖို့အတွက် ဆားတွေနဲ့ အငန်တွေ အလွန်အကျွံစားတာကို လျှော့ပါ။
  • အိပ်တဲ့အခါ ဘယ်ဘက်ကို စောင်းအိပ်ပါ။ ဒါမှ သားအိမ်နဲ့ ဘေဘီလေးဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေမှာပါ။
  • မီးဖွားပြီးချိန်မှာ လိုအပ်မယ့် အကူအညီတွေကို အသင့်လုပ်ထားပါ။ ကလေးကို ဝိုင်းဂရုစိုက်ပေးမယ့် သူတွေကိုလည်း ကြိုတင် အကူအညီတောင်းထားပါ။
  • ဘေဘီလေးအတွက် လိုအပ်နိုင်တာလေးတွေကို အသင့်စဉ်းစားထားပါ။
  • ကိုယ်တိုင်ကျန်းမာစေဖို့ ရေလုံလောက်အောင် သောက်ပါ။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ရယူပါ။ 

ဘယ်လောက်တစ်ကြိမ် ဆရာဝန်နဲ့ ပြဖို့ လိုမလဲ!

 ကိုယ်ဝန်ရှိနေပြီလို့ test kit နဲ့ စစ်ဆေးမှုကနေ သိရပြီဆိုရင် ပထမဆုံး ကိုယ်ဝန်စစ်ဆေးဖို့နဲ့ ကိုယ်ဝန်ရှိတာကို သေချာလေး အတည်ပြုဖို့ ဆေးခန်းကို သွားပြပြီး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ခံယူပါ။

  • ပြီးရင်တော့ ကိုယ်ဝန်ဆောင်ကာလ ပထမ ၂၈ ပတ်အတွင်းမှာ ၄ ပတ်ကို တစ်ကြိမ် ဆရာဝန်နဲ့ ပြသရပါမယ်။
  • ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ် ကနေ ၃၆ ပတ် အတွင်းမှာတော့ ၂ ပတ် တစ်ကြိမ် ဆရာဝန်နဲ့ ပြသရပါမယ်။
  • ကိုယ်ဝန်ဆောင်ကာလ ၃၆ ပတ်ကနေ မမွေးဖွားခင်အထိကိုတော့ ၁ ပတ်ကို တစ်ကြိမ် ဆရာဝန်နဲ့ ပြသရပါမယ်။
  • ဒီကာလတွေမှာ သေချာလေးကိုယ်ဝန်စောင့်ရှောက်မှုကို ခံယူပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ ဒါမှ မလိုလားအပ်တဲ့ ကျန်းမာရေးကိစ္စတွေနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြောင့် မေမေရော ဘေဘီလေးမှာပါ ထိခိုက်တာမျိုး မဖြစ်စေမှာပါ။ 

 ဘယ်အခြေအနေတွေဆို ချက်ချင်းကုသမှု ခံယူဖို့ လိုမလဲ!

တကယ်လို့ ကိုယ်ဝန်ဆောင်ကာလမှာ –

  • ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ
  • အမြင်အာရုံတွေ ပြောင်းလဲတာ
  • ရုတ်တရက် ရောင်ရမ်းတာ၊ ဖောရောင်တာ
  • သွေးသွန်တာ
  • ဗိုက်က မခံမရပ်နိုင်အောင့်တာ
  • အဆက်မပြတ် အန်နေတာ
  • ပိုးဝင်ကူးစက်မှု တစ်ရပ်ရပ် ခံစားရတာ (တုပ်ကွေးဖျားတာကစလို့ အမျိုးမျိုးသော ကူးစက်ရောဂါတွေ ခံစားရတာမျိုးပါ)
  • အစားမစားနိုင်တာ
  • အဖျားက ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက် များနေတာ
  • မွေးခါနီးရက်သတ္တပတ်တွေအတွင်းမှာ ကလေးက လှုပ်ရှားမှု နည်းလာတာ၊ မလှုပ်ရှားတော့တာ
  • ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်မတိုင်ခင်မှာ မီးဖွားချင်တဲ့ လက္ခဏာတွေ ခံစားရတာ
  • နာကျင်စေတဲ့ သားအိမ်ကျုံ့ဆန့်မှုကို ခံစားရတာ
  • ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုကို ခံစားနေရတာမျိုးဆိုရင်တော့ အမြန်ဆုံး ကိုယ်ဝန်စောင့်ရှောက်မှု ခံယူဖို့ လိုပါမယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဗဟုသုတတွေကို သိရှိထားတာက ကိုယ်ဝန်ဆောင်မေမေ အတွက်ရော ဘေဘီလေးအတွက်ပါ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်စေပြီး ကျန်းမာတဲ့ ဘေဘီလေးကို မီးဖွားစေနိုင်ဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ နေထိုင်စားသောက်မှုတွေကို ဂရုစိုက်တာနဲ့အတူ မှန်ကန်တဲ့ ကိုယ်ဝန်ဆောင်ဗဟုသုတတွေကို လေ့လာလိုက်နာကြဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *