ကြက်သွန်နီ လေး အစိမ်းစားပေး

ကြက်သွန်နီ လေး အစိမ်းစားပေး

ကြက်သွန်နီ ကြိုက်ကြလား။ စာရေးသူကတော့ အနံ့ပြင်းလွန်းလို့ သိပ်မကြိုက်ဘူးရယ်။ ဒါပေမယ့် ကြက်သွန်ဆိုတာက ဟင်းလျာတွေထဲမှာ ပုံစံအမျိုးမျိုးနဲ့ပါနေကြဆိုတော့ စားတော့စားဖြစ်တယ်ပေါ့။ တစ်ချို့ကြိုက်တတ်သူတွေကတော့ ဟင်းခတ်အနေနဲ့အပြင် အစိမ်းစားတာမျိုး၊ အကြော်အလှော်ထဲ ထည့်စားတာမျိုး၊ အသုပ်ထဲ ထည့်သုပ်တာမျိုးတွေလည်း လုပ်စားကြတယ်မဟုတ်လား။

အရင်တုန်းကဆို ကြက်သွန်နီက ဘယ်လောက်ကောင်းတယ်ပြောပြော ဟင်းထဲထည့်ချက်တာလောက်ပဲ စားဖြစ်တယ်။ အစိမ်းစားတာမျိုးတော့ဖြင့် မလုပ်ဖြစ်တာများတယ်။

တကယ်ကတော့ ကြက်သွန်နီ ကို အစိမ်းစားပေးသင့်တဲ့ အကြောင်းအရင်း ရှိပါတယ်။ စာရေးသူကိုယ်တိုင်လည်း အရွယ်ရလာချိန်မှာမှ သိလာခဲ့တဲ့ ဗဟုသုတတွေမို့ စာဖတ်ပရိတ်သတ်တွေကို မျှဝေပေးချင်ပါတယ်။

ပထမဆုံးအချက်ကတော့ ကြက်သွန်နီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေတယ်ဆိုတဲ့ အချက်ပါ။ ကြက်သွန်နီကို မီးဖိုချောင် ဂမုန်းလို့ မြန်မာတွေက တင်စားခေါ်ဝေါ်ကြတယ်လေ။ တကယ်လည်း ကြက်သွန်နီမှာ ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက်နဲ့ Phenolic ဒြပ်ပေါင်းတွေလိုမျိုး ဓာတ်တိုးဆန်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ လျော့ချပေးနိုင်တာပါ။ ကြက်သွန်နီ အစိမ်းမှာပါတဲ့ Quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းက သွေးတိုးကျစေသလို အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးခဲတာ သွေးကြောထဲမှာ အဆီစုပုံတာတွေလိုမျိုး အခြေအနေတွေကို ကာကွယ်ပေးပါတယ်။

ကြက်သွန်နီ လေး အစိမ်းစားပေး

ကြက်သွန်နီ အစိမ်းဟာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့နဲ့  အစာမကြေမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်နိုင်ခြေ နည်းသွားပြီး အူမကြီးကိုပါ ကျန်းမာစေပါလိမ့်မယ်။

နောက်ထပ် ကြက်သွန်နီ ကို အစိမ်းစားပေးသင့်တဲ့ အကြောင်းပြချက်ကတော့ ကိုယ်ခံအား ကောင်းစေတယ်ဆိုတဲ့ အချက်ပါပဲ။ ကြက်သွန်နီမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကို သက်သာစေနိုင်သလို အခြားသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါလိမ့်မယ်။

ကြက်သွန်နီမှာ ကယ်လ်ဆီယမ်ဓာတ်လည်း ပါပါတယ်။ ဒီတော့ အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါလိမ့်မယ်။ နောက်ပြီး Allyl Propyl Disulfide လို့ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုးလည်း ပါဝင်နေတာမို့ အမျိုးအစား – ၂ ဆီးချို ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ထောက်ကူးပေးဦးမှာပါ။

ကဲ ဒီလောက်ဆိုရင် ကြက်သွန်နီကို အစိမ်းစားပေးတာက ဘယ်လောက်အထိ နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေဖို့ အထောက်အကူပြုလဲ သိသွားကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ဒါကြောင့် ထမင်းဝိုင်းမှာ အစိမ်းအတိုင်း အတို့အမြှုပ်လုပ်စားတာမျိုး မလုပ်နိုင်ရင်တောင်မှ အသုပ်လေးတွေထဲမှာ ထည့်ပြီးစားပေးတာမျိုး လုပ်ပေးမယ်ဆိုရင် ကိုယ်တွင်း အဆိပ်အတောက်လည်းကင်းပြီး နာတာရှည်ရောဂါတွေကိုလည်း ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေမှာပါနော်။

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *