နေကြာစေ့တွေ မစားနဲ့ သွေးအားနည်းလိမ့်မယ် ဆိုပြီး ငယ်ငယ်ကဆူခံဖူးကြမယ်ထင်တယ်နော်။ တကယ်ပဲ နေကြာစေ့က သွေးအားနည်းစေမလား! ကျန်းမာရေးအတွက် ကောင်းကျိုးတွေရော ရှိနိုင်လားဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော် ……
နေကြာစေ့နဲ့ အာဟာရဓာတ်
ရုပ်ရှင်ကြည့်ရင်း စကားတွေဖောင်ဖွဲ့ရင်း အပျင်းပြေထိုင်စားတတ်ကြတဲ့ နေကြာစေ့မှာ
- ကယ်လ်လိုရီ
- ပရိုတင်း
- အမျှင်ဓာတ်
- ကစီဓာတ်
- ဗီတာမင် E
- Niacin
- ဗီတာမင် B6
- ဖောလိတ်
- Pantothenic acid
- သံဓာတ်
- မဂ္ဂနီဆီယမ်
- ဇင့်
- ကော့ပါး
- မဂ္ဂနိ့
- ဆီလီနီယမ် တို့ ပါဝင်နေပါတယ်။

နေကြာစေ့ ကျန်းမာရေးကောင်းကျိုးများသလား!
နေကြာစေ့ ကျန်းမာရေးကောင်းကျိုးများသလား! ဆိုတော့ အခုလို ကျန်းမာရေးကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်ပါတယ်။
- နှလုံးကျန်းမာစေတယ်
နေကြာစေ့မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ကိုယ်ခံအားကောင်းစေတယ်
နေကြာစေ့မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ဖြစ်ကြတဲ့ ဗီတာမင် E၊ ဇင့်၊ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးသလို ဖျားနာမှု ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်ခံရမှုတွေကနေလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပြီး ဓာတ်တိုးမှုတွေကြောင့် ထိခိုက်နိုင်ခြေကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။
- အရိုးတွေကို သန်မာစေတယ်
နေကြာစေ့မှာ မဂ္ဂနီဆီယမ်၊ ကော့ပါးနဲ့ ဖော့စဖရိတ်တို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပွတာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- စိတ်ခံစားမှု ကောင်းစေတယ်
နေကြာစေ့မှာ ဗီတာမင် B6 နဲ့ ဖောလိတ်တို့ ပါဝင်နေတာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး မှတ်မိနိုင်စွမ်းပိုကောင်းစေသလို အာရုံစူးစိုက်မှုကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ စိတ်ဓာတ်ကျနိုင်ခြေ ကိုလည်း လျှော့ချပေးနိုင်ပါတယ်။
နေကြာစေ့က ဖလေဗာနွိုက်နဲ့ phenolic acids တွေ ပါဝင်မှု မြင့်မားတာကြောင့် နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို အချို့သောကင်ဆာတွေ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
နေကြာစေ့က လူကြီးတွေ စားပေးသင့်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစေ့အဆန်လေး တစ်မျိုးပါ။ ပုံမှန်စားပေးလို့ ရသလို တစ်ပတ်ကို သုံးကြိမ်လောက် စားပေးရင်ကို အပေါ်မှာပြောခဲ့တဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေကို ရရှိစေနိုင်မှာပါ။




