ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာလေး တစ်ခုရှိပါတယ်။ ဒါကတော့ ဆီးပိုးဝင်တာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးလမ်းကြောင်းပိုးဝင်တာကို ဘယ်လိုတွေ ကာကွယ်လို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာက အဖြစ်များလား!
ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးလမ်းကြောင်း စနစ်က လုပ်ဆောင်မှုပုံစံ ပြောင်းလဲသွားတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေက သာမန်အချိန်တွေထက် ပိုများနေပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် ၆ ပတ် ကနေ ၂၄ ပတ်အတွင်းမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေမှာ ပုံမှန်ထက် ပိုများနေပါတယ်။ ကိုယ်ဝန်ဆောင် အယောက် ၁၀၀ မှာ ၈ ယောက်က ဆီးလမ်းကြောင်းပိုးဝင်တာကို ခံစားကြရပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တာက ကိုယ်ဝန်ကို ထိခိုက်စေမလား!
ဆီးလမ်းကြောင်းပိုးဝင်တာက စောစောသိရှိကုသနိုင်မယ်ဆိုရင်တော့ ကလေးကို ထိခိုက်တာမျိုး မဖြစ်စေနိုင် ပါဘူး။ တကယ်လို့ ဆီးလမ်းကြောင်းပိုးဝင်တာကို သိရှိကုသမိတာမျိုး မရှိဘဲ ကျောက်ကပ်ဆီအထိ ပိုးဝင် ကူးစက်တာမျိုး ဖြစ်သွားမယ်ဆိုရင်တော့ လမစေ့ဘဲ မွေးဖွားတာ၊ ကလေးကို ပေါင်မပြည့်ဘဲ မွေးဖွားတာ မျိုး ဖြစ်စေနိုင်သလို မိခင်မှာလည်း ဖျားနာတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်နေလား ဘယ်လိုသိနိုင်မလဲ!
ဆီးလမ်းကြောင်းပိုးဝင်နေပြီဆိုရင် အခုလို လက္ခဏာလေးတွေ တွေ့ရှိရနိုင်ပါတယ်။
- ဆီးသွားရင် နာတာ
- ဆီးကျန်သလို ခံစားရတာ
- ဆီးအနံ့ ဆိုးလွန်းတာ
- ဆီးထဲမှာ သွေးပါတာ
- ဗိုက်အောင့်နားက အောင့်တာ၊ နာတာ
- ဆီးနည်းနည်းချင်းစီပဲ သွားလို့ရတာ
- အဖျားတက်တာ
- ချမ်းတုန်တာ
- ဆီးအိမ်က တင်းနေတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာကို ဘယ်လို ကာကွယ်လို့ ရမလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာကို အခုလို ကာကွယ်လို့ ရပါတယ်။
- ရေကို လုံလောက်အောင် သောက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်လိုအပ်ချက် ပိုများလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် ချိန်မှာ ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်နိုင်ဖို့ဆိုရင် နေ့စဉ်တိုင်းမှာ ရေကို လုံလောက်စွာ သောက်လို့ ရပါတယ်။
- ရေအိမ်သုံးပြီးတိုင်းမှာ မိန်းမကိုယ်ကို သေချာလေးဆေးကြောသန့်စင်ပါ
ရေအိမ်သုံးပြီးတိုင်းမှာ မိန်းမကိုယ်ကို သေချာလေး သန့်စင်ဆေးကြောပြီး ခြောက်သွေ့အောင် ထားပေးပါ။ ဒီလို လုပ်ပေးတာက စိုထိုင်းဆ များတာကြောင့် ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပြီးသားဖြစ်မှာပါ။
- ကဖင်းတွေကို ရှောင်ပါ
ကဖင်းပါတဲ့ သောက်စရာတွေက ဆီးခဏခဏ သွားစေပြီး ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေသလို ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်တာကြောင့် ကဖင်းကို ရှောင်ဖို့ လိုပါမယ်။
- ဗီတာမင် C ပြည့်ဝအောင် စားသုံးပါ
ကိုယ်ခံအား ကောင်းစေဖို့အတွက် ဆီးလမ်းကြောင်းပိုးဝင်တာ အပါအဝင် အခြားသော ဖျားနာမှုတွေ မဖြစ်အောင် ကာကွယ်နိုင်စေဖို့အတွက် ဗီတာမင် C ကို ပြည့်ပြည့်ဝဝ ရရှိစေဖို့ အစားအသောက်တွေကို သေချာလေး ဂရုစိုက် ရွေးချယ်ဖို့ လိုပါမယ်။
- အာဟာရပြည့်ဝအောင် စားသုံးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးတာက မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးမိဖို့ လိုပါမယ်။
- ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာတာတွေ ပိုးဝင်ကူးစက်တာတွေ အဖြစ်လွယ်တာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံတာ၊ အိပ်ရေးဝအောင် အိပ်တာ၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တာ အပါအဝင် အာဟာရပြည့်ဝအောင် စားသုံးတာတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
- ဆီးသွားချင်ရင် အောင့်မထားဘဲ သွားပါ
ဆီးအောင့်ထားတာကလည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို မြင့်တက်စေနိုင်တာကြောင့် ဆီးသွားချင်နေမယ်ဆိုရင် ချက်ချင်း သွားလိုက်တာမျိုး လုပ်ဖို့လည်း လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးလမ်းကြောင်းပိုးဝင်တာက အဖြစ်များတယ်ဆိုပေမယ့် မဖြစ်အောင်ကာကွယ်လို့ ရသလို ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ လက္ခဏာတစ်ရပ်ရပ် ခံစားနေရမယ်ဆိုရင်လည်း ချက်ချင်း ကုသမှု ခံယူကြဖို့ တိုက်တွန်းချင်ပါတယ်။




