ရာသီလာချိန်မှာ ဆုံးရှုံးရတာက သွေးတွေပါ။ ဘာလို့ ရေဓာတ်ပြည့်ဝဖို့လိုမှာလဲလို့ ထင်စရာ ရိပါတယ်။ တကယ်ကတော့ ရာသီလာချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့က အတော်လေး အရေးကြီးပါတယ်။ အကြောင်းကတော့ ရာသီလာချိန်မှာ ရာသီသွေးတွေနဲ့အတူ ကိုယ်တွင်းက ရေဓာတ်၊ သံဓာတ်၊ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးသွားရတာကြောင့်ပါ။
ရာသီလာချိန်မှာ ရေဓာတ်ပြည့်ဝဖို့ အရေးကြီးသလား!
ရာသီလာချိန်မှာ ကိုယ်တွင်းရေဓာတ်ခမ်းခြောက်တာက နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်သလို စိတ်ခံစားမှုအပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့ ဂရုစိုက်ပေးသင့်ပါတယ်။
ရာသီလာချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့ ရေကို လုံလောက်အောင်သောက်ပေးလို့ ရသလို အခြားသော သကြားမစွက်ထားတဲ့ သဘာဝသစ်သီးဖျော်ရည်လေးတွေကိုလည်း သောက်ပေးလို့ ရပါတယ်။ ဒီလိုမျိုး ရေဓာတ်ပြည့်ဝအောငါ သောက်ပေးတာက –
- နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်
ရေဓာတ်နည်းတာက ရာသီလာချိန်နာကျင်ကိုက်ခဲတာကို ပိုဆိုးစေနိုင်သလို ကြွက်သားတွေနာကျင်တာ၊ အဆစ်တွေ နာကျင်တာကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ရေလုံလုံလောက်လောက် သောက်ပေးသင့်ပါတယ်
- လေပွတာကို သက်သာစေတယ်
ရာသီလာနေချိန်နဲ့ အကြိုကာလမှာ လေပွတာ ဗို်ကအောင့်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကို ရေလုံလောက်အောင် သောက်ပြီး ကိုယ်တွင်းအရည်ဓာတ်ပမာဏကို ထိန်းညှိရင်း သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။
- သွေးစီးဆင်းမှု ကောင်းစေတယ်
ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝနေခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး သွေးပျစ်တာ၊ သွေးခဲတာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ရာသီသွေးဆင်းတာကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ သွေးဆင်းတာကြောင့် ပင်ပန်းတာကို လျှော့ချဖို့ဆိုရင် ရေလုံလုံလောက်လောက် သောက်ပေးပါ။
- ရာသီအကြိုလက္ခဏာတွေ သက်သာစေတယ်
ရေဓာတ်လုံလောက်ပြည့်ဝမှုက ရာသီလာချိန် ကိုယ်တွင်းဟော်မုန်း အတက်အကျမြန်တာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ သက်ရောက်ခံစားရမှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရာသီအကြိုကာလ ခေါင်းကိုက်တာ၊ နေရထိုင်ရ မအီမသာဖြစ်တာတွေကို သက်သာစေဖို့နဲ့ စိတ်ဖိစီးမှုများတာကို လျော့ကျစေဖို့ ရေများများ သောက်သင့်ပါတယ်။
- ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေတယ်
ရာသီလာချိန်မှာရော ပုံမှန်ချိန်မှာပါ ရေကို လုံလောက်အောင် သောက်သုံးတာက အာဟာရစုပ်ယူမှုကို ကောင်းစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကျန်းမာစေဖို့ရော သိမြင်မှုစွမ်းရည် ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီလာနေချိန်မှာ တစ်နေ့ကို အနည်းဆုံး ရေ ၁ လီတာ ခွဲကနေ ၂ လီတာလောက် သောက်ပေးပါ။ ရာသီလာနေစဉ် ရေဓာတ်ပြည့်ဝစေဖို့ ရေ၊ ရေကျက်အေး၊ အုန်းစိမ်းရည်စတာတွေကို သောက်ပေးလို့ ရသလို အရည်ရွှမ်းတဲ့ သဘာဝ အသီးအနှံလေးတွေကို စားပေးလို့လည်း ရပါတယ်။ ရာသီလာချိန်မှာ ရေကို လုံလောက်အောင် သောက်ပေးမယ်။ အိပ်ရေးဝဝလေးလည်း အိပ်မယ်။ အာဟာရပြည့်ဝအောင်လည်း စားသုံးမယ်ဆိုရင် ရာသီလာနေတဲ့ နေ့ရက်တွေကို သာမန်နေ့ရက်တွေလိုပဲ စိတ်လက်ပေါ့ပါးစွာနဲ့ ဖြတ်သန်းနိုင်မှာပါ။