နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့ဖြစ်ဖြစ် ကလေးလေနာတာကို သက်သာစေဖို့ဖြစ်ဖြစ် အညှော်မိတာကို သက်သာစေဖို့ ဖြစ်ဖြစ် အသုံးပြုကြတဲ့ လင်းနေပင် ဆေးဖက်ဝင်သလား! ဆိုတာကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးလိုက်ပါတယ်။
လင်းနေပင် ဆိုတာ
လင်းနေပင်ကို လင်းလေပင်လို့လည်း ခေါ်ကြပါတယ်။ အပင်က အပင်ပျော့ တစ်မျိုးဖြစ်ပြီး အမြင်အားဖြင့်ကတော့ မြက်ပင်ရှည်ရှည် ကြီးကြီးနဲ့ တူပါတယ်။ ကုန်းနေရေနေ အပင်တစ်မျိုး ဖြစ်သလို ရေစပ်တွေဖြစ်တဲ့ စမ်းချောင်းနဲ့ မြစ်ကမ်းစပ်တွေမှာ ပေါက်ရောက်ကြပါတယ်။
အရွက်က မြင်ပင်လို ရှည်မြောမြောလေး ဖြစ်ပြီး အရှည်က ၂ ပေ ကနေ ၄ ပေလောက်အထိ ရှိပါတယ်။ အနံ့ပြင်းပါတယ်။ ပင်စည်ထက် အမြစ်ကို သုံးကြတာပါ။ အမြစ်ကတော့ ချင်း (ဂျင်း) တို့လိုမျိုး မြေအောက်ပင်စည်မျိုးပါ။ အသီးလေးတွေ သီးတတ်ပြီး အရသာကတော့ ခါးပြီး စပ်ဖျဉ်းဖျဉ်း ရှိပါတယ်။
လင်းနေမှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေ
လင်းနေပင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
- ကစီဓာတ်
- ပရိုတင်း
- အမျှင်ဓာတ်
- အမိုင်နိုအက်ဆစ်
- ဆိုဒီယမ်
- ကော့ပါး
- မဂ္ဂနီဆီယမ်
- ဖော့စဖရိတ်စ်
- ကယ်လ်ဆီယမ်
- ဇင့်
- ပိုတက်ဆီယမ်
- ဗီတာမင် C
- ဗီတာမင် E တို့ ပါဝင်နေပါတယ်။
လင်းနေပင် ဆေးဖက်ဝင်သလား!
လင်းနေပင် ဆေးဖက်ဝင်သလား! ဆိုတော့ အခုလို ဆေးဖက်ဝင်ပါတယ်။
- ဝမ်းပျက်တာကို သက်သာစေတယ်
ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့ လင်းနေကို အသုံးပြုပေးလို့ ရပါတယ်။ လင်းနေပင်ရဲ့ အဆီအနှစ်မှာ glycosides နဲ့ saponins တို့လိုမျိုး phytochemicals တွေ ပါဝင်နေတာက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်သလို ဝမ်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။
- ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်
လင်းနေကို အသုံးပြုလို့ ရတဲ့ နောက်ထပ်နည်းလမ်း တစ်ခုကတော့ ဝမ်းချုပ်တာကို သက်သာစေဖို့ပါ။ အမျှင်ဓာတ် ပါဝင်နေတဲ့ လင်းနေက အစာကြေစေဖို့ရော အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းမချုပ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- အနာပျောက်စေနိုင်တယ်
လင်းနေကို အနာတွေကို သက်သာစေဖို့ ပျောက်ကင်းစေဖို့ သုံးပေးလို့ ရပါတယ်။ အထူးသဖြင့် အစာအိမ် အနာမျိုးပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်တဲ့ အနာတွေ သက်သာစေဖို့ အူနံရံတွေက အနာတွေကို အကျက်မြန်စေဖို့ လင်းနေရဲပ အဆီအနှစ်ကို အသုံးပြုပေးလို့ ရပါတယ်။
- စိတ်ခံစားမှု ကောင်းစေနိုင်တယ်
လင်းနေပင်က စိတ်ဖိစီးတာကို သက်သာစေဖို့ စိတ်ကျရောဂါ ကာကွယ်ဖို့ သုံးနိုင်သလို အသက်အရွယ် ရလာသူတွေမှာ ဦးနှောက် လုပ်ဆောင်မှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ခဏခဏ မေ့တာကို သက်သာစေနိုင်သလို စိတ်ခံစားမှု ကောင်းစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။
- အစားစားချင်စိတ် တိုးစေတယ်
လင်းနေပင်မှာပါတဲ့ အပင်အင်ဇိုင်း တစ်မျိုးက အစာခြေမှု လုပ်ငန်းစဉ်ကို ချောမွေ့ ကောင်းမွန်စေပြီး အစာအိမ်ထဲမှာ လေခံတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အစာကြေစေပြီး အစားစားချင်စိတ် ဖြစ်လာအောင် လုပ်ဆောင်ပေးပါတယ်။
- ဦးရေပြားသန်း သက်သာစေတယ်
လင်းနေက သဘာဝအတိုင်း ပိုးသေစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် ဦးရေပြား သန်းတွေကို ဖယ်ရှားပေးပြီး ခေါင်းဦးရေပြား ယားယံတာနဲ့ ဦးရေပြား ကျိန်းစပ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဦးရေပြားမှာ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- ဦးနှောက် ကျန်းမာစေတယ်
လင်းနေပင်က မှတ်ဉာဏ် ကောင်းစေသလို အာရုံကြောတွေကို အနားရစေပြီး စိုးရိမ်စိတ် များတာကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေဖို့ လင်းနေပင်ကို အသုံးပြုပေးလို့ ရပါတယ်။
ဒီအချက်တွေ အပြင် စိတ်ဓာတ်ကျတာကို သက်သာစေဖို့၊ အဆက်ရောဂါ သက်သာစေဖို့၊ အညှော်မိတာ သက်သာစေဖို့လည်း လင်းနေကို အသုံးပြုကြပါတယ်။ အနာကျက်စေဖို့ ခေါင်းကိုက်သက်သာစေဖို့ နဲ့ အဆစ်ရောင်တာကို သက်သာစေဖို့လည်း လင်းနေက အသုံးဝင်ပါသေးတယ်။
ဘာတွေ သတိထားရမလဲ!
လင်းနေက ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ သုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါတယ်။ နောက်ပြီး ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ပုံမှန် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်လည်း မသင့်တော်ပါဘူး။