လူတစ်ယောက် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေဖို့ လိုပါမယ်။ သတ္တုဓာတ်တွေ ပြည့်ဝဖို့ဆိုတဲ့ထဲမှာ အိုင်အိုဒင်း ပြည့်ဝစေဖို့ကိုလည်း ချန်ထားလို့ မရပါဘူး။ ဒီတော့ အိုင်အိုဒင်းကို ဘာကြောင့် လိုအပ်တာလဲ။ အိုင်အိုဒင်း ရရှိစေဖို့ ဘယ်လို အစားအစာတွေကို စားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။။
အိုင်အိုဒင်း ဆိုတာ
အိုင်အိုဒင်းက ခန္ဓာကိုယ်အတွက်အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုးပါ။ အိုင်အိုဒင်းကို အစားအသောက်ကနေတဆင့်ရရှိနိုင်ပါတယ်။ အိုင်အိုဒင်းကို အဓိကလိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုက သိုင်းရွိုက်ဂလင်းပါ။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုအပ်မယ့် သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လွှတ်ဖို့အတွက် အိုင်အိုဒင်းကို လုံလောက်စွာ ရရှိဖို့ လိုပါမယ်။
ဒီတော့ အိုင်အိုဒင်း လုံလောက်စွာ ရရှိစေဖို့ ဘာတွေ စားဖို့ လိုမလဲ! ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။
အိုင်အိုဒင်း လုံလောက်စွာ ရရှိစေဖို့ ဘာတွေ စားဖို့ လိုမလဲ!
လွယ်ကူရိုးရှင်းစွာနဲ့ အိုင်အိုဒင်း လုံလောက်စွာ ရရှိစေဖို့ဆိုရင် –
ရေညှိ
ထမင်းလိပ်၊ ဆူရှီနဲ့ ခေါက်ဆွဲပြုတ် ဟော့ပေါ့ စတာတွေထဲမှာ ထည့်စားလေ့ ရှိကြတဲ့ ရေညှိက ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် အိုင်အိုဒင်းလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းစေဖို့အတွက် အိုင်အိုဒင်း ပြည့်ဝချင်တယ်ဆိုရင် ရေညှိကို စားပေးလို့ ရပါတယ်။
နို့ထွက်ပစ္စည်းတွေ
နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အိုင်အိုဒင်းဓာတ် ပေါပေါများများ ပါဝင်နေပါတယ်။ ဒါကြောင့် အိုင်အိုဒင်း ပြည့်ဝချင်တယ်ဆိုရင် တစ်နေ့ကို နို့တစ်ခွက် သောက်ပေးလို့ ရသလို ဒိန်ချဉ်၊ ချိစ်နဲ့ အခြားသော နို့ထွက်ပစ္စည်းတွေကို စားပေးရင်လည်း ရပါတယ်။
အိုင်အိုဒင်းဆား
အိုင်အိုဒင်းဖြည့်စွက်ထားတဲ့ အိုင်အိုဒင်းဆားက သိုင်းရွိုက်ဂလင်းကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် အားဖြည့်ပေးနိုင်ပါတယ်။ တစ်နေ့တာစားသုံးတဲ့ အစားအစာတွေထဲမှာ အိုင်အိုဒင်းဆားကို စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံလောက် ပါဝင်အောင် စားသုံးပေးပါ။
ပုစွန်
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း ကြွယ်ဝတဲ့ ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ပုစွန်မှာ အိုင်အိုဒင်း ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် B12၊ ဆီလီနီယမ်၊ဖော့စဖရိတ်တို့လည်း ပါဝင်နေပါတယ်။
တူနာငါး
ကယ်လ်လိုရီ နည်းပြီး အိုင်အိုဒင်း နဲ့ ပရိုတင်း ကြွယ်ဝသလို ပိုတက်ဆီယမ်၊ သံဓါတ် နဲ့ ဗီတာမင် B အုပ်စုတွေ ပါဝင်နေ ပါတယ်။ အဆီ ပါဝင်မှု နည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိုင်အိုဒင်း ရင်းမြစ် တစ်ခုပါ။
ဥအမျိုးမျိုး
ကြက်ဥ အပါအဝင် ဥအမျိုးမျိုးမှာ ကယ်လ်လိုရီ ပါဝင်မှု နည်းသလို ပရိုတင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြက်ဥ အနှစ်မှာ အိုင်အိုဒင်း နဲ့ အခြား အရေးပါတဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါသေးတယ်။
အိုင်အိုဒင်း လုံလောက်စွာ ရရှိစေဖို့ နေ့စဉ် စားသုံးမှုမှာ အခုပြောခဲ့တာလေးတွေကို တစ်မျိုး ဒါမှမဟုတ် ၂ မျိုးလောက် ပါဝင်အောင် စားသုံးမိရင်ကို အဆင်ပြေပါတယ်။