ဝမ်းချုပ်တယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိပြီး သူ့အလိုလို သက်သာသွားတတ်တဲ့ ကြီးကြီးမားမား ကျန်းမာရေးကိစ္စတစ်ခုတော့ မဟုတ်ပါဘူးလို့ ယူဆစရာ ရှိပေမယ့် ဝမ်းချုပ်ပြီဆိုရင် နေ့စဉ် လုပ်ငန်းဆောင်တာတွေထဲမှာ အာရုံစိုက်ဖို့ ခက်နေတတ်တာကြောင့် ဝမ်းချုပ်ပြီဆိုရင် ဖြေရှင်းဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဝမ်းချုပ်တာကို သက်သာစေမယ့် ဗီတာမင် ၅ မျိုး အကြောင်းလေးကို ဝေမျှပေးချင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာ ဝမ်းချုပ်တတ်လဲ!
အူမကြီးရဲ့ လှုပ်ရှားမှုက လုံလောက်မှု မရှိတဲ့ အခြေအနေမျိုးနဲ့ အူမကြီးက ပုံမှန်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ ဝမ်းချုပ်တာကို ခံစားရတာပါ။ ဝမ်းသွားတာက တစ်ပတ်ကို ၃ ကြိမ်ထက် နည်းနေတဲ့ အခြေအနေမျိုးဆိုရင် ဝမ်းချုပ်နေပြီလို့ ပြောလို့ ရပါတယ်။
ဝမ်းချုပ်တာက အရွယ်တိုင်းခံစားရနိုင်တဲ့ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပြီး သေချာလေး မဖြေရှင်းနိုင်ဘူးဆိုရင် လိပ်ခေါင်းအပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးကိစ္စရပ်တွေ ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်နေပြီဆိုရင် အမြန်ဆုံး သက်သာစေဖို့ ဖြေရှင်းဖို့ လိုပါမယ်။

ဝမ်းချုပ်တာကို သက်သာစေမယ့် ဗီတာမင် ၅ မျိုး
နေ့စဉ်မှာ ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေထဲက အချို့သော ဗီတာမင်တွေက ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အချို့သော ဗီတာမင်တွေက သဘာဝ ဝမ်းပျော့ဆေးအဖြစ် လုပ်ဆောင်ပေးတာကြောင့် ဝမ်းချုပ်တတ်တဲ့သူတွေနဲ့ အထိုင်များတာလိုမျိုး ဝမ်းချုပ်စေနိုင်တဲ့ နေ့စဉ်ဘဝ နေထိုင်မှုပုံစံကို ပိုင်ဆိုင်ထားသူတွေအနေနဲ့ အခုပြောပြမယ့် ဗီတာမင်လေးတွေကို ပါဝင်အောင် စားသုံးပေးမယ်ဆိုရင် ဝမ်းချုပ်တာကိုရော နောက်ဆက်တွဲကျန်းမာရေးကိစ္စရပ်တွေကိုပါ ရှောင်လွှဲနိုင်မှာပါ။
ဒီတော့ ဝမ်းချုပ်တာကို သက်သာစေဖို့ဆိုရင် နေ့စဉ်တိုင်းမှာ
- ဗီတာမင် C
ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်ရယ်လို့ လူသိများကြတဲ့ ဗီတာမင် C က အူလမ်းကြောင်းတွေဆီကို ရေဓာတ် ရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးပြီး ဝမ်းပျော့စေဖို့နဲ့ ဝမ်းသွားရလွယ်စေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် C က အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ သံဓာတ်စုပ်ယူမှုကို လိုတာထက် ပိုစေပြီး နောက်ဆက်တွဲ အနေနဲ့ ပြင်းထန်တဲ့ ဝမ်းချုပ်မှုကို ခံစားရစေနိုင်လို့ ထိုက်သင့်တဲ့ ပမာဏလေးကို စားသုံးပေးဖို့ ပြောပါရစေ။
- ဗီတာမင် B5
ဗီတာမင် B5 ကို pantothenic acid လို့ သိကြပြီး ဝမ်းသွားရလွယ်စေဖို့ ထောက်ကူပေးပါတယ်။ ၁၉၈၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရ သိရတာက ဗီတာမင် B5 နည်းနေမယ်ဆိုရင် အူလမ်းကြောင်း ကြွက်သားတွေရဲ့ ကျုံ့ဆန့်လှုပ်ရှားမှုကို ထိခိုက်စေပြီး ဝမ်းချုပ်စေနိုင်တယ်ဆိုတာပါ။ ဒါကြောင့် အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းမှန်စေဖို့ဆိုရင် ဗီတာမင် B5 ကို မပိုမလို လုံလောက်အောင် စားသုံးဖို့ လိုပါမယ်။
- ဖောလစ်အက်ဆစ်
ဖောလသ်အက်ဆစ် (ဗီတာမင် B9) က အစာခြေအက်ဆစ် ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဖောလိတ်ကြွယ်ဝတဲ့ အစားအစာတော်တော်များများက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းမချုပ်စေဖို့ ကာကွယ်ပေးပါ တယ်။
- ဗီတာမင် B12
ဗီတာမင် B12 ချို့တဲ့မှုကလည်း ဝမ်းချုပ်တာကို ဖြစ်စေပါတယ်။ နေ့စဉ်စားသုံးမှုမှာ ဗီတာမင် B12 ပါဝင်မှု နည်းလေလေ ဝမ်းချုပ်နိုင်ခြေ များလေလေပါ။ ဒါကြောင့် ဗီတာမင် B12 ကို လုံလောက်ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။
- ဗီတာမင် B1
သီရာမင်းလို့ သိကြတဲ့ ဗီတာမင် B1က အစာကြေစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်တွင်းမှာ သီရာမင်းနည်းလေလေ အစာခြေနှုန်း နှေးလေလေဖြစ်ပြီး အကျိုးဆက်ကတော့ ဝမ်းချုပ်စေပါတယ်။ ဒါကြောင့် ဝမ်းချုပ်မှု ကင်းစေဖို့ဆိုရင် ဗီတာမင် B1 ကလည်း ချန်ထားလို့ မဖြစ်တဲ့ ဗီတာမင် တစ်ရပ်ပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
ဗီတာမင်တွေက ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးတယ်ဆိုပေမယ့် အလွန်အကျွံသောက်သုံးမယ်၊ စားသုံးမယ်ဆိုရင်ဖြစ်ဖြစ် ဗီတာမင်ကို ဖြည့်စွက်ဆေးဝါးတွေအနေနဲ့ သောက်သုံးနေမယ်ဆိုရင်လည်း အခြားသော ဆေးဝါးတွေ၊ ဖြည့်စွက်အာဟာရတွေနဲ့ တွဲပြီး သောက်သုံးတာမျိုး ဖြစ်မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်သလို ရောဂါအခံရှိသူတွေမှာလည်း ရောဂါအခြေအနေကို ပိုဆိုးစေနိုင်တာကြောင့် မသောက်သုံးခင်မှာ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်စေချင်ပါတယ်။
ဗီတာမင်တွေက ကောင်းကျိုးများတယ်ဆိုပေမယ့် လူတိုင်းနဲ့ သင့်တော်တယ်လို့ တထစ်ချ ယူဆထားလို့ မရတာကြောင့် မသောက်ခင်မှာ တတ်ကျွမ်းနားလည်သူတွေနဲ့ သေချာလေး တိုင်ပင်ဖို့ လိုမှာ ဖြစ်သလို မွေးကင်းစ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ နာတာရှည် ရောဂါတစ်ခုခု ခံစားနေရမယ် ဆိုရင်လည်း ပြနေကျ ဆရာဝန်နဲ့ သေချာလေး အရင်တိုင်ပင်စေချင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ သဘာဝအသီးအနှံတွေကနေပဲ ဗီတာမင်တွေကို ရရှိစေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးခြင်း အလေ့အထကို လိုက်နာကြဖို့ အကြံပြုလိုက်ပါရစေ။





