အမြဲလိုလို အိပ်ငိုက်နေရတာ ဘာကြောင့်များလဲ!

အမြဲလိုလို အိပ်ငိုက်နေရတာ ဘာကြောင့်များလဲ!
အမြဲလိုလို အိပ်ငိုက်နေရတာ ဘာကြောင့်များလဲ!

မနက်နိုးတုန်းကလည်း အိပ်ရေးဝပါတယ်။ ဒါပေမယ့် တစ်နေကုန်ကျ အိပ်ပဲငိုက်နေတယ်။ ဘာဖြစ်လို့များ တစ်ချိန်လုံး အိပ်ငိုက်တာကို ခံစားနေရတာလဲဆိုတာကိုအရမ်းသိချင်နေပြီလား! ဒါဆိုရင်တော့ ဆောင်းပါးလေး ထဲမှာ မျှဝေပေးထားတာမို့ ကိုယ်တိုင်ဖတ်ကြည့်လိုက်တော့နော်။

တစ်ချိန်လုံးလုံး အိပ်ငိုက်နေရတာက တစ်ခုမကတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးကတော့ ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာပါ။ အခြားသော အကြောင်းအရင်းတွေကတော့ စိတ်ဖိစီးတာနဲ့ ကျန်းမာရေးပြဿနာတွေပေါ့။ ကိုယ်တိုင်ရော ဘာကြောင့် အမြဲလိုလို အိပ်ငိုက်နေရတာလဲ ဆိုတာကို အဖြေထုတ်ကြည့်လိုက်ရအောင်နော်။ 

အမြဲလိုလို အိပ်ငိုက်နေရတာ ဘာကြောင့်များလဲ!

အမြဲလိုလို အိပ်ငိုက်နေရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။

  • ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာကြောင့်ပါ

ညဘက်တွေမှာ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရရှိတာ ( အရွယ်ရောက်ပြီးသူ တစ်ဦးအနေနဲ့ ၇ နာရီ ကနေ ၉ နာရီ အထိ အိပ်စက်မိဖို့ လိုပါမယ်) က နေ့ခင်းဘက်တွေမှာ အလုပ်တွေကို အာရုံစိုက်ရ ခက်စေပြီး အချိန်တိုင်းလိုလို အိပ်ငိုက်နေတာကို ခံစားရနိုင်ပါတယ်။

  • နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြောင့်ပါ

ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ရှိတယ်။ ဒါပေမယ့် အိပ်ငိုက်နေတာပဲ ဆိုရင်တော့ ညဘက်တွေမှာ ကောင်းကောင်း အိပ်မပျော်တာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ဟောက်အသက်ရှူပိတ်ရောဂါ ခံစားနေရတာလိုမျိုး ခံစားနေရမယ်ဆိုရင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုးဆိုရင်လည်း တစ်ချိန်လုံး အိပ်ငိုက်နေတာမျိုး ခံစားရနိုင်ပါတယ်။

  • ကိုယ်လက်လှုပ်ရှားမှု နည်းတာ

အထိုင်များပြီး တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှု နည်းတာကလည်း ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပြီး တစ်နေ့လုံးလိုလို အိပ်ငိုက်တာကို ခံစားရနိုင်ပါတယ်။ 

  • ကဖင်း အစားများတာ

တစ်နေ့တာမှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ကိုလာ၊ အားဖြည့်အချိုရည်လိုမျိုး ကဖင်းပါတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးမိတာကလည်း ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပြီး တစ်နေ့လုံး အိပ်ငိုက်တာကို ခံစားရတာပါ။

  • ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှု ရှိနေတာ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ မရှိတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အနှောင့်အယှက် ဖြစ်စေသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ 

  • အရက်သောက်တာ

အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်တာကလည်း အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး နေ့ခင်းဘက်တွေမှာ အိပ်ငိုက်တာကို ဖြစ်စေနိုင်ပါတယ်။

  • ကျန်းမာရေး အခြေအနေများ

သွေးအားနည်းနေတာ၊ သိုင်းရွိုက်ဟော်မုန်း နည်းနေတာ၊ ဆီးချိုရောဂါ နဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ခုခုကို ခံစားနေရမယ်ဆိုရင်လည်း နေ့ခင်းဘက်တွေမှာ အိပ်ငိုက်နေတာကို ခံစားရနိုင်ပါတယ်။ 

  • စိတ်ကျန်းမာရေး ပြဿနာ တစ်ခုခု ခံစားနေရတာ

စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် လွန်ကဲတာ၊ အခြားသော စိတ်ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကို ခံစားနေရမယ် ဆိုရင်လည်း ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ပြီး တစ်နေ့တာလုံးမှာ အိပ်ငိုက်နေတာကို ခံစားရနိုင်ပါတယ်။ 

  • ဆေးဝါးတွေ

ဆီးဆေးတွေ၊ စိတ်ကျရောဂါ သောက်ဆေးတွေ၊ ဓာတ်မတည့်မှု သက်သာစေတဲ့ ဆေးတွေကလည်း ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ တစ်ချိန်လုံး အိပ်ငိုက်နေတာကို ခံစားရနိုင်ပါတယ်။

  • ကာလရှည်ကြာ စိတ်ဖိစီးနေတာ

ကာလရှည်ကြာ စိတ်ဖိစီးမှုကို ခံစားနေရတာလည်း ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်စေပြီး တစ်နေလုံး အိပ်ငိုက်တာကို ခံစားရစေနိုင်ပါတယ်။

အခုဆိုရင် ကိုယ်တိုင်ရော တစ်နေ့လုံး အိပ်ငိုက်နေရတာက ဘာကြောင့်လဲဆိုတာကို အဖြေထွက်လောက်ပြီ ထင်ပါတယ်။

ဘယ်လို အခြေအနေမှာ ကုသမှု ခံယူဖို့ လိုမလဲ!

တစ်ချိန်လုံး အိပ်ငိုက်တာကို ခံစားရမယ်ဆိုရင် နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲတာကို အရင်ဆုံး လုပ်ဆောင်ဖို့ လိုပါမယ်။ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပေမယ့် မသက်သာတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဖြစ်နေလားဆိုတာကို သိရှိနိုင်ဖို့အတွက် လိုအပ်တဲ့ ဆေးစစ် ကုသမှုတွေကို ခံယူဖို့ လိုပါမယ်။

Lotoshinn ရဲ့ စကားလက်ဆောင်

ညဘက်တွေမှာ အိပ်ချိန်ပြည့်ဝတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တကယ်လို့ ညဘက်တွေကို အိပ်ချိန်ပြည့်ဝအောင် အိပ်ပါရက် တစ်ချိန်လုံး အိပ်ငိုက်နေပြီဆိုရင်တော့ အကြောင်းရင်းခံကို သေချာလေး အဖြေထုတ်ကြည့်ဖို့ အကြံပြုလိုက်ပါရစေ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *