လုပ်လက်စလေးတွေ မပြတ်သေးလို့၊ အလုပ်တွေ များနေလို့၊ သွားစရာလေးတွေကို တလက်စတည်း သွားလိုက်လို့၊ ဝိတ်ချမလို့ဆိုပြီး အကြောင်းပြချက် အမျိုးမျိုးနဲ့ မနက်စာကို နေ့လယ်စာနဲ့ ပေါင်းစားလိုက်တာမျိုး၊ နေ့လယ်စာကို အချိန်လွန်မှ စားတာမျိုးတွေ၊ မနက်စာ ညစာပေါင်းပြီး တစ်နပ်တည်း စားလိုက်တာတွေ လုပ်မိနေပါသလား? သင်သာ ဒီလို အစာစားချိန် လွန်တတ်သူဆိုရင်တော့ တွေးကြောက်ရမယ့် အရာတွေကို သိထားဖို့ ဒီစာလေးကို ဖတ်ဖို့ လိုနေပါပြီ။
အစားစားချိန် ခဏခဏ လွန်တာ ဘာများ ဖြစ်မှာမို့လို့လဲ?
အစားစားချိန် ခဏခဏ လွန်တာ ဘာများ ဖြစ်မှာမို့လို့လဲ။ အခုလဲ အဆင်ပြေနေတာပဲလေလို့ တွေးနေပြီလား။ အစားစားချိန် လွန်တာက တစ်ခါတစ်လေမှာ ကိစ္စ မရှိပေမယ့် ခဏခဏ ဖြစ်လာမယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာကိုရော ဦးနှောက်ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
အစားစားချိန် ခဏခဏ လွန်သွားတာက ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ဖို့ ခက်သလို အစားကို အချိန်မှန်မှန် မစားတာက အဝလွန်တာ၊ သွေးတွင်းအချိုဓာတ်ပမာဏ ထိခိုက်တာတွေလိုမျိုး နာတာရှည် ကျန်းမာရေးကိစ္စအဝဝကို ဖြစ်စေနိုင်ပါတယ်။ အသေးစိတ်ကိုတော့ ကိုယ်တိုင်ဆက်လေ့လာခဲ့ပါဦးနော်။
· သွေးတွင်းအချိုဓာတ် ကျဆင်းစေမယ်
အစားစားတာက ခန္ဓာကိုယ်မှာ အင်အားရရှိစေဖို့ ဖြည့်တင်းမှုပါ။ အစားစားရမယ့်အချိန်မှာ မစားဘဲ နေလိုက်မယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ် ရုတ်တရက် ကျဆင်းတာတွေ ဖြစ်ပြီး ခြေကုန်လက်ပမ်းကျတာ၊ မူးဝေတာ၊ ငြီးစီစီ ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ ဦးနှောက်ကလည်း လုပ်ငန်းစဉ်တွေကို ပုံမှန်အတိုင်း လုပ်ဆောင်ဖို့ ခက်စေပါမယ်။ ဒီအခြေအနေမှာ အိပ်ငိုက်တာကို ခံစားရနိုင်ပါတယ်။
· ဇီဝကမ္မဖြစ်စဉ် နှေးကွေးမယ်
အစားကို အချိန်မှန်မှန် မစားတာ၊ အစားစားချိန် ကျော်သွားတာတွေက ခန္ဓာကိုယ်ကို ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ အခက်တွေ့စေပြီး ဇီဝဝကမ္မဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ ဒီလို နှေးကွေးသွားတာက ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ခက်သွားနိုင်ပါတယ်။
· အာဟာရ ချို့တဲ့နိုင်တယ်
အစားစားလိုက်တဲ့အခါ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် အရေးပါတဲ့ ပရိုတင်း၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျိုးမျိုးသောဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ တကယ်လို့ အစားစားချိန် မမှန်တာတွေက မစားမိတာတွေ များလာတာက လိုအပ်တဲ့ အာဟာရပြည့်မီဖို့ ခက်သွားပြီး ရေရှည်မှာ အာဟာရ ချို့တဲ့လာနိုင်ပါတယ်။ ကိုယ်ခံအားကို ထိခိုက်စေနိုင်သလို နှလုံးသွေးကြောစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အချို့သော ကင်ဆာတွေ ဖြစ်နိုင်ခြေကိုလည်း များစေနိုင်ပါတယ်။
· ဆီးချိုဖြစ်နိုင်ခြေ များစေတယ်
နေ့လယ်စာကို ပုံမှန် မစားတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပြီး ရေရှည်မှာ ဆီးချိုဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ အစားတွေကို အချိန်မှန်မှန် ပမာဏ မှန်မှန် စားပေးတာက ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။
· အစာအိမ်ကို ထိခိုက်စေနိုင်တယ်
အစာတွေကို အချိန်မှန်မျန် မစားတဲ့အခါ အစာအိမ်ထဲက အစာခြေအက်ဆစ်တွေကြောင့် ထိတွေ့စေပြီး ရင်ပူတာ၊ အစာအိမ်နာတာ၊ အစာခြေအက်ဆစ်တွေကြောင့် အစာအိမ်နံရံတွေ ထိခိုက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
· စိတ်ဖိစီးနိုင်တယ်
အစားကို အချိန်မှန်မှန် မစားတာက ဟော်မုန်းတွေ ထွက်ရှိမှု အပေါ် သက်ရောက်စေပြီး စိတ်ဖိစီးမှု ခံစားရနိုင်ပါတယ်။
ဒါကြောင့် အစားကို အချိန်မှန်မှန် စားပေးတာက အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်မှု ကင်းစေနိုင်သလို ကိုယ်ခံအားကိုရော စိတ်ကျန်းမာရေးကိုပါ ဂရုစိုက်ရာ ရောက်ပါတယ်။
Pingback: ကရဝေးရွက် ကို ဟင်းခတ် စားပေးသင့်တဲ့ အကြောင်းအရင်း - LOTOSHINN