မြန်မာ့ဆက်သွယ်ရေး နွေဦး

ဇွန်လ ၂၇ ရက်

ရုံးခန်းတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ တာဝန်ရှိသူအချို့ ခန်းမထဲတွင် လူစုရန်ပြောကြားသောကြောင့် သူမ စိတ်လှုပ်ရှားစွာ လိုက်ပါသွားသည်။ သို့သော် လူကြီးများ၏ မျက်နှာ အနည်းငယ်ပျက်နေသောကြောင့် သူမစိုးရိမ်မိလာသည်။

အခန်းထဲသို့ အားလုံးရောက်ပြီး လူစုံသောအခါတွင် အမှုဆောင်အဖွဲ့ဝင်တစ်ဦးက “ဆက်သွယ်ရေးတင်ဒါ ကျွန်တော်တို့ မရဘူး” ဟု စိတ်မပါတပါနှင့် ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် အခန်းထဲတွင် ဝုန်းခနဲ ပွက်လောရိုက်သွားသည်။ တစ်ချို့က ငိုကြသည်။ တစ်ချို့ က စိတ်ပျက်လက်ပျက်ဖြင့် ခန်းမ အပြင်ထွက်သွားပြီး မိမိနေရာ မိမိပြန်ထိုင်ပြီး ငူငူငိုင်ငိုင်ဖြင့်ဖြစ်ကုန်ကြသည်။

“မနက်ပိုင်းကတည်းက သတင်းတွေက အမျိုးမျိုးထွက်နေတာ။ ကိုယ့်ကုမ္ပဏီနာမည်ပါပေမယ့် တရားဝင်မဟုတ်သေးတော့ မပြောသေးဘူး။ စောင့်ကြည့်နေကြတာပေါ့။ အားလုံးကို ခန်းမထဲခေါ်ပြီး လိုင်စင်မရတော့ဘူးလို့ ပြောလိုက်တဲ့ အချိန်မှာ ငိုချလိုက်ကြတာ။ ဝမ်းနည်းပက်လက်ပဲ။” ဟု ဆက်သွယ်ရေးတင်ဒါလျှောက်ထားခဲ့သော ကုမ္ပဏီတစ်ခုမှ PR မန်နေဂျာတစ်ဦးဖြစ်သူ ဒေါ် သက်သက်(အမည်လွှဲ)က ဇွန်လ ၂၇ ရက်နေ့က ၎င်းတို့ ကုမ္ပဏီမှ အဖြစ်အပျက်ကိုပြန်ပြောပြသည်။

အဆိုပါနေ့က ဆက်သွယ်ရေးအော်ပရေတာလိုင်စင်လျှောက်ထားခဲ့သည့် ကုမ္ပဏီ ၁၁ ခုအနက်မှ ၉ ခု အတွက် ပြီးသောနေ့ တစ်နေ့ဖြစ်ခဲ့သည်။ အထူးသဖြင့် မီဒီယာ အားကောင်းကောင်းဖြင့် ပြည်သူများ အကြားရေပန်းစားနေသော သူမတို့ ကုမ္ပဏီ အဖို့ ပိုအထိနာသည်။

“အဲဒီနေ့ မနက်အထိ တစ်နေရာရမယ်လို့ ယုံကြည်ထားတယ်။ နေ့လည်ကျတော့ အင်တာနက်ပေါ်မှာ တခြားကုမ္ပဏီတွေရဲ့ နာမည်တွေ တက်လာတယ်။ အတိအကျကတော့ တရားဝင် သတင်းထုတ်ပြန်မှပဲ သိရတယ်။ ကျွန်မတို့လုပ်ခဲ့တာတွေက စေတနာတအားပါတယ်။ အချိန်တွေ လူတွေ တအားကုန်ထုတ်ပြီး အသည်းအသန် ကြိုးပမ်းခဲ့ကြတဲ့ သူတွေဆိုတော့ကာ ရုတ်တရက် ဒီလိုမျိုးဖြစ်သွားတော့ ဘယ်လိုနည်းနဲ့မှ မခံစားနိုင်ဘူး။” ဟု သူမတို့ကုမ္ပဏီ၏ အတွေ့အကြုံကို ရှင်းပြသည်။

အဆိုပါနေ့တွင် နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော နှင့် ကာတာအစိုးရပါဝင်ပတ်သတ်မှု ရှိနေသော အိုရီဒူး ကုမ္ပဏီတို့ကို ဆက်သွယ်ရေးအော်ပရေတာ နှစ် နေရာအတွက် ရွေးချယ်ခဲ့ကြောင်း ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့်ရွေးချယ်ရေးကော်မတီက တရားဝင်ကြေညာခဲ့သည်။

ထို့အပြင် အကြောင်းအမျိူးမျိုးကြောင့်ရွေးချယ်ခံရသည့်တာဝန်ကိုမထမ်းဆောင်နိုင်ပါက အစားထိုးအနေနှင့် ပြင်သစ်တယ်လီကွန်းOrange နှင့် Marubeni ကော်ပိုရေးရှင်းကို အရန် အဖြစ်ရွေးချယ်လိုက်သည်။

“အားလုံးက မေးကြတယ်။ ဘယ်လိုဖြစ်တာလဲ ဆိုပြီး။ ကျွန်မတို့ ကိုယ်တိုင်လည်း မသိဘူးလို့ပဲဖြေလိုက်ရတယ်။” ဟု ဒေါ်သက်သက်ကဆိုသည်။

သိ့သော် တင်ဒါခေါ်ယူရေးကော်မတီ အနေဖြင့် အမျှတဆုံးနှင့် အကောင်းဆုံးရွေးချယ်မှု များပြုလုပ်ခဲ့ခြင်းဖြစ်ကာ မည်သူ့ သြဇာမှ မပါပဲ လွတ်လပ်စွာရွေးချယ်ခဲ့သည်ဟု ကော်မတီ ဥက္ကဌ ဦးဆက်အောင်က ဆိုသည်။

“ဘာအကူအညီတွေပေးတယ်။ ဘယ်လိုဆက်ဆံရေးမျိုးရှိတယ်ဆိုတာရယ် ဘာသာရေးတွေဘာတွေကို ထည့်မတွက်ပါဘူး။ ကျွန်တော်တို့က Dimensions ၈ မျိုးရယ်။ (Criteria)လုပ်ထုံးလုပ်နည်း ၂၀၀ လောက်နဲ့ စနစ်တကျရွေးချယ်ခဲ့တာပါ ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့်ရွေးချယ်ရေးကော်မတီ ဥက္ကဌ ဦးဆက်အောင်ကဆိုသည်။

ယခု ရွေးချယ်မှုသည် ကမ္ဘာ့အဆင့် ရွေးချယ်မှုဖြစ်ပြီး အလွန်စနစ်တကျရှိကာ မှန်ကန်သောရွေးချယ်မှုသာဖြစ်ကြောင်း တယ်လီနော မြန်မာ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr.Pettter Furberg ကလည်း မှတ်ချက်ပေးသည်။

အခက်အခဲများ

သိုသော်လည်း ဆက်သွယ်ရေး အော်ပရေတာရွေးချယ်မှုသည် အလွယ်တကူ အဖြေထွက်ခဲ့သည်တော့ မဟုတ်ပေ။

ဆက်သွယ်ရေး တင်ဒါအောင်မြင်သူနှစ်ဦးကို တရားဝင်ထုတ်ဖော် ကြေညာမည့် ရက်နှင့်နီးကပ်သော အနေအထားတွင် ပြည်သူ့လွှတ်တော်က ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ချထားပေးခြင်းကို ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးသည့် ကာလအထိ ရွှေ့ဆိုင်းရန် တိုက်တွန်းကြောင်း အဆိုကို ဇွန်လ ၂၆ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

သို့သော်လည်းဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် လက်ကျန်လိုင်စင် နှစ်နေရာ လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီကို ဇွန်လ ၂၇ ရက်နေ့(ယနေ့)တွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ထိုနေ့တွင်ပင်ပြောကြားခဲ့ပြီး အစိုးရအဖွဲ့က ဆက်လက်လုပ်ဆောင်ခဲ့သည်။

အဆိုပါ ကိစ္စသည် ပြည်သူများအကြား သို့လောသို့လော သံသယပွားစရာဖြစ်စေခဲ့ပြီး နိုင်ငံတကာတွင် တိုင်းပြည်၏ ပုံရိပ်ကိုဆိုးရွားစွာထိခိုက်စေနိုင်သည်ဟု ဝေဖန်မှုများလည်းပေါ်ထွက်လာခဲ့သည်။

“ကျွန်တော်တို့က Technical Team ပါ၊ Political နဲ့တော့ မဆိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကို လိုင်စင် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး တာဝန်ပေးထားတဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက် တစ်စုံ တစ်ရာမရှိရင် အမည်စာရင်းကို ကြေညာပါမယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးဆက်အောင်က အဆိုပါနေ့တွင်ပင်ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဇွန်လ ၂၇ ရက်နေ့တွင်ပင် ဆက်သွယ်ရေးဝန်ကြီးကိုယ်တိုင် လွှတ်တော်တွင် သွားရောက်ရှင်းလင်းပြောကြားခဲ့ရသည်။

ပြည်တွင်းမှ ပြိုင်ဘက်များ

ဆက်သွယ်ရေးလိုင်စင်ရွေးချယ်မှုကို အစိုးရ၊ လွှတ်တော် နှင့် အခြားသက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပ မီဒီယာများ၊ လုပ်ငန်းရှင်များသာမက ပြည်သူများ၏ စိတ်ဝင်စားမှုမှာလည်း မြင့်မားလှသည်။

“သူတို့ ဝင်လာရင် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ရမယ်လို့ မျှော်လင့်နေကြတာ။ တကယ့် ပြိုင်ဆိုင်မှုတွေကလည်း အဲဒီ အချိန်မှာ စမယ်ထင်တယ်။ လိုင်းကမမိတာ၊ လိုင်းမကြည်တာတွေ မကြုံလောက်တော့ဘူး” ဟု မြောက်ဥက္ကလာပမြို့နယ်မှ အသက်သုံးဆယ်အရွယ် လခစားဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဖြိုးဝေဦးက မှတ်ချက်ပြုသည်။

အင်အားကြီးပြိုင်ဘက်များနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သော်လည်း မြန်မာ့ဆက်သွယ်ရေးအနေဖြင့်မူ ခေါ်ဆိုခများ၊ SIM Card ဈေးနှုန်းများမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် ဈေးများကြီးမြင့်နေဆဲ ဝန်ဆောင်မှုမှာလည်း ညံ့ဖျင်းနေဆဲဖြစ်သည်။

“ကျွန်တော်တို့ အခုပေးရတဲ့ ခေါ်ဆိုခတွေ SIM Card ဈေးတွေက နိုင်ငံတကာနဲ့ယှဉ်ရင် အရမ်းဈေးကြီးလွန်းနေသေးတယ်။ ၁၅၀၀ တန်ဖုန်းရောင်းပေမယ့် အပြင်ပေါက်ဈေးက ငါးသောင်း ခြောက်သောင်းလောက်ဖြစ်နေတာပဲ ဘာထူးလဲ။”ဟု Programmer တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က မှတ်ချက်ပေးသည်။

ယခုအခါ တင်ဒါအောင်ကုမ္ပဏီနှစ်ခု အနေဖြင့် ပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးနှင့် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar Telecom၊ ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်းထားသော ရတနာပုံ ဆက်က်သွယ်ရေးကုမ္ပဏီတို့နှင့် လူဦးရေ သန်းခြောက်ဆယ်ရှိသော နိုင်ငံအတွင်း မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်း တိုက်ပွဲဆင်နွှဲရတော့မည်ဖြစ်သည်။

ယင်းအနေအထားသည် ပြည်တွင်းတွင်လက်ရှိ လက်ဝါးကြီးအုပ်လုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန်ပြင်ဆင်နေသော ရတနာပုံတယ်တယ်လီပို့ကုမ္ပဏီတို့ အတွက် ကြီးမားသော စိန်ခေါ်မှုလည်းဖြစ်သည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို မကြာမီမှာ ကော်ပိုရေးရှင်းပြောင်းတော့မယ်။ နောက်ဆိုရင် နိုင်ငံတော် ဘဏ္ဍာ သိပ်မသုံးတော့ဘူး။ ဒီတော့ ကိုယ့်ဟာကိုယ်ရပ်တည်ရင် အခက်အခဲတွေရှိနိုင်တယ်။ ဒါကြောင့် ပြည်တွင်းပြည်ပကနေ လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေး၊ နည်းပညာပိုင်းပူးပေါင်း ဆောင်ရွက်မှုပြုလုပ်မယ့် ပြည်တွင်း ပြည်ပ ကုမ္ပဏီ တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်“ဟု ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

“ဒီနိုင်ငံမှာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးလိုဖြစ်ခဲ့တာ။ အခုခေတ်ပြောင်းချိန်ရောက်ပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုအနေအထားက သာတဲ့သူစားစတမ်းဖြစ်သွားပြီ။ ဘယ်သူဘယ်လောက်လုပ်နိုင်မလဲဆိုတာက စကားပြောသွားလိမ့်မယ်။” ဟု Programmer တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က မှတ်ချက်ပေးသည်။

ဘာတွေလုပ်ကြမှာလဲ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ ယင်းကုမ္ပဏီလေးခုမှ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်းငါးသိန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂ဝ၁၃-၁၄ တွင် လိုင်း ၁ဝသန်း၊ ၂ဝ၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂ဝ၁၅-၁၆တွင် ၁၅ဒသမ၅သန်း တပ်ဆင်ပေးရမည်ဖြစ်သည်။

လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်းသုံးစွဲနိုင်၍ အင်တာနက်အသုံးပြုသူ သိန်းဂဏန်းသာ ရှိခြင်းကြောင့်လည်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီကြီးများအတွက် ရတနာသိုက်ကြီးတစ်ခုဖြစ်နေသည်။

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်အတွက် ရွေးချယ်ခံခဲ့ရသော ကုမ္ပဏီများအနေဖြင့် တင်ဒါစည်းမျဉ်းစည်းကမ်းများအရ အခြေခံအဆောက်အအုံဆောက်လုပ်မှုများနှင့်ကွန်ယက်ချိတ်ဆက်မှုများကို အမြန်ဆုံးစတင်ရမည်ဖြစ်သည်။

ယင်းသို့ စတင်ရာတွင် ပြည်ပကုမ္ပဏီများအနေဖြင့် လိုင်စင်ရရှိပြီး ရက်တစ်ရာ အတွင်းမည်မျှ ပမာဏ ပြီးစီးရမည်၊ ရှစ်လအကြာတွင် မိုဘိုင်းဝန်ဆောင်မှု စတင်ပေးနိုင်ရမည် စသည်ဖြင့် သတ်မှတ်ချက်များရှိပြီး သတ်မှတ်ကာလအတွင်း အချိန်မှီမပြီးစီးပါက Performance Bond အဖြစ် အစိုးရထံတွင် ပေးအပ်ထားသော အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထဲမှ သတ်မှတ်ပမာဏ အတိုင်း အစိုးရက သိမ်းယူမည်ဖြစ်သည်။

လက်ရှိအချိန်တွင် တင်ဒါအောင်ကုမ္ပဏီ နှစ်ခု စလုံး Nokia Seimens၊ Huawei၊ ZTE၊ Ericsson အစရှိသော နာမည်ကျော် Vendor ကုမ္ပဏီများ(Telecom Equipment Suppliers)နှင့် ကွန်ယက်တည်ဆောက်ရေး လုပ်ငန်းများလုပ်ကိုင်ရန် ဆွေးနွေးနေကြပြီး လိုင်စင်ရရှိပြီး မကြာမှီ ကွန်ယက်တည်ဆောက်မှုများ စတင်တော့မည်ဖြစ်မည်။

စည်းမျဉ်းစည်းကမ်း တင်းကျပ်မှု အချို့ရှိနေသော်လည်း အားလုံးကို အဆင်ပြေပြေဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း တင်ဒါအောင်ကုမ္ပဏီ နှစ်ခု လုံးက တညီတညွတ်တည်း ပြောကြားကြသည်။

တယ်လီနော

နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်းပိုင်ဆိုင်သော တယ်လီနော်ကုမ္ပဏီအနေဖြင့် လူတိုင်း မိုဘိုင်းဖုန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို လွယ်ကူ အဆင်ပြေ သက်သာစွာ ကိုင်ဆောင်သုံးစွဲခွင့်ရရှိစေရမည်ဟု ကတိပေးခဲ့ပြီးSIM Card တန်ဖိုး အများဆုံး ၁၅၀၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုခွင့်ပြုမည်ဟု ထုတ်ပြန်သည်။

ထို့ အပြင် ၅ နှစ်အတွင်း မိုဘိုင်းကွန်ယက်အတွင်းတွင် အသံနှင့် အချက်အလက် ၈၀ ရာခိုင်နှုန်း အသုံးပြုနိုင်မည်ဖြစ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ဒုတိယ နှစ်ဝက်တွင် စတင်အသုံးပြုခွင့်ပြုသွားမည်ဟု ကြေညာခဲ့သည်။

အဆိုပါ ကုမ္ပဏီက ပထမငါးနှစ်အတွင်း ကုမ္ပဏီမှ တရားဝင်ဖွင့်လှစ်မည့် ခန့်အထိ ဖွင့်လှစ်ထားရှိသွားမည် ဖြစ်ကာ အရောင်းဌာန ၇၀၀၀၀ နှင့် လက်ခွဲဆိုင်ပေါင်း ၉၅၀၀၀ မိုဘိုင်းငွေပေးချေမှုများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးကဏ္ဍများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

ယင်းကုမ္ပဏီသည် ပြည်တွင်းဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည်ဟု ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားပြီး သြဂုတ်လအတွင်း စတင်ဝန်ထမ်းခေါ်ယူသွားမည်ဖြစ်သည်။

နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော်သည် ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နော်ဝေ၊ ဆွီဒင်၊ မွန်တီနီဂရိုး၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ ဆားဘီးယား အစရှိသောနိုင်ငံများတွင် အသုံးပြုသူ အရေအတွက် ၁၄၈ သန်းရှိပြီးရှိသည်။

အိုရီဒူး

ကာတာ အစိုးရနှင့် ဆက်နွယ်မှု ရှိနေသော အိုရီဒူး ကုမ္ပဏီကလည်း SIM Card တန်ဖိုးကို အများဆုံး ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး ဖုန်းခေါ်ဆိုခများကို ၄၅ ကျပ်ထက်မကျော် ပဲသုံးစွဲခွင့်ပြုသွားမည်ဟု ဆိုသည်။

လုပ်ငန်းစတင်ပြီး ၅ နှစ် ကာလအတွင်း Data နှင့် Voice အသုံးပြုမှု ၈၄ ရာခိုင်နှုန်း အထိရောက်ရောက်ရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး SIM Card အရောင်းဌာန ၂၄၀၀၀၀ နှင့် လက်ခွဲအရောင်းဌာန လက်ခွဲ ၇၂၀၀၀၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းဟု အိုရီဒူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိုဘိုင်းဖုန်းမှ တဆင့် သီးနှံဈေးနှုန်း၊ ရာသီဥတု၊ ကုန်ပစ္စည်း အငှားဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အပြင် အင်တာနက် အသုံးပြုမှု အဆင်ပြေစေရန် Tele Center ၁၀၀၀၀ ကို နိုင်ငံအနှံအပြားတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အိုရီဒူးကုမ္ပဏီထံမှ သိရှိရသည်။

၁၀ နှစ်အတွင်း Corporate Social Responsibility အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ အသုံးပြုသွားမည် ဖြစ်ကာ နိုင်ငံတစ်ဝှမ်းရှိ အထက်တန်း၊ အလယ်တန်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့် စာကြည့်တိုက်များကို အင်တာနက်ကွန်ယက် လွှမ်းခြုံစေမည်ဟု အဆိုပါ ကာတာကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းဝန်ထမ်း ၉၉.၉ ရာခိုင်နှုန်းခန့်အပ်သွားမည်ဖြစ်ကာ 4G ကွန်ယက်ရရှိရန်ဆောင်ရွက်သွားမည်ဟု အဆိုပါကုမ္ပဏီမှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားသည်။

ထို့အပြင် ကုမ္ပဏီ၏ အမည်ကိုလည်းမြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့် တသားတည်းဖြစ်စေရန် မြန်မာနိုင်လိုက်နှင့်လိုက်ဖက်သော အမည်တစ်ခုလည်းပေးသွားမည်ဟု သိရသည်။

အဆိုပါကုမ္ပဏီသည် အရှေ့အလည်ပိုင်းဒေသတွင် အင်အားအကြီးဆုံးဖြစ်ပြီး ကာတာတော်ဝင်မင်းသား Sheikh Hamad bin Khalifa Al Thani an Oman’s Emir နှင့် ပတ်သတ်မှုရှိသောကုမ္ပဏီလည်းဖြစ်ကာ Vodafone၊ Saudi Telecom Companyနှင့် Korea Telecom တို့ကဲ့သို့သော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏိကြီးများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်များချုပ်ဆိုထားသည်။

ထို့အပြင် အဆိုပါ ကုမ္ပဏီသည် နာမည်ကျော် အင်တာနက်ဖုန်းခေါ်ဆိုမှု Software များကို VOiP နှင့်Skype ကဲ့သို့သော ဝန်ဆောင်မှုများကို ပိတ်ပင်တားမြစ်ဖူးကြောင်း Wikipedia တွင်ဖော်ပြထားသည်။

3G လား 4G လား

လိုင်စင်ရရှိမည့် ကုမ္ပဏီ စာရင်းထွက်ပေါ်လာပြီးနောက် လူအများစိတ်ဝင်စားနေသည့် ကိစ္စမှာ တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် မည်သည့် ကွန်ယက်စနစ်ဖြင့် ဝန်ဆောင်မှု ပေးမည်ဆိုသည်ကိုဖြစ်သည်။

တယ်လီနော်ကုမ္ပဏီအနေဖြင့် မိုဘိုင်းဝန်ဆောင်မှု များစတင်ပေးအပ်မည့် ၂၀၁၄ ခုနှစ် ဒုတိယ နှစ်ဝက်မှ စတင်ပြီး 2G စနစ် နှင့် 3G စနစ် နှစ်မျိုး စလုံးကို ပေးအပ်သွားမည်ဟု တယ်လီနော် မြန်မာမှ အမှုဆောင်အရာရှိချုပ် Mr.Furberg ကဆိုသည်။

“နှစ်မျိုး စလုံးပေးမယ်။ တည်နေရာပေါ်မူတည်ပြီး 2G နဲ့ 3G ကို ချထားပေးမယ်။ ဥပမာ ရန်ကုန်လိုနေရာမျိုးမှာ Data သုံးမယ့် သူများမယ်။ ဒီတော့ 3G ကို Focus ထားမယ် ဆိုတာမျိုးပေါ့” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် 2G စနစ်ကိုပါတွဲရက် စတင်သုံးစွဲခွင့်ပေးရန် ရည်ရွယ်ထားရခြင်းအကြောင်းအရင်းမှာ အခြေအနေအကြောင်းကြောင်းအရ လိုအပ်နေသေးသောကြောင့်ဟု ၎င်းကရှင်းပြသည်။

“ဒီနိုင်ငံမှာ 3G စနစ်ပါတဲ့ စမတ်ဖုန်း အသုံးပြုမယ့် လူတွေက နည်းနေပါသေးတယ်။ မိုဘိုင်းဖုန်းကို အင်တာနက်သုံးဖို့ထက် အခြားနည်းလမ်းတွေနဲ့ အသုံးပြုမယ့် သူတွေကပိုများပါတယ်။ ပိုပြီးတိုးတက်နေပြီဖြစ်တဲ့ ထိုင်းနိုင်ငံမှာတောင်မှ 3G စနစ်သုံးတဲ့သူ ၂၅ ရာခိုင်နှုန်းပဲရှိပါတယ်။ 2G က တစ်ကမ္ဘာလုံးမှာ အဓိက ဆက်သွယ်ရေး စနစ် ဖြစ်နေဆဲပါ” ဟု သူကဆိုသည်။

အိုရီဒူးကုမ္ပဏီအနေဖြင့်လည်း စတင်ဝန်ဆောင်မှု ပေးအပ်စဉ်ကာလတွင်ပင် 3G စနစ်စတင်သုံးစွဲခွင့်ပြုသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် 4G စနစ်သို့ မြှင့်တင် အသုံးပြုခွင့်ပြုသွားမည်ဖြစ်ကာ မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို ကမ္ဘာ့အဆင့်မှီဖြစ်စေရန် HSPA နှင့် LTE နည်းပညာများကိုလည်း အသုံးပြုသွားမည်ဟုဆိုသည်။

“ကျွန်တော်တို့ အစိုးရကို စတင်ကတည်းက 3G နဲ့စမယ်။ နောက်ပိုင်း 4G မြှင့်ပေးမယ်လို့ပြောပြီးသား။ ဒါပေမယ့် အစိုးရဘက်က 4G Frequency သီးသန့်ချထားပေးမယ်လို့တော့ မပြောသေးဘူး။ ဒါပေမယ့် ရှိတဲ့ Frequency ထဲမှာ ရအောင်လုပ်လို့ရတယ်။ ကျွန်တော်တို့ စက်ပစ္စည်းတွေက 3G ရော 4G ပါသုံးလို့ရတယ်” အိုရီဒူး ကုမ္ပဏီမှ စီးပွားရေးမဟာဗျူဟာဆိုင်ရာ အကြီးအကဲ Nick Swierzy ကဆိုသည်။

ကျန်တဲ့ ကုမ္ပဏီတွေ ဘာလုပ်မလဲ

တင်ဒါအောင်ကုမ္ပဏီနှစ်ခု အဖြေထွက်လာပြီး အသီးသီးပြင်ဆင်မှုများပြုလုပ်နေသော်လည်း ရှုံးနိမ့်ခဲ့သော ကျန်ကုမ္ပဏီများထဲမှ အချို့မှာ ပြည်တွင်းမှ မထွက်ခွာကြသေးပေ။

“ဒီပွဲမှာ ရှုံးသွားခဲ့ပေမယ့် လုပ်နိုင်တဲ့ အခြား Business တွေလေ့လာနေတယ်။ အများကြီးရှိပါတယ်။ Telecommunication Sector က ဒီတစ်ခုထဲလုပ်စရာရှိတာ မဟုတ်ဘူးလေ။ မြန်မာနိုင်ငံအတွက်လည်းလိုအပ်မယ်။ ဒီတိုင်းပြည်ကလူတွေ အတွက်လည်းလိုအပ်ပြီး အကျိုးရှိမယ့် လုပ်ငန်းတွေကို လေ့လာပြီးတော့ သုံးသပ်နေတယ်။ လုပ်စရာတွေကတော့ အများကြီါ်ပါ။” ဟု ဒေါ်သက်သက် ကဆိုသည်။

ကျန်ရစ်ခဲ့သော ကုမ္ပဏီ အများစုက ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားသကဲ့သို့ Internet Services Provider ကဲ့သို့သော လုပ်ငန်းများကို စိတ်ဝင်စားနေကြသည်။

သူတို့နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ကတော့ ၁၁ ဦးမှာ အရွေးမခံရတဲ့ ၉ ဦး စလုံးက စိတ်ဝင်စားမှာပဲလေ။ ဟု ဒေါ်သက်သက် ကမှတ်ချက် ပေးသည်။

ထို့အပြင် ဂျပန် အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ KDDI ကလည်း လက်ရှိ အချိန်တွင် Daiwa၊ Toshiba တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အတွက် အချက်အလက် စင်တာ တည်ဆောက်ရေးလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်မည်ဖြစ်သည်။

ဘာတွေမျှော်လင့်နေကြလဲ

ပြည်တွင်းပြည်ပမှ ဆက်သွယ်ရေး အော်ပရေတာများ အပြိုင်အဆိုင် ဝန်ဆောင်မှုများပေးတော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်လည်း မျှော်လင့်ချက်ကြီးကြီးထားနေကြသည်။

“ပြည်သူတွေ ဈေးနှုန်းသက်သာစွာသုံးနိုင်မယ်။ ပြည်သူတွေ စိတ်ကြိုက်ရွေးချယ်သုံးစွဲနိုင်မယ်။ ဖုန်းသုံးစွဲမှုမြင့်တက်ရင် GDP တက်မယ်”ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြတ်ဟိန်းကလည်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

ပြိုင်ဆိုင်မှုများကြောင့် ပြည်သူများအတွက် ပိုအကျိုးရှိနိုင်ပြီး ဆက်စပ် လုပ်ငန်းများလည်း အကျိုးရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်မှ Star Mobile မိုဘိုင်းဖုန်း အရောင်းဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးဇော်မင်းက ဆိုသည်။

“မိုဘိုင်းဖုန်းရောင်တဲ့ဆိုင်တွေ၊ ဝန်ထမ်းတွေ စသည်ဖြင့်ပေါ့ Telecom Industry နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သူတွေရော သွယ်ဝိုက်ပြီး ဆက်စပ်နေတဲ့ သူတွေရော အကျိုးရှိမှာပါ” ဟု သူကမှတ်ချက်ပေးသည်။

ယခုရွေးချယ်မှုကို ပြည်သူများက အလွန်ပင်မျှော်လင့်နေကြပြီး ရွေးချယ်မှုမှန်ကန်လိမ့်မည်ဟုလည်း ယူဆကြောင်း Programmer တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က ဆိုသည်။

“ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ်ပါ။ အဓိက ကျတာက ဖုန်းဈေးနှုန်းသက်သာဖို့ရယ်။ ခေါ်ဆိုခတွေ လည်းသက်သာဖို့ရယ်ပဲ။ ဒါဆို ဟန်းဆက် ကောင်းကော်ငးးကိုင်ဖို့ ငွေပိုထွက်တာပေါ့။” ဟု 4G စနစ်အသုံးပြုနိုင်ရန် မျှော်လင့်နေသူ ကိုဖြိုးဝေဦးက မှတ်ချက်ပေးသည်။

ကိုဖြိုးဝေဦး အနေဖြင့် လက်ရှိ မိုဘိုင်းဖုန်းကို လဲလှယ်ရန် ဆန္ဒရှိနေသည်။ သူ့အနေဖြင့် နိုင်ငံတကာတွင်ကဲ့သို့ မိမိနှစ်သက်ရာ ဟန်းဆက်နှင့် သက်ဆိုင်ရာဆက်သွယ်ရေးကုမ္ပဏီ၏ SIM Card ကို တွဲဖက်၍ သက်သာသောနှေုန်းထားတစ်ခုဖြင့် ရောင်းချပေးသည့် စနစ်ကို သူစိတ်ဝင်စားနေမိသည်။

“SIM Card နဲ့ ဟန်းဆက်ကို တွဲရက် သက်သက်သာသာနဲ့ရောင်းချတဲ့ စနစ်သာ ဒီနိုင်ငံမှာ စခဲ့ရင် iPhone တစ်လုံးလောက်တော့ ဝယ်ကိုင်ချင်သေးတယ်ဗျာ” ဟု သူက မျှော်လင့်တကြီးပြောဆိုလိုက်သည်။

သြဂုတ်၊ ၂၀၁၃
Living Color Magazine
ရဲဇွန်အောင်

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *