Green Tea (လက်ဖက်စိမ်း) က ကျန်းမာရေးကောင်းကျိုးတွေ များတယ်လို့ တော်တော်များများက သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် တစ်နေ့ကိုတော့ အများဆုံး ၅ ခွက်လောက်အထိပဲ သောက်သင့်ပြီး ဒီထက် ပိုမသောက်သင့်ပါဘူး။ ဘာကြောင့် ဒီလို ပြောရလည်းဆိုတော့ “တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားအတိုင်း အလွန်အကျွံ သောက်သုံးတာက ကိုယ်တွင်းမှာ ကဖင်းတွေ များလွန်းပြီး ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာတွေကို ခံစားရစေနိုင်တာကြောင့်ပါ။
Green Tea ကျန်းမာစေတယ်ဆိုသော်ငြားလည်း
Green Tea (လက်ဖက်စိမ်း) က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာစေတယ် ဆိုသော်ငြားလည်း အလွန်အကျွံ သောက်သုံးမယ်ဆိုရင်တော့ အခုလို ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင် ပါတယ်။
- အာရုံတွေ ထွေပြားစေနိုင်တယ်
Green Tea (လက်ဖက်စိမ်း)က စိတ်ကို တက်ကြွလန်းဆန်းစေတယ်ဆိုပေမယ့် စိတ်ပူပန်မှု များစေပြီး အာရုံထွေပြားစေနိုင်ပါတယ်။ အကြောင်းကတော့ ကဖင်းပါတဲ့ လက်ဖက်စိမ်းကို အလွန်အကျွံ သောက်သုံး တာက ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်သလို စိတ်ပူပန်မှုတွေကို တိုးစေနိုင်ပါတယ်။
| အသက်အရွယ်အလိုက် သောက်သုံးလို့ရတဲ့ ကဖင်းပမာဏ | |
| အသက်အပိုင်းအခြား | နေ့စဉ်သောက်သုံးနိုင်တဲ့ ကဖင်းပမာဏ |
| အရွယ်ရောက်ပြီးသူ | ၄၀၀ မီလီဂရမ် (mg) အထိ |
| ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မေမေ | ၂၀၀ မီလီဂရမ် (mg) ဝန်းကျင် |
| အသက် ၁၂ နှစ် ကနေ ၁၈ အရွယ် | ၁၀၀ မီလီဂရမ် (mg) အောက်။ အားဖြည့်အချိုရည်ကို လုံးဝရှောင်ရပါမယ်။ |
| အသက် ၁၂ နှစ်အောက် | ကဖင်းလုံးဝရှောင်ရပါမယ်။ အားဖြည့်အချိုရည်တွေကို လုံးဝရှောင်ရပါမယ်။ |
- နှလုံးခုန်နှုန်းမြန်စေမယ်။ သွေးတိုးစေနိုင်တယ်
Green tea (လက်ဖက်စိမ်း) က နှလုံး ကျန်းမာရေးကို ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် ကဖင်းကို အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့ နှလုံးခုန်မြန်တာကို ဖြစ်စေနိုင်သလို သွေးပေါင်ချိန်တက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၄ ခွက်၊ ၅ခွက်ထက် ပိုမသောက်သင့်ပါဘူး။
- ဆေးအာနိသင် စုပ်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်တယ်
လက်ဖက်စိမ်း ရေနွေးကြမ်းက အစာခြေစနစ်ရဲ့ အာဟာရစုပ်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်သလို ဆေးတွေရဲ့ အာနိသင် ထိရောက်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အစာမရှိခင်မှာ အလွန်အကျွံ သောက်မိမယ် ဆိုရင်လည်း မအီမသာဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။
- အစားစားချင်စိတ်အပေါ် သက်ရောက်မှု ရှိစေတယ်
လက်ဖက်စိမ်းရေနွေးကြမ်းက အစားစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်တွင်းမှာ အရည်ပမာဏ စုပုံတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးခဏခဏ သွားတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အချို့သော အခြေအနေမှာ လေပွတာ၊ ဝမ်းပျက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
- အသည်းကို ထိခိုက်စေနိုင်တယ်
လက်ဖက်စိမ်းရေနွေးကြမ်းက အတန်အသင့် သောက်သုံးမယ်ဆိုရင် အသည်းကို ကျန်းမာစေတယ် ဆိုပေမယ့် အလွန်အကျွံ သောက်သုံးမယ်ဆိုရင်တော့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။
- ပိုတက်ဆီယမ် ပမာဏကို ကျဆင်းစေနိုင်တယ်
လက်ဖက်စိမ်းက အလွန်အကျွံ သောက်သုံးမယ်ဆိုရင်တော့ သံဓာတ်စုပ်ယူမှုကို ထိခိုက်စေနိုင်သလို အစားမစားခင်မှာ သောက်သုံးမယ်ဆိုရင်လည်း အာဟာရ စုပ်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အချို့သော အခြေအနေမှာ ပိုတက်ဆီယမ်စုပ်ယူနိုင်စွမ်းကိုပါ ထိခိုက်စေပြီး သွေးအားနည်းတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
လက်ဖက်စိမ်းက ကျန်းမာရေး ကောင်းကျိုးများတယ်ဆိုပေမယ့် အလွန်အကျွံ မသောက်သုံးဖို့ လိုပါမယ်။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီးမှ သောက်သုံးဖို့ လိုပါမယ်။ ဆေးဝါး တစ်မျိုးမျိုး သောက်သုံးနေရမယ်ဆိုရင်လည်း အလွန်အကျွံ မသောက်ဖို့ လိုပါမယ်။





