စံပယ်ပန်း ရေနွေးကြမ်းလို့ ပြောလိုက်ရင် တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ မနက်ခင်းမှ စံပယ်ပန်း ရေနွေးကြမ်း ခပ်နွေးနွေးလေးသောက်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး စိတ်ခံစားချက်ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ဒီလို သောက်လို့ကောင်းတဲ့ ရေနွေးကြမ်းလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ သောက်လို့ ရမလား! ထိခိုက်တာမျိုးတွေ ရှိနိုင်လား! ကောင်းကျိုးတွေ ရရှိနိုင်လားဆိုတာကို ပြောပြပေးချင်ပါတယ်။
အာဟာရဓာတ်များ | စံပယ်ပန်းရေနွေးကြမ်း ပုံမှန် တစ်ခွက်စာ |
ကယ်လ်လိုရီ | 2-5 ကီလိုကယ်လ်လိုရီ |
ကစီဓာတ် | 0-1 ဂရမ် |
ပရိုတင်း | 0 ဂရမ် |
အဆီဓာတ် | 0 ဂရမ် |
အမျှင်ဓာတ် | 0 ဂရမ် |
ကဖင်း | 20-30 မီလီဂရမ် |
ဓာတ်တိုးဆန့်ကျင်ပစ္စည်း | EGCG နဲ့ Flavonoids |
ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်းရေနွေးကြမ်း သောက်လို့ရ၊ မရ
ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်းရေနွေးကြမ်း သောက်လို့ရ၊ မရ ဆိုတဲ့ မေးခွန်းလေးအတွက် အဖြေပေးရရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်းရေနွေးကြမ်းကို အသင့်အတင့် သောက်တာက မေမေကိုရော ဘေဘီလေးကိုပါ ထိခိုက်စေတာမျိုး မရှိပါဘူး။
ဒါပေမယ့် သတိထားရမှာလေးတွေတော့ ရှိပါတယ်။ ဒါကတော့ စံပယ်ပန်းလက်ဖက်ခြောက်မှာ ပါဝင်နေတဲ့ ကဖင်းပမာဏပါ။ စံပယ်ပန်းလက်ဖက်ခြောက်မှာ အသုံးပြုထားတဲ့ လက်ဖက်ခြောက်အမျိုးအစားကို လိုက်ပြီး ကဖင်းပါဝင်မှုကလည်း ကွာခြားနိုင်ပါတယ်။
ကဖင်း ပါဝင်မှုများမယ်ဆိုရင်တော့ တစ်နေ့ကို တစ်ခွက်လောက်ပဲ သောက်သုံးသင့်ပါတယ်။ တကယ်လို့ ကဖင်းပါဝင်မှု နည်းမယ်ဆိုရင်တော့ တစ်နေ့ကို ရေနွေးကြမ်းခွက်နဲ့ ၂ ခွက်စာလောက် သောက်ပေးလို့ ရပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းကို အများကြီး သောက်သုံးမိတာက ပေါင်မပြည့်တဲ့ ကလေးလေး မွေးဖွားတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ မွေးဖွားတာမျိုးတွေဖြစ်စေနိုင်လို့ပါ။
American College of Obstetricians and Gynecologists (ACOG) ကတော့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ တစ်နေ့ကို ကဖင်းပမာဏ ၂၀၀ မီလီဂရမ်ထက် ပိုပြီး မသောက်သုံးသင့်ဘူးလို့ ဆိုထားပါတယ်။
အတိုချုပ်ပြောရရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စံပယ်ပန်း ရေနွေးကြမ်းကို သောက်လို့ ရပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၂ ခွက်စာထက်တော့ ပိုမသောက်သင့်ဘူးပေါ့။
စံပယ်ပန်းရေနွေးကြမ်းသောက်ရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်လဲ …..
စံပယ်ပန်းရေနွေးကြမ်း ဆိုတာက လက်ဖက်စိမ်း လက်ဖတ်ခြောက်ကို အခြောက်ခံထားတဲ့ စံပယ်ပန်းနဲ့ ရနံ့ပေါင်းပြီး ထုတ်လိုက်တာမျိုးပါ။ စံပယ်ပန်းနဲ့ သင်းသင်းလေးနဲ့ သောက်လို့ ကောင်းတဲ့ ရေနွေးကြမ်းလေးပါ။ ဓာတ်တိုးဆတ့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတဲ့လက်ဖက်ခြောက်တစ်မျိုးပါ။
စံပယ်ပန်းရေနွေးကြမ်းက
- ခန္ဓာကိုယ်မှာ ဆဲလ်တွေ ထိခိုက်ပျက်စီးတာကို ကာကွယ်ပေးသလို ခန္ဓာကိုယ် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ ဖျားနာတာကို သက်သာစေနိုင်ပါတယ်။
- သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ခံစားမှုကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အစာကြေစေပြီး လေထိုးတာ နဲ့ သိပ်မပြင်းထန်တဲ့ အစာခြေအိမ်အူလမ်းကြောင်းပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။
လိုတိုရှင်းရဲ့ စကားလက်ဆောင်
စံပယ်ပန်းရေနွေးကြမ်းက ကိုယ်ဝန်ဆောင်ချိန်မှာ သောက်လို့ ရတယ်။ အပေါ်မှာပြောခဲ့တဲ့ ကောင်းကျိုးတွေကိုလည်း ရနိုင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ အများကြီးသောက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေတာ ကြောင့် ကိုယ့်မှာ စံပယ်ပန်းရနံ့ကြောင့် မအီမသာဖြစ်တာ၊ ဗိုက်ထဲ နေလို့မကောင်းတာမျိုးတွေ ဖြစ်လား ဆိုတာကို ဆန်းစစ်ဖို့လည်း လိုပါမယ်။
နောက်တစ်ချက်ကတော့ မသောက်ခင်မှာ ပြသနေတဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာတိုင်ပင်တာမျိုး လုပ်ဖို့ပါ။ မေမေက နဂိုကတည်းက ကဖင်းနဲ့ ဓာတ်မတည့်တာမျိုး ရှိမယ်ဆိုရင်လည်း မသောက်တာက အကောင်းဆုံးပါ။
ကဖင်းနဲ့ရော စံပယ်ပန်း လက်ဖက်ခြောက်နဲ့ပါ တည့်တယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင် မေမေတစ်ယောက်အနေနဲ့ တစ်နေ့ကို ၂ ခွက်ထက်တော့ ပိုမသောက်ဖို့ ပြောပါရစေ။