အတွင်းခံ သန့်ရှင်းရေး အားနည်းတဲ့အခါ လေဒီလေးတွေမှာ ခံစားကြရတဲ့ ပြဿနာလေးတွေ ရှိကြပါတယ်။ ဒါကတော့ မိန်းမကိုယ် ယားယံတာ၊ မှိုစွဲတာမျိုးတွေပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ မိန်းမကိုယ် ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ လိုက်နာသင့်တဲ့ အတွင်းခံ သန့်ရှင်းရေးအကြောင်းလေး မျှဝေပေးချင်ပါတယ်။
အတွင်းခံ အရေးကြီးသလား!
အတွင်းခံဆိုတာက လေဒီလေးတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော မိန်းမကိုယ် ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့အရာပါ။ အတွင်းခံဆိုတာက မိန်းမကိုယ်နဲ့ အဝတ်အစားတွေကြားမှာ ကာကွယ်ပေးထားတဲ့ အဝတ်အထည် တစ်မျိုးပါ။
အတွင်းခံက မိန်းမကိုယ်ကို မလိုအပ်ဘဲ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကြားခံပေးထားတဲ့ အရာပါ။
မိန်းမကိုယ် ကျန်းမာစေဖို့ဆိုရင် အတွင်းခံကို သေချာလေး ရွေးချယ်မိဖို့တော့ လိုပါမယ်။ မိန်းမကိုယ်ကို သေချာ မရွေးမိတာ၊ သန့်ရှင်းရေးကို သေချာ ဂရုမစိုက်မိတာမျိုး ဖြစ်မယ်ဆိုရင်တော့
- မိန်းမကိုယ် ယားယံတာ
- မိန်းမကိုယ် ပိုးဝင်တာ
- မိန်းမကိုယ် မှိုစွဲတာ
- သားအိမ်ခေါင်းဝ ပူတာ၊ ယားတာမျိုး ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။
လေဒီလေးတိုင်း သိထားသင့်တဲ့ အတွင်းခံ သန့်ရှင်းရေး
မိန်းမကိုယ် ကျန်းမာစေဖို့ဆိုရင် လေဒီလေးတွေ အနေနဲ့ အတွင်းခံ သန့်ရှင်းရေးကို သေချာလေး လိုက်နာဖို့ လိုပါမယ်။
- ချည်သား အတွင်းခံကိုပဲ ရွေးပါ
အတွင်းခံ ရွေးတဲ့အခါ ချည်သားကိုပဲ ရွေးချယ်ပေးပါ။ ချည်သားက လေဝင်လေထွက် ကောင်းစေပြီး မိန်းမကိုယ် အရေပြားကို ထိခိုက်နိုင်ခြေ နည်းစေပါတယ်။ ချွေးစုပ်ယူနိုင်တာကြောင့် မိန်းမကိုယ်တဝိုက် စိုထိုင်းထိုင်းဖြစ်ပြီး မိန်းမကိုယ် ကျန်းမာရေး ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
တကယ်လို့ ကိုယ်က ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်မယ်ဆိုရင်တော့ ဆေးဆိုးထားတာမျိုး မဟုတ်တဲ့ အဖြူရောင် အတွင်းခံကို ရွေးချယ်ဝတ်ဆင်တာက အကောင်းဆုံးဖြစ်မှာပါ။
- အတွင်းခံကို တစ်ခါဝတ်ပြီးတိုင်း လျှော်ပါ
အတွင်းခံကို ထပ်ခါ ထပ်ခါ ဝတ်တာမျိုး မလုပ်ဘဲ တစ်ခါဝတ်ပြီးတိုင်းမှာ လျှော်ပေးပါ။ ဒီလို လျှော်တဲ့အခါမှာလည်း ဆပ်ပြာရည်ကို သေချာစိမ်ပြီး အမွှေးနံ့ မပါတဲ့ ဆပ်ပြာနဲ့ သေချာလေး လျှော်ဖွတ်ပေးပါ။
- အတွင်းခံကို သေချာ ခြောက်သွေ့အောင် လှမ်းပါ
အတွင်းခံကို အဝတ်တွေ အောက်ဖက်မှာ လှမ်းတာမျိုး မလုပ်ဘဲ နေရောင်သေချာ ရရှိပြီး လေရနိုင်တဲ့ နေရာမှာ သေချာ ခြောက်သွေ့အောင် လှမ်းပေးပါ။ လှမ်းတဲ့ အဝတ်တန်း အထူးသဖြင့် ဝါးလုံးတန်းတွေမှာ မှိုစွဲနေတာမျိုး၊ ကြိုးတန်းတွေမှာ သန့်ရှင်းမှု ရှိရဲ့လားဆိုတာကို သေချာလေး စစ်ဆေးပြီးမှ လှမ်းဖို့လည်း လိုပါမယ်။
- အတွင်းခံကို မီးပူတိုက်ဝတ်ပါ
အတွင်းခံက မိုးရာသီလိုမျိုး စိုစွတ်တဲ့ အနေအထားကြောင့် ခြောက်သွေ့ဖို့ ခက်မယ်ဆိုရင်တော့ အတွင်းခံကို မီးပူတိုက် ဝတ်တာမျိုး လုပ်ပေးပါ။
- ပရုတ်လုံးနဲ့ သိမ်းတာမျိုး မလုပ်ပါနဲ့
မိန်းမကိုယ် ကျန်းမာစေဖို့ အတွင်းခံကို သေချာသန့်ရှင်းအောင် ထားပါဆိုတဲ့ နေရာမှာ အတွင်းကို သေချာ လျှော်ဖွတ် အခြောက်ခံတာတွေ လုပ်ဖို့ လိုတယ်ဆိုပေမယ့် အတွင်းခံတွေကို ပရုတ်လုံးတွေနဲ့ သိမ်းတာမျိုး မလုပ်ပါနဲ့။ ပရုတ်လုံးတွေက မိန်းမကိုယ်ရဲ့ pH Balance ကို ပျက်စေနိုင်သလို မိန်းမကိုယ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံတွေကို သပ်သပ်ရပ်ရပ် သိမ်းဖို့ လိုတယ်ဆိုပေမယ့် ပရုတ်လုံး ထည့်သိမ်းတာမျိုး မလုပ်ပါနဲ့။
- ၆ လ တစ်ခါ အတွင်းခံတွေကို လဲပေးပါ
အတွင်းခံတွေကို ၆လ တစ်ခါ ဒါမှမဟုတ် ၁ နှစ်တစ်ခါ အသစ်လဲလှယ်ပေးပါ။ ဒီလို လုပ်ပေးတာက မိန်းမကိုယ်ကို ကျန်းမာစေပြီး မလိုလားအပ်တဲ့ အမျိုးသမီးကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်နိုင်မှာပါ။
- ညဘက်ကို အတွင်းခံ ဝတ်မအိပ်ပါနဲ့
ညဘက်တွေမှာ အတွင်းခံ မဝတ်ဘဲ ညဝတ် ဝတ်စုံကိုသာ ဝတ်ဆင်တာမျိုး လုပ်ပေးတာက မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းစေပြီး မိန်မကိုယ် မှိုပိုးဝင်တာနဲ့ မိန်းမကိုယ်အရေပြား ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။
ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင် အနံ့ဆိုးကင်းစင်ပြီး ကျန်းမာတဲ့ မိန်းမကိုယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် အတွင်းခံကို နည်းစနစ်မှန်မှန် သန့်ရှင်းရေးလုပ်တာ သိမ်းဆည်းတာမျိုးတွေ လုပ်ဆောင်ဝတ်ဆင်ကြဖို့ အကြံပြုလိုက်ပါရစေ။
Lotoshinn ရဲ့ စကားလက်ဆောင်
လေဒီလေးတိုင်း နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ အရေးပါတဲ့ အစိတ်အပိုင်းလေးတွေထဲက တစ်ခုက မိန်းမကိုယ်လေးပါ။ ဒီမိန်းမကိုယ်လေး ကျန်းမာစေဖို့ဆိုရင် နေ့စဉ် မိန်းမကိုယ်အရေပြားနဲ့ အနီးကပ်ဆုံး ထိတွေ့နေရတဲ့ အတွင်းခံလေးကို သေချာလေး ထိန်းသိမ်းတတ်ဖို့ လိုပါမယ်။ အတွင်းခံကို ချည်သားလေး ရွေးမယ်၊ လေနဲ့ နေနဲ့ သေချာခြောက်အောင်လုပ်မယ်။ မီးပူတိုက်ပြီးမှ ဝတ်ဆင်တာမျိုး လုပ်ပေးမယ်ဆိုရင် မိန်းမကိုယ် အနံ့ဆိုး ထွက်တာမျိုးကစလို့ မိန်းမကိုယ် မှိုပိုးဝင်တာမျိုးအထိ အမျိုးမျိုးသော စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတွေကို အဝေးဆုံးမှာ ထားနိုင်မှာပါ။