လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုတဲ့အတိုင်း မိဘဆိုတာက သားသမီးတွေအတွက် ရှေ့ဆောင်လမ်းပြကောင်းတွေ ဖြစ်ကြသလို သားသမီးတွေရဲ့ ရှေ့ရေးကို အကောင်ဆုံး ပုံဖော်နိုင်ကြသူတွေပါ။
ကလေးတွေရဲ့ ဘဝအတွက် အရေးပါဆုံးသောသူတွေ ဆိုရင်လည်း ဟုတ်ပါတယ်။ ဒါကြောင့် ကလေးကို အရွယ်ရောက်လာချိန်မှာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝလေးကို အကောင်းဆုံးတည်ဆောက်နိုင်စေဖို့အတွက် ငယ်စဉ်ကတည်းက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။
ဒါကြောင့် အခုတစ်ခေါက်မှာတော့ သားသားမီးမီးတို့ကို self-esteem ကောင်းတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်း အရွယ်ရောက်လာစေဖို့အတွက် ဘယ်အလေ့အထတွေကို စွန့်လွှတ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
သားသားမီးမီးတို့ကို self-esteem ကောင်းကောင်း ရစေဖို့ ဖေဖေမေမေတို့ စွန့်လွှတ်သင့်တဲ့ အလေ့အထအချို့
သားသားမီးမီးတို့ကို self-esteem ကောင်းကောင်း ရစေဖို့ ဖေဖေမေမေတို့ စွန့်လွှတ်သင့်တဲ့ အလေ့အထအချို့ ကတော့ –
- အမြဲဝေဖန်နေတာ
ဘဝမှာ လူတိုင်းက အမှားနဲ့ မကင်းကြပါဘူး။ ကိုယ်တိုင်မှားတဲ့အခါ ဖြေသာမယ့် နည်းတစ်မျိုးမျိုးနဲ့ ဖြေကြလေံ ရှိပေမယ့် ကလေးကို အမှားကင်းချင်ဇောနဲ့ နောက်ကနေ တောက်လျှောက် လိုက်ပြောနေတာ၊ ကလေး တစ်ခုခု မှားသွားတိုင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတွေ မလုပ်မိဖို့ လိုပါမယ်။ အမြဲဝေဖန်ခံရတဲ့ ကလေးက ကိုယ်တိုင် တန်ဖိုးထားတတ်မှု အရည်အသွေး နည်းပါးသွားနိုင်ပါတယ်။
- အခြားသူတွေနဲ့ နှိုင်းယှဉ်တာ
ကလေးကို ရွယ်တူသူငယ်ချင်းတွေ၊ မွေးချင်းမောင်နှမတွေ၊ ဝမ်းကွဲမောင်နှမတွေနဲ့ နှိုင်းယှဉ်ပြောဆိုတာက ကလေးရဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းကိုရော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုပါ ထိခိုက်စေနိုင်သလို self-esteem ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ အရည်အသွေးကိုယ်စီ ပိုင်ဆိုင်ထားတာကြောင့် ကလေးကို အခြားသူနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။
- ကာကွယ်လွန်းတာ
ကလေးတွေကို ထိခိုက်မှု ကင်းကင်းနဲ့ ဘေးကင်းလုံခြုံစေချင်တာက မိဘတိုင်းရဲ့ ဆန္ဒဆိုပေမယ့် ကလေးကို ကိုယ်ပိုင်ဆုံးဖြတ်တတ်စေဖို့ကလည်း လေ့ကျင့်ပေးဖို့ လိုတဲ့ အချက်တစ်ခုပါ။ ဒါကြောင့် ကလေးကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိသူတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့အတွက် ကလေးကို လုပ်နိုင်စွမ်းရှိတာလေးတွေကို စိတ်တိုင်းကျ လုပ်ဆောင်ခွင့်ပေးတာမျိုး၊ ကလေးအတွက် ထိခိုက်မှု မဖြစ်နိုင်တာမျိုးတွေကို ကိုယ်တိုင်လုပ်ဆောင်ခွင့်ပေးတာမျိုးတွေကို ခွင့်ပြုပေးဖို့ မမေ့ပါနဲ့။
- ကလေးကို ချီးကျူးတာမျိုး မလုပ်တာ
ကလေးက ကောင်းတာ တစ်ခုခု လုပ်တဲ့အခါမျိုး ဒါမှမဟုတ် ကုညီပေးတဲ့ အခါမျိုးမှာ ကလေးကို ချီးကျူးပေးတာမျိုး လုပ်ပေးဖို့ မမေ့ပါနဲ့။ ကလေးတွေက ငယ်စဉ်ကတည်းက ချီးကျူးမှု မရဘဲ ကြီးပြင်းလာမယ်ဆိုရင် အရွယ်ရောက်လာချိန်မှာ မှန်ကန်တဲ့ self-esteem ရှိဖို့လည်း မလွယ်ကူတော့ပါဘူး။
- လျစ်လျူရှု့ခံရတာ
ကလေးက ကြီးပြင်းလာတဲ့ တလျှောက်လုံးမှာ သူပြောတာတွေ၊ သူရှင်းပြတာတွေကို မိဘတွေနဲ့ အခြားသော သူ့ပတ်ဝန်းကျင်က သူတွေက အရေးမစိုက်ဘဲ ကြီးပြင်းလာရတဲ့အခါ ရေရှည်မှာ ကလေးက self-esteem ကျလာတာမျိုး ခံစားရနိုင်ပါတယ်။
- အမြဲ အပြစ်တင် ခံရတာ
ငယ်စဉ်ကတည်းက အပြစ်တင်ခံရတာတွေ အဆိုးမြင်ခံရတာတွေ မကောင်းပြောခံရမှုတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်က အရွယ်ရောက်လာချိန်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ဖို့ရာမှာ လိုအပ်တဲ့ self-esteem ကောင်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ကလေးတွေကို အခုလို အပြုအမူလေးတွေ လုပ်မိနေတယ်ဆိုရင် မေမေဖေဖေတို့အနေနဲ့ အမြန်ဆုံး ပြင်ဆင်ပြီး ကလေးကို self-esteem ကောင်းတဲ့ ကလေးလေး အဖြစ် ကြီးပြင်းလာအောင် ပျိုးထောင်လိုက်ပါ။