အသည်းဆိုတာက လူ့ခန္ဓာကိုယ်မှာ အကြီးမားဆုံးကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ နံရိုးတွေရဲ့ အောက်ဖက် ဝမ်းဗိုက်ညာဘက်အထက်ပိုင်းနားလေးမှာ ရှိပါတယ်။ အသည်းက အစာခြေဖို့၊ အာဟာရတွေကို စုဆောင်းဖို့၊ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားစစ်ထုတ်ဖို့နဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်ပါတယ်။
အသည်းက နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ပြောလို့ ရပါတယ်။ အသည်းက အရေးပါသလို အလုပ်လည်း တော်တော်များပါတယ်။ ဒီလို အရေးပါတဲ့ အသည်းက နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကြောင့် ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့်ကတော့ အရက်ပေါ့။ အရက်အပြင် အသည်းကို ထိခိုက်စေနိုင်တဲ့ အစားအစာ တွေလည်း ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင် ပါတယ်။
အရက်မဟုတ်တဲ့ အသည်းကို ထိခိုက်စေနိုင်တဲ့ အစားအစာများ
အချို့သော အစားအစာတွေက အသည်းမှာ အဆီတွေစုတာမျိုး၊ အသည်းရောင်တာမျိုး၊ အသည်းခြောက်တာ မျိုးတွေနဲ့ အသည်းကင်ဆာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အသည်းကို မထိခိုက်စေဖို့ ရှောင်သင့်တဲ့ အစားအစာတွေကတော့ –
- အချိုရည်တွေနဲ့ အချိုကဲတဲ့ အစားအစာတွေ
အချိုရည်တွေ၊ အချိုကဲတဲ့ ကွတ်ကီး၊ ကိတ်မုန့်စတာတွေက စားရတာ အရသာရှိလှပေမယ့် အများကြီး စားမယ်ဆိုရင်တော့ ကိုယ်တွင်းမှာ အချိုဓာတ်တွေများပြီး အဆီတွေ စုပုံလာနိုင်ပါတယ်။ ဒီလိုမျိုး အဆီတွေ အများကြီးစုလာတဲ့အခါ အသည်းမှာ ဝန်ပိပြီး ပုံမှန်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ခက်လာပါတယ်။ ဒီအခြေအနေက အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးတာကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် အသည်းကို ထိခိုက်မှု နည်းစေဖို့ အချိုရည်တွေနဲ့ အချိုကဲတဲ့ အစားအစာတွေကို ရှောင်ပါ။ မရှောင်နိုင်ရင်တော့ တတ်နိုင်သမျှ လျှော့စားပါ။ အချိုလျှော့စားတာက အသည်းမှာ အဆီစုနိုင်ခြေကို နည်းစေသလို အသည်းဆဲလ်တွေ ထိခိုက်ပျက်စီးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
- ဆီကြော်စာတွေ
အာလူးချောင်းကြော်တွေ၊ ကြက်ကြော်တွေ၊ ဘာဂါ၊ ဒိုးနတ်စ် နဲ့ အဆီများတဲ့ အမြန်စား အစားအစာတွေမှာ ပြည့်ဝဆီတွေနဲ့ အသွင်ပြောင်းအဆီတွေ အများကြီး ပါဝင်နေတာကြောင့် ဒီအစားအစာတွေကို စားမယ် ဆိုရင်တော့ အသည်းမှာ အဆီတွေစုတာကို ဖြစ်စေနိုင်ပါတယ်။ အသည်းမှာ အဆီစုတာက အသည်းအဆီဖုံးတာ၊ နှလုံးကျန်းမာရေး ထိခိုက်တာ၊ အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဆီကြော်စာတွေကို တတ်နိုင်သမျှလျှော့စားပါ။
- အနီရောင်နဲ့ ပြုပြင်ထားတဲ့ အသားတွေ
အမဲသား၊ ဝက်သား၊ သိုးသားလိုမျိုး အနီရောင်အသားတွေ၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်နဲ့ ပြည့်ဝဆီတွေ၊ တာရှည်ခံဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေ ပါဝင်နေပြီး ဆားပါဝင်မှုလည်း တော်တော်လေး များပါတယ်။
ဒီလိုအရာတွေ ပါဝင်နေတာက အသည်းမှာ အဆီတွေစုပြီး အသည်းရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အသားတွေက စားတာများလာလေလေ အသည်းရဲ့ စွမ်းဆောင်ရည်ကို ကျလေဖြစ်စေနိုင်တာကြောင့် အသည်းကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
- အငန်ကဲတဲ့ အစားအစာတွေ
အငန်ကဲတဲ့ အစားအစာတွေဖြစ်ကြတဲ့ အသင့်စား၊ အမြန်စားတွေကို စားတာက ကိုယ်တွင်းမှာ အရည်တွေကို စုပုံစေပြီး သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်သလို အသည်းမှာ ဖိအားများစေဖို့ ဖြစ်စေနိုင်ပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
အငန်အစားများတာက အသည်းရောင်တာ၊ အသည်းမှာ အကျိတ်အဖုတွေဖြစ်တာ အသည်းမှာ အမာရွတ်ဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အငန်များတာမျိုးတွေ မစားပါနဲ့။
- သန့်စင်ထားတဲ့ ကစီဓာတ်
ပေါင်မုန့်ဖြူ၊ ဆန်ဖြူလိုမျိုး သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက အမျှင်ဓာတ် ပါဝင်မှု မရှိသလို အရေးပါတဲ့ အာဟာရဓာတ်တွေလည်း မပါတာကြောင့် ကိုယ်တွင်းမှာ အဆီတွေ စုပုံစေပြီး အသည်းကို ထိခိုက်စေနိုင် ပါတယ်။ ဒါကြောင့် သန့်စင်ထားတဲ့ ကစီဓာတ်တွေကို မစားဖို့ လိုပါမယ်။ ဒီအစားအစာတွေအစား ဆန်လုံးညို၊ အုတ်ဂျုံနဲ့ ပေါင်မုန့်ကြမ်းတွေကို စားဖို့ လိုပါမယ်။ ဒီအစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေဖို့ရော အသည်းရဲ့ စွမ်းဆောင်ရည် ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
အသည်းကျန်းမာစေဖို့ အခုပြောခဲ့တဲ့ အစားအစာတွေကို ရှောင်ဖို့ လိုသလို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့ လိုပါမယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်တာတွေ လုပ်ဖို့လိုသလို အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားစေဖို့လည်း ရေများများ သောက်ဖို့ လိုပါမယ်။