လေဒီလေးတစ်ယောက် ကျန်းမာပြီး နေ့စဉ်ဘဝမှာ ယုံကြည်မှုရှိရှိ သွားလာလှုပ်ရှားနိုင်ဖို့ဆိုရင် ဂရုစိုက်ရမယ့် အစိတ်အပိုင်းလေး ရှိပါတယ်။ ဒီအစိတ်အပိုင်းလေးကတော့ မိန်းမကိုယ်ပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အရွယ်ရောက်လာတဲ့ လေဒီလေးတိုင်း သိထားသင့်တဲ့ မိန်းမကိုယ် သန့်ရှင်းကျန်းမာဖို့ လိုအပ်တဲ့ အကြောင်းအရင်းလေးကို မျှဝေပေးလိုက်ပါတယ်။
မိန်းမကိုယ်လေးက အဓိက ဘာတွေ လုပ်ဆောင်ပေးတာလဲ!
မိန်းမကိုယ်လေးက ရုတ်တရက် ကြည့်လိုက်ရင် ဆီးသွားဖို့အတွက်နဲ့ အပျိုဖော်ဝင်ချိန်မှာ ရာသီလာဖို့အတွက် လို့ပေါ့။ တကယ်ကတော့ မျိုးဆက်ပွားဖို့အတွက်လည်း အရေးကြီးပါတယ်။ မိန်းမကိုယ် သန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ပြီး ကျန်းမာအောင် ထားမယ်ဆိုရင် အနံ့ဆိုးထွက်ရှိမှု ကင်းစင်တာကစလို့ အိမ်ထောင်ရေးသုခကို ပြည့်ဝစေတာအထိ အထောက်အကူ ရရှိစေမှာပါ။
မိန်းမကိုယ်လေး သန့်ရှင်းကျန်းမာဖို့ ဘာကြောင့် အရေးကြီးသလဲ!
မိန်းမကိုယ်လေးကို သန့်ရှင်းကျန်းမာအောင် ထိန်းသိမ်းတာက စိတ်ရောကိုယ်ပါ ကျန်းမာဖို့ အရေးကြီးသလို နေ့စဉ်ဘဝမှာ ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်ဖို့လည်း အရေးကြီးပါတယ်။
- ရောဂါပိုး ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်
မိန်းမကိုယ်ကို သေချာလေး သန့်စင်ပေးတာကက မိန်းမကိုယ် မှိုပိုးဝင်တာ၊ ဘက်တီးရီးယား ကူးစက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မိန်းမကိုယ်ကို သေချာလေး သန့်စင်ပေးတာက မိန်းမကိုယ်ယားယံတာ၊ ပုံမှန်မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းတာ၊ မိန်းမကိုယ် အရေပြားဓာတ်မတည့်တာမျိုးတွေ ဖြစ်နိုင်ခြေကို လျှော့ချရာ ရောက်ပါတယ်။
မိန်းမကိုယ်ကို သန့်စင်ဆေးကြောတဲ့အခါမှာ ဆပ်ပြာအပြင်းစားမျိုးတွေ သုံးတာမျိုးမလုပ်ဘဲ ရေသန့်သန့်လေးနဲ့ ဆေးကြောပေးရင်ကို ရပါတယ်။ အပျော့စား မိန်းမကိုယ်သန့်စင်ဆေးရည်တွေ အသုံးပြုပေးလို့လည်း ရပါတယ်။
- pH Balance ထိန်းညှိပေးတယ်
မိန်းမကိုယ်က ပုံမှန်အားဖြင့် ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကြောင့် ထိခိုက်မှု မရှိအောင် ကာကွယ်ပေးနိုင်တဲ့ pH ပမာဏကို ကိုယ်တိုင် ထိန်းညှိနိုင်တဲ့ အစိတ်အပိုင်းလေး တစ်ခုပါ။ ဒါကြောင့် ပုံမှန်သန့်စင်ပေးတာက pH ပမာဏကို ထိန်းညှိနိုင်ဖို့ အထောက်အကူပေးနိုင်ပါတယ်။
ဒါကြောင့် မိန်းမကိုယ် ကျန်းမာစေဖို့ဆိုရင် မိန်းမကိုယ်ကို အတွင်းပိုင်းအထိ ဆေးကြောတာ၊ အနံ့ပြင်းတဲ့ ဆပ်ပြာတွေ သုံးပြီး သန့်စင်ဆေးကြောတာ၊ အတွင်းခံကို ပရုတ်လုံးတွေနဲ့ သိမ်းတာ၊ အမွှေးနံပါတဲ့ အရာတွေ သုံးပြီး အတွင်းခံကို မွှေးနေအောင် လုပ်တာ၊ အနံ့ပါတု့ လစဉ်သုံးတွေ သုံးတာမျိုးတွေလုက်တာမျိုး မလုပ်ပါနဲ့။
- မျိုးဆက်ပွားစနစ် ကျန်းမာစေတယ်
မိန်းမကိုယ် ကျန်းမာရေးက မျိုးဆက်ပွားကျန်းမာရေးအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ မိန်းမကိုယ် ကျန်းမာပြီး သန့်ရှင်းတာက အမျိုးသမီးတစ်ယောက်ရဲ့ မျိုးဆက်ပွားနိုင်စေဖို့ အရေးပါပါတယ်။
- အိမ်ထောင်ရေးသုခ ပြည့်ဝစေတယ်
မိန်းမကိုယ်လေးကို ပုံမှန်သန့်စင်ပေးတာက ကျန်းမာစေဖို့ ထောက်ကူပေးသလို အိမ်ထောင်ရှင် လေဒီလေးတွေ မှာ အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကို ပုံမှန်သန့်စင်ပေးပြီး ကျန်းမာအောင်ထိန်းသိမ်းဖို့ လိုပါမယ်။
- စိတ်အနှောင့်အယှက်ဖြစ်တာကို ကင်းစေတယ်
မိန်းမကိုယ်ကို သေချာလေး သန့်စင်ဆေးကြောပေးတာက အနံ့ဆိုးဖြစ်တာနဲ့ ယားယံတာလိုမျိုး အခြေအနေတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာကို ကင်းစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့ရော နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက်ကင်းကင်း ယုံကြည်မှု ရှိရှိ ဖြတ်သန်းနိုင်စေဖို့အတွက် ပုံမှန်ဂရုစိုက် ပေးတာက နည်းလမ်းကောင်းပါ။
မိန်းမကိုယ် သန့်စင်ကျန်းမာဖို့ သတိထားသင့်တဲ့ အချက်များ
မိန်းမကိုယ် သန့်စင်ကျန်းမာစေဖို့ဆိုရင် ဒီအချက်လေးတွေကို ပုံမှန် လိုက်နာဖို့ လိုပါမယ်။
- ပုံမှန် သန့်စင်ဆေးကြောပါ
မိန်းမကိုယ်ကို သန့်စင်တဲ့ရေနဲ့ ပုံမှန် သေချာလေး သန့်စင်ဆေးကြောပေးပါ။ ဆီးသွားပြီးချိန်တိုင်း၊ ချစ်တင်းနှောပြီးချိန်တိုင်းမှာပါ။ ရာသီလာနေချိန်မှာလည်း မိန်းမကိုယ်ကို သေချာလေး သန့်စင်ဆေးကြောဖို့ လိုပါမယ်။
- အတွင်းပိုင်းထိသန့်စင်ဆေးကြောတာမျိုး မလုပ်ပါနဲ့
မိန်းမကိုယ်အတွင်းပိုင်းအထိ သန့်စင်ဆေးကြောတာက ပိုသန့်သွားမယ်လို့ ထင်စရာရှိပေမယ့် တကယ်ကတော့ မိန်းမကိုယ်ရဲ့ pH balance ကို ပျက်စေပြီး ပိုးဝင်ကူးစက်နိုင်ခြေကို ပိုတိုးစေနိုင်ပါတယ်။
- ရှေ့ကနေ နောက်ကို ဆွဲယူတဲ့ပုံစံနဲ့ သန့်စင်ပေးပါ
ရေအိမ် အသုံးပြုပြီးချိန်တိုင်း သန့်စင်ဆေးကြောတဲ့အခါ အရှေ့ကနေ နောက်ကို ဆွဲယူသန့်စင်တဲ့ ပုံစံနဲ့ပဲ သန့်စင်ပေးပါ။ အနောက်ကနေ ရှေ့ကို ဆွဲယူသန့်စင်တာက စအိုမှာရှိနေတဲ့ ဘက်တီးရီးယားတွေ မိန်းမကိုယ်ကို ဝင်ရောက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
- လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံ ရွေးချယ်ပါ
လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံကို ဝတ်ဆင်ပေးတာက မိန်းမကိုယ် အနံ့ဆိုးကင်းစင်စေသလို မိန်းမကိုယ်ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- ဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ရွေးချယ်ပါ
အတူနေချိန်မှာ အကာအကွယ်သုံးတာ၊ စိတ်ချရတဲ့ ကာကွယ်မှု နည်းလမ်းတွေကို အသုံးပြုပေးတာက မိန်းမကိုယ် ကျန်းမာရေးကို ထောက်ကူပေးနိုင်ပါတယ်။
- ပုံမှန် မဟုတ်တဲ့ အခြေအနေတွေ ခံစားရချိန်မှာ ဆရာဝန်နဲ့ ဆွေးနွေးပါ
မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းတာ၊ ယားယံတာ၊ ပူစပ်ပူလောင် ဖြစ်တာ နဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုကို ခံစားနေရပြီဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုကို ခံယူဖို့ လိုပါမယ်။
Lotoshin ရဲ့ စကားလက်ဆောင်
လေဒီလေးတစ်ယောက် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့နဲ့ ရာသီလာချိန်တိုင်းမှာရော နေ့စဉ်ဘဝမှာပါ ယုံကြည်မှုပြည့်ဝစေဖို့ မိန်းမကိုယ်ကျန်းမာရေးကို သေချာလေး ဂရုစိုက်ဖို့လိုသလို သန့်ရှင်းရေးကိုလည်း သေချာ လိုက်နာလုပ်ဆောင်ဖို့ လိုပါမယ်။