သင့် လုပ်ငန်းခွင် က သင့်ကို စိတ်ဒုက္ခပေးနေပြီလား

သင့်လုပ်ငန်းခွင်က သင့်ကို စိတ်ဒုက္ခပေးနေပြီလား

အလုပ်ကို လေးတိလေးကန်နဲ့သွားနေတယ်၊ လုပ်ငန်းခွင် ထဲရောက်တိုင်း မပျော်ရွှင်ဘူး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အံလွဲချော်နေတယ် စတဲ့ အခြေအနေမျိုးတွေကို သင်ခံစားနေရပါသလား … ဒါဆိုရင်တော့ သင့်ရဲ့ လုပ်ငန်းခွင်က သင့်ကို စိတ်ဒုက္ခပေးနေပြီလား ဆိုတာကို သေချာပြန်စဉ်းစားရပါတော့မယ်။

လူတိုင်းဟာ နေ့ရက်တိုင်းမှာ စိတ်ဖိစီးစရာကိုယ်စီနဲ့ပါ။ တစ်ခါတစ်လေကျ ကိုယ့်ဘာသာကိုယ် စိတ်ဖိစီးနေမှန်း သတိမထားမိတာကြောင့် အဖြေမှန်ကို ရှာမတွေ့တာမျိုး ဖြစ်နေတတ်ပါတယ်။ ကိုယ်နေ့စဉ်လုပ်ကိုင်နေရတဲ့ အလုပ်ခွင်က ကိုယ်မသိလိုက်ဘဲနဲ့ကိုယ့်ကို စိတ်ဖိစီးမှုပေးနေတာမျိုးပေါ့။

အလုပ်ခွင်မှာ အလုပ်လုပ်ရင်းက ခုပြောပြပေးမယ့်အချက်တွေ ကြုံဆုံခံစားလာရပြီဆိုရင် သင့်အနေနဲ့ လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးနေတာ၊ စိတ်သောကများနေတာ ဖြစ်နိုင်ပါတယ်။ အချက်လေးတွေကတော့ လုပ်ငန်းခွင်ကိုရောက်သွားတဲ့အခါတိုင်း

  • စိတ်ရှုပ်သလိုခံစားရမယ်
  • ပင်ပန်းနေတယ်လို့ခံစားရမယ်
  • စိတ်ဓါတ်ကျနေမယ်
  • အလုပ်အပေါ် စိတ်ဝင်စားမှု မရှိဘူးဖြစ်နေမယ်
  • အာရုံစူးစိုက်ရ ခက်နေမယ်
  • ညညအိပ်မပျော်ဖြစ်မယ်
  • အချိန်ရှိသရွေ့ ခြေကုန်လက်ပမ်းကျနေမယ်
  • ကြွက်သားတွေ တောင့်တင်းနာကျင်နေမယ်
  • ခေါင်းကိုက်မယ်
  • ဗိုက်အောင့်ဗိုက်နာဖြစ်မယ်
  • ပေါင်းသင်းဆက်ဆံရခက်ခဲနေမယ်
  • ဆေးလိပ်တွေ၊ အရက်တွေအများကြီးသောက်မိနေမယ်

ဒီအချက်တွေထဲက တစ်ချို့နဲ့ကိုက်ညီနေပြီဆိုရင်တော့ အလုပ်ခွင်နဲ့ သင့်အကြားမှာ အဆင်မပြေမှုတွေရှိနေပါပြီ။ ဒါကြောင့် လုပ်ငန်းခွင်က သင့်ကို စိတ်ဖိစီးနေစေတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါပြီနော်။

ဒါဆိုရင်တော့ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရပါတော့မယ်။ စိတ်ဖိစီးမှုဆိုတာကရေရှည်မွေးထားလို့ ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ မြန်မြန်ဖြေရှင်းဖို့ အရေးကြီးပါတယ်။ အကြံပြုချင်တဲ့ နည်းလမ်းလေးတွေကတော့

အကောင်းမြင်စိတ်ထားပါ – အလုပ်ခွင်က ဖိအားများတယ်ဆိုရင်တောင်မှ စိတ်ညစ်လိုက်တာဆိုတဲ့ အတွေးနဲ့မရင်ဆိုင်ပါနဲ့။ ဒါက စိတ်ဖိစီးမှုကို ပိုဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် တစ်နေ့တာစတင်ချိန်မှာ အရာရာကို အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့အမြင် ငါ လုပ်ဆောင်နိုင်ပါတယ်ဆိုတဲ့ အတွေးတွေနဲ့ စတင်ပါ။ အရာရာကို အကောင်းမြင်စိတ်နဲ့ကြည့်ပါ။

သင့်လုပ်ငန်းခွင်က သင့်ကို စိတ်ဒုက္ခပေးနေပြီလား

လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်းသိပါစေ – အလုပ်လုပ်တဲ့အခါ ဘာတွေလိုအပ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားတာကလည်း အလုပ်ခွင်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ ဒါကြောင့် အလုပ်ခွင် မှာ သိထားဖို့လိုအပ်မယ့် အကြောင်းအရာတွေကို သေချာသိအောင်လုပ်ရပါမယ်။ အထက်အရာရှိကိုမေးဖို့ လိုအပ်တာတွေကိုလည်း သေချာလေးမေးထားဖို့ လိုပါမယ်။ ဒါမှအရာရာကို ရှင်းရှင်းလင်းလင်းသိပြီး အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။

ပြဿနာတွေနဲ့ ခပ်ကင်းကင်းနေပါ – အလုပ်ခွင်မှာကြုံရနိုင်တဲ့ စိတ်ဖိစီးမှုတစ်ခုက စိတ်အနှောင့်အယှက် ဖြစ်စေတဲ့သူတွေကြောင့် ကြုံရတဲ့ စိတ်ဖိစီးမှုပါ။ ဒီလိုလူတွေကြောင့် တစ်ခါတလေ ကိုယ်ကပြဿနာတွေ၊ ပဋိပက္ခတွေနဲ့ ခပ်ကင်းကင်းနေတာတောင်မှ ကိုယ့်ဆီကို ရောက်လာတတ်ကြပါတယ်။ ဒါကြောင့် အတင်းပြောတာ၊ နောက်ကွယ်မှာ သူများအကြောင်းပြောတာတွေ မလုပ်ဖို့ သတိထားပေးပါ။ ဒီလိုလုပ်တတ်တဲ့အကျင့်ရှိသူတွေနဲ့လည်း ခပ်ကင်းကင်းနေပေးပါ။

ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ပါ – အလုပ်ခွင်ထဲကသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ဖန်တီးနိုင်အောင်ကြိုးစားပါ။ လူဆိုတာ တစ်ယောက်တည်းနေဖို့ခက်ပါတယ်။ ဒါကြောင့် ခပ်အေးအေး နေတတ်ရင်တောင် အလုပ်ခွင်ထဲက သူတွေနဲ့တော့ သူစိမ်းမဆန်တဲ့ ဆက်ဆံရေးရှိနေစေဖို့ ဂရုစိုက်ပါ။ အလုပ်ခွင်ထဲကသူတွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးဖန်တီးထားနိုင်သူတွေက စိတ်ဖိစီးမှုကင်းကြပါတယ်။

သက်သောင့်သက်သာနေပါ – အလုပ်ခွင်မှာ ထိုင်ရတဲ့ခုံတွေကို သက်တောင့်သက်ဖြစ်နေစေဖို့ ဂရုစိုက်ပေးပါ။ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့ အလုပ်စားပွဲက သက်တောင့်သက်သာမရှိနေဘူးဆိုရင် စိတ်ဖိစီးမှုက ပိုဖြစ်စေမှာ အသေအချာပါ။ ဒါ့ကြောင့် အလုပ်စားပွဲကို သပ်သပ်ရပ်ရပ်နဲ့ သက်တောင့်သက်သာဖြစ်ဖို့ ဂရုစိုက်ပေးပါ။

အလုပ်များတယ်ဆိုတဲ့အတွေးကို ခေါင်းထဲကထုတ်ထားပါ – မနက်နိုးလာကတည်းက ဒီနေ့တော့ အလုပ်တွေက များလိုက်တာလို့ တွေးလိုက်မိရင် တစ်နေ့လုံး အလုပ်လုပ်ရတာပျော်တော့မှာ မဟုတ်ပါဘူး။ ဒီအခြေအနေမှာ များပြားလှတဲ့ အလုပ်တွေကို ပြီးအောင်လုပ်ရဦးမယ်ဆိုတဲ့ စိတ်ဖိစီးမှုက အလိုလိုဝင်လာပါလိမ့်မယ်။ ဒါကြောင့် အလုပ်များလိုက်တာဆိုတဲ့ အတွေးကိုခေါင်းထဲကနေထုတ်ထားပေးပါ။

သီချင်းနားထောင်ပါ – အလုပ်သွားတဲ့အချိန် ဒါမှမဟုတ် အလုပ်ပြန်တဲ့အချိန်မှာ သီချင်းနားထောင်ပေးပါ။ ဒီလိုသီးချင်းနားထောင်ပေးတာက အလုပ်ခွင်မှာဖြစ်ပေးခံစားရနိုင်တဲ့ စိတ်ဖိစီးမှုကို သက်သာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းထဲမှာ ကိုယ်နှစ်သက်တဲ့ သီးချင်းလေးတွေကို ထည့်ပြီး နားထောင်ပေးပါ။

ကဲ ဒီလောက်ဆို သင့်ရဲ့ လုပ်ငန်းခွင် က အတိုင်းအတာတစ်ခုအထိ စိတ်ဖိစီးမှုတွေ လျော့ပါးတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာမှာဖြစ်ပြီး အလုပ်လုပ်ကိုင်ရတာလည်း ပျော်ရွှင်ဖွယ်ရာဖြစ်လာမှာပါနော်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *