မျက်စိနာတာက ကြည့်ရုံနဲ့ ကူးမှာလား!

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးမှာလား!

မျက်စိနာပြီဆိုရင် ပြာနေက ကြားနေကျ စကားလေး တစ်ခု ရှိပါတယ်။ ဒါကတော့ မျက်စိနာနေရင် စိုက်မကြည့်မိစေနဲ့ ကူးကုန်မယ် ဆိုတာလေ။ တကယ်ပဲ မျက်စိနာတာက ကြည့်ရုံနဲ့ ကူးမလား! လူကြီးတွေ ပြောတတ်ကြသလို မျက်စိနာတဲ့သူကို သွားမကြည့်နဲ့ ကူးတတ်တယ်ဆိုတာက တကယ်ပဲလား စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။

မျက်စိနာတယ် ဆိုတာ

မျက်စိနာတယ်ဆိုတာက အဖြစ်များတဲ့ မျက်လုံးပိုးဝင်ကူးစက်မှု တစ်ရပ်ဖြစ်ပြီး မျက်ခွံအတွင်းသားတစ်ရှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ မျက်စိနာတာက မျက်လုံး တစ်ဖက်တည်းမှာ ဖြစ်တာမျိုး ရှိနိုင်သလို မျက်လုံး နှစ်ဖက်စလုံးမှာ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။

မျက်စိနာရင် ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ!

မျက်စိနာရင် အခုလိုတွေ ခံစားရနိုင်ပါတယ်။

  • မျက်လုံး အဖြူသားတွေက နီနေမယ်
  • မျက်ခွံအတွင်းသားတွေ ရောင်နေမယ်
  • မျက်ရည်တွေ ထွက်နေမယ်
  • အိပ်ရာနိုးလာချိန်မှာ မျက်ခွံနှစ်ခုက ခွာမရအောင် မျက်ဝတ်တွေနဲ့ ကပ်နေမယ်
  • မျက်လုံးထဲက ကျိန်းစပ်စပ်ဖြစ်နေမယ်
  • မျက်လုံးထဲက ယားယံနေမယ်
  • အမြင်တွေ ဝါးနေမယ်
  • အလင်းကို မခံနိုင်တာမျိုး ဖြစ်မယ်
  • မျက်ခွံတွေရောင်တာမျိုး ဖြစ်မယ်
  • အဖြူရောင် ဒါမှမဟုတ် အဝါရောင် မျက်ဝတ်တွေ ထွက်မယ်။

မျက်စိနာရတာက အကြောင်းအရင်း အမျိုးမျိုး

အခုလို အကြောင်းအရင်းတွေကြောင့် မျက်စိနာစေနိုင်ပါတယ်။

ဗိုင်းရပ်စ် – မျက်စိနာတာကို အများဆုံး ဖြစ်စေတဲ့ အကြောင်းအရင်းက ဗိုင်းရပ်စ်ကြောင့်ပါ။ ဗိုင်းရပ်စ်တွေမှာ အထူးသဖြင့် အအေးမိဖျားနာတာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်၊ ကိုဗစ်ဗိုင်းရပ်စ် စတဲ့ ဗိုင်းရပ်စ်တွေပါ။

ဘက်တီးရီးယား – ဘက်တီးရီးယားတွေထဲမှာမှ Staphylococcus aureus, Haemophilus influenzae, Streptococcus pneumonia နဲ့ Pseudomonas aeruginosa တို့က မျက်စိနာတာကို ဖြစ်စေနိုင်ပါတယ်။

ပတ်ဝန်းကျင်ကအရာတွေ – ခေါင်းလျှော်ရည်တွေ၊ အလှကုန်တွေ၊ မျက်ကပ်မှန်တွေ၊ ဖုန်မှုန့်တွေ၊ မီးခိုးငွေ့နဲ့ ရေကူးကန်ထဲက ကလိုရင်းတွေ ကြောင့်လည်း မျက်စိနာနိုင်ပါတယ်။

ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေ – မှိုတွေ၊ ပန်းဝတ်မှုံတွေနဲ့ အခြား ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့အရာတွေကြောင့်လည်း မျက်စိနာနိုင်ပါတယ်။

ပြင်ပပစ္စည်း ဝင်ရောက်တာ – မျက်လုံးထဲကို ပြင်ပပစ္စည်း ဝင်ရောက်တာကြောင့်လည်း မျက်စိနာနိုင်ပါတယ်။

မျက်ရည်ပြွန်ပိတ်ဆို့တာ– ကလေးငယ်လေးတွေမှာ မျက်ရည်ပြွန်ပိတ်ဆို့တာကြောင့်လည်း မျက်စိနာနိုင်ပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ – လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်ကြတဲ့ ရေယုန်ဗိုင်းရပ်စ်၊ ဆီးပူညောင်းကျဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကြောင့်လည်း မျက်စိနာတာကို ဖြစ်စေနိုင်ပါတယ်။

Autoimmune ရောဂါတွေ – ကိုယ်ခံအားဆဲလ်အချင်းချင်း တုံ့ပြန်တိုက်ခိုက်မှု ပြင်းထန်တာကြောင့်လည်း မျက်စိနာတာဖြစ်နိုင်ပါတယ်။ ဖြစ်တော့ ဖြစ်ခဲပါတယ်။

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးမှာလား!

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးမှာလား! ဆိုတော့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ မျက်စိနာ‌တာတွေက ကူးစက်တတ်တယ်ဆိုပေမယ့် ကြည့်ရုံနဲ့တော့ မကူးပါဘူး။ ဓာတ်မတည့်တာတို့၊ ပတ်ဝန်းကျင်က ညစ်ညမ်းစေတဲ့ အရာတွေကြောင့် ဖြစ်တဲ့ မျက်စိနာတာကတော့ မကူးစက်တတ်ပါဘူး။

နားရှင်းအောင် ပြောရရင်တော့ မျက်စိနာတာက မျက်စိနာတဲ့ သူနဲ့ အကြည့်ချင်းဆုံမိရုံနဲ့ ကူးတာမျိုး မဟုတ်ပါဘူး။

မျက်စိနာတာက ဘယ်လို ကူးစက်သလဲဆိုရရင်

ပိုးကြောင့် မျက်စိနာနေတဲ့သူနဲ့ နီးနီးကပ်ကပ် ထိတွေ့မိတာ ( မျက်လုံးကို ထိမိတာ၊ ကိုင်ကြည့်မိတာမျိုး၊ လက်ဆွဲနှုတ်ဆက် တာမျိုးပေါ့)။ ရောဂါပိုးရှိနေတဲ့ အရာတွေကို ကိုင်တွယ်ထိတွေ့မိပြီး မျက်နှာကို ကိုင်တွယ် မိရာကနေလည်း ကူးစက်နိုင်ပါတယ်။

ရောဂါပိုးကပ်ငြိနေတဲ့ မျက်နှာပြင်တွေ အရာဝတ္ထုတွေကို ကိုင်တွယ်မိပြီး လက်မဆေးဘဲ မျက်လုံးကို ထိတွေ့မိတာမျိုးကြောင့်လည်း ကူးစက်နိုင်ပါတယ်။

မျက်ကပ်မှန်၊ မျက်လုံးတစ်ဝိုက်မှာ အသုံးပြုရတဲ့ မိတ်ကပ်ပစ္စည်းတွေကို ပိုးရှိသူနဲ့ မျှဝေသုံးစွဲမိတာကနေလည်း ကူးနိုင်ပါတယ်။
ဘက်တီးရီးယားကြောင့် မျက်စိနာတဲ့အခါ ရောဂါပိုးရှိနေတဲ့ သုက်ရည်၊ သုက်ပိုးနဲ့ မိန်းမကိုယ်က ထွက်တဲ့အရည်တွေကို ကိုင်တွယ်ထိတွေ့ထားတဲ့ လက်တွေနဲ့ မျက်လုံးကို ကိုင်တွယ်ထိတွေ့မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မျက်စိနာတာ သက်သာစေဖို့

မျက်လုံးနာတာက ပုံမှန်အားဖြင့် ရက်သတ္တပတ် အနည်းငယ်ကြာမှာ သက်သာသွားတတ်ပါတယ်။ မျက်စိနာတဲ့အချိန်မှာ

  • မျက်စိကို အနားပေးပါ။ ဖုန်းသုံးတာ၊ TVကြည့်တာကို လျှော့ပါ။
  • မျက်ဝတ်ထွက်ရင် တစ်ရှူးသန့်သန့်နဲ့ သုတ်ပြီး လွှင့်ပစ်၊ ပြီးတာနဲ့ လက်ဆေးပါ။
  • မကြာခဏ လက်ဆေးပါ။ မျက်လုံးကို လက်နဲ့ ခဏဏ မကိုင်ပါနဲ့။
  • မျက်ရည်တု မျက်စဉ်းခတ်ပါ။ ရေခဲဝတ်ကပ်ပေးလည်း ရပါတယ်။ ရေခဲဝတ်ကပ်တဲ့အခါ အဝတ်သန့်သန့်ကို သုံးပါ။ မျက်စိနာတဲ့ဘက်ကို ကပ်ပြီး ကောင်းတဲ့ ဘက်ကို ထပ်မကပ်ပါနဲ့။
  • ပိုးသတ်ဆေးပါတာ၊ စတီးရွိုက်ပါတဲ့ မျက်စဉ်းတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့မှ အသုံးပြုပါ။
  • မျက်စိတစ်ဖက်ကနာပြီး နောက်တစ်ဖက်က ကောင်းနေတဲ့အခါ ကောင်းတဲ့ဘက်ခြမ်းကို ပိုးမကူးအောင် သတိပြုပါ။
  • ရက်အနည်းငယ်ကြာလို့မှ သက်သာတဲ့ အရိပ်အယောင်မပြရင် နီးစပ်ရာဆရာဝန်နဲ့ ပြသပါ။
  • မျက်စိနာနေချိန်မှာ မျက်ကပ်မှန်တပ်တာ၊ မျက်စိနားတစ်ဝိုက်ကို ခြယ်သတာ ရှောင်ပါ။

မျက်စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ!

ကိုယ်ပတ်ဝန်းကျင်မှာ မျက်စိနာတဲ့သူရှိရင် ကိုယ့်ကို မကူးစက်စေဖို့ –

  • မျက်လုံးကို လက်နဲ့ ပွတ်တာ၊ လက်ချောင်းတွေနဲ့ ကိုင်တွယ်ထိတွေ့တာမျိုး‌ ရှောင်ပါ
  • လက်တွေကို မကြာခဏ ရေနဲ့ ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောပါ
  • တစ်ကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေ သုံးစွဲတာမျိုး ရှောင်ပါ
  • မျက်ကပ်မှန်တွေ၊ မျက်လုံးခြယ်သတဲ့ ပစ္စည်းတွေကို အခြားသူနဲ့ မျှသုံးတာမျိုး ရှောင်ပါ

ဒီနည်းလမ်းလေးတွေနဲ့ မျက်စိနာတာကို ကာကွယ်လို့ ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *