ကလေးတွေမှာ ကင်ဆာခံစားနေရပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ

ကလေးတွေမှာ ကင်ဆာခံစားနေရပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ
ကလေးတွေမှာ ကင်ဆာခံစားနေရပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ

ကလေးလေးတွေမှာ ကင်ဆာဖြစ်တာကတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝမဖြစ်တာမျိုးတော့ မဟုတ်ပြန် ပါဘူး။ ကလေးလေးတွေမှာလည်း ကင်ဆာရောဂါ ခံစားရနိုင်ပါတယ်။ တစ်ခါတလေကျရင် အရမ်းမပြင်းထန်ခင်မှာ ပုံမှန်အတိုင်း ရှိနေတတ်ပြီး ပြင်းထန်လာချိန်မှာ လက္ခဏာတွေ ပြလာတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ အခုလို လက္ခဏာတွေ ဖြစ်နေပြီဆိုရင် ကင်ဆာကို ခံစားနေရတာ ဖြစ်နိုင်ပြီး ချက်ချင်း လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ လိုမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကလေးတွေမှာ တွေ့ရတတ်တဲ့ ကင်ဆာရဲ့ လက္ခဏာရပ်လေးတွေကို ပြောပြပေးလိုက်ပါတယ်။ 

ကလေးတွေမှာ ကင်ဆာခံစားနေရပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ

ကလေးငယ်လေးတွေမှာ ကင်ဆာခံစားနေရပြီဆိုရင် အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။ 

  • ပုံမှန်မဟုတ်ဘဲ ရောင်ရမ်းတာ၊ အဖုတွေအကျိတ်တွေ ထွက်တာမျိုး

ကလေးလေးတွေမှာ ကင်ဆာဖြစ်တဲ့အခါ ပုံမှန်မဟုတ်ဘဲ ရောင်ရမ်းတာမျိုးတွေ နောက်ပြီး အဖုအကျိတ်တွေက သာမန်နဲ့ မတူတဲ့ ပုံစံမျိုးတွေနဲ့ ထွက်လာတာမျိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်၊ ချိုင်း၊ ဗိုက်လိုနေရာမျိုးတွေမှာပါ။ ပုံမှန်အားဖြင့်ကတော့ ဒီအဖုအကျိတ်တွေက နာတာကျင်တာမျိုး မရှိဘဲ တင်းတင်းကြီးနဲ့ ထိခိုက်ရင် ခပ်မာမာကြီး ဖြစ်နေတာမျိုးပါ။ 

ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်လုပ် မသက်သာသွားဘဲ ဆက်ကြီးလာတာ ဆက်ပွားလာတာမျိုး တွေ ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

  • အရိုးတွေ၊ အဆစ်တွေနဲ့ နောက်ကျောမှာ အမြဲလိုလို နာကျင်နေတာ

ကလေးတွေမှာ ကင်ဆာဖြစ်နေပြီဆိုရင်တော့ အကြောင်းအရင်း ရေရေရာရာ မရှိဘဲ အမြဲလိုလို နာကျင်နေတာ သက်တောင့်သက်သာ မဖြစ်တာမျိုး ခံစားနေရတာမျိုးတွေ ရှိနိုင်ပါတယ်။ ကလေးက သွေးကင်ဆာနဲ့ အရိုးမှာ အကျိတ်ဖြစ်တာမျိုးတွေ ခံစားရမယ်ဆိုရင်တော့ ကင်ဆာဆဲလ်တွေက အရိုးတစ်ရှူးတွေဆီ ရောက်သွားပြီး အနီးတဝိုက်က နေရာတွေဆီကို ရောက်ရှိသွားပြီး နာကျင်တာကို ခံစားရနိုင်ပါတယ်။ အဆစ်တွေ ခါးတွေမှာဆိုရင် ပုံမှန် လှုပ်ရှားမှုတွေကို ထိခိုက်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 

  • အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန်ကျလာတာ၊ ခြေကုန်လက်ပမ်းကျလာတာ

ကလေးက အကြောင်းအရင်း ရေရေရာရာ မရှိဘဲ အမြဲလိုလို ခြေကုင်္နလက်ပမ်းကျနေတာ၊ ကိုယ်အလေးချိန်တွေ ကျလာတာကလည်း ကင်ဆာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်တွေ့ရနိုင်တာက ကလေးက လုံလောက်တဲ့ အိပ်စက် အနားယူမှုတွေ ရရှိနေပေမယ့် ကလေးရဲ့ အရေပြားတွေ ဖျော့တော့လာတာ၊ အားနည်းနေတာတွေ ခံစားလာရမယ်ဆိုရင်လည်း ကလေးရဲ့ ကိုယ်တွင်းမှာ ကျန်းမာတဲ့ သွေးဆဲလ်တွေထုတ်လုပ်နိုင်စွမ်းနည်းလာပြီး ရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကျဆင်းလာတာကြောင့်ပါ။ ကလေးက ဒီလက္ခဏာတွေကို ဆက်တိုက် ခံစားနေရမယ်ဆိုရင် ချက်ချင်း ကုသစစ်ဆေးမှုကို ခံယူဖို့ လိုပါမယ်။ 

  • ခဏခဏ ဖျားတာ၊ ကူးစက်မှုတွေ ခံရတာ

ကလေးက ကင်ဆာခံစားနေရပြီဆိုရင် ပိုးဝင်ကူးစက်ခံရတာကို ခဏခဏ ခံစားနေရပြီး အဖျားတာရှည်နေတာ၊ ကိုယ်ခံအားမကောင်းတာတွေကို ခံစားနေရတာက ကင်ဆာကြောင့် ကလေးမှာ ကိုယ်ခံအား ထိခိုက်စနေတာ ကြောင့်ပါ။ ကလေးမှာ ခဏခဏ ဖျားတာနဲ့အတူ နားပိုးဝင်တာ၊ အရေပြားပိုးဝင်ကူးစက်တာ၊ ပြင်းထန်တဲ့ ကူးစက်မှုတွေကို ခံစားနေရပြီဆိုရင် ကင်ဆာကို ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။

  • အမြင်ပြောင်းလဲလာတာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာတာ

ကလေးက အမြင်အာရုံပြဿနာကို ခံစားနေရတာ၊ အကြောင်းအရင်းမရှိဘဲ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာကို ခံစားရတာက ဦးနှောက်မှာ ကင်ဆာကျိတ် ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာက မနက်ပိုင်းတွေမှာ ပိုပြင်းထန်ပြီး ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ အော့အန်တာတွေကိုပါ ခံစားရတာ၊ ဟန်ချက်မညီတာမျိုးနဲ့ တက်တာ၊ အကြောင်းအရင်း ရေရေရာရာ မရှိဘဲ ကြွက်သား အားနည်းတာမျိုးကို ခံစားရမယ်ဆိုရင်လည်း ကလေးက ကင်ဆာကို ခံစားရနိုင်တာ ဖြစ်ပါတယ်။ 

ကလေးမှာ မျက်စိ ကင်ဆာ ခံစားရမယ်ဆိုရင်လည်း မျက်လုံးထဲမှာ ပုံရိပ်တွေကို ကောင်းကောင်း မမြင်တာမျိုးနဲ့အတူ ခေါင်းကိုက်တာ၊ မူးတာတွေကို ခံစားရတာမျိုး ရှိနိုင်ပါတယ်။

ကလေးမှာ အခုလို အခြေအနေတွေကို ခံစားနေရမယ်ဆိုရင် လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူပြီး အချိန်မီ ကုထုံးတွေကို ရွေးချယ်ကုသဖို့ လိုပါမယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ကလေးတွေက ခံစားရတာကို ပြောပြနိုင်စွမ်း ရှင်းပြနိုင်စွမ်းက လူကြီးတွေလောက် မကောင်းတာကြောင့် ကလေးကို သေချာလေး ကြည့်ပြီး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ကလေးမှာ အခုပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရမယ်ဆိုရင်လည်း အချိန်မဆွဲဘဲ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။ 

# Disclaimer: ဒီဆောင်းပါးလေးက ဗဟုသုတအနေနဲ့ မျှဝေခြင်းသာ ဖြစ်ပြီး ဆေးဖက်ဆိုင်ရာ အကြံပြုစစ်ဆေးချက်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ပါကြောင်း …. 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *