မိဘတွေနဲ့ သားသားမီးမီးတို့ကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိစေဖို့

မိဘတွေနဲ့ သားသားမီးမီးတို့ကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိစေဖို့

သားသားမီးမီးတွေနဲ့ မေမေဖေဖေတို့ကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တာက ကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်။ ကလေးက မိဘကို တစ်ခုမှ ကွယ်ဝှက်မထားဘဲ တစ်ခုခုဆိုတိုင်း သူငယ်ချင်းလို တိုင်ပင်ခွင့်ရတာက ကလေးအတွက်လည်း အထီးကျန်မှု ကင်းပြီး အချစ်ခံရတယ်ဆိုတဲ့ ခံစားချက်ကို ရသလို ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အဖိုးဖြတ်မရတဲ့ မိဘတွေက သူ့အတွက် အမြဲရှိနေမယ်ဆိုတဲ့ အသိတစ်ခုတည်းနဲ့တင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အတော်လေး ကောင်းပြီး ပေါင်းသင်းဆက်ဆံရေးအရရော စိတ်ပိုင်းဆိုင်ရာအရပါ ရင့်ကျက်စွာနဲ့ ကြီးပြင်းခွင့်ရပါတယ်။

ဒီလိုမျိုး ကလေးနဲ့ ကိုယ့်ကြားမှာ အကြောက်တရားကင်းပြီး လေဒစားမှုအပြည့်နဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်လိုက်တာက ကလေးအတွက်ရော သူ့ရဲ့ ကိုယ်ပိုင်မျိုးဆက်လေးအတွက်ပါ ကောင်းမွန်တဲ့ အမွေအနှစ်တစ်ခုကို ချန်ပေးရာရောက်သလို မျိုးစေ့ကောင်းလေး တစ်ခု ချပေးလိုက်ရာလည်း ကျပါတယ်။ 

မိဘတွေနဲ့ သားသားမီးမီးတို့ကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိစေဖို့

ကဲ …. ဒီတော့ သားသားမီးမီးနဲ့ မေမေဖေဖေတို့ကြားမှာ လေးစားပွင့်လင်းတဲ့ ဆက်ဆံရေးလေး တစ်ခု တည်ဆောက်ဖို့ဆိုရင် အခုလို အချက်လေးတွေကို လုပ်ဆောင်သွားပေးရုံပါနော်။

  • ကလေးရဲ့ ပြောပြတာတွေကို ဆုံးဖြတ်ချက် မချဘဲ သေချာလေး နားထောင်ပေးပါ

ကလေးက ကိစ္စလေး တစ်ခုခု ရှိလို့ဖြစ်ဖြစ် ဒါမှမဟုတ် တစ်နေ့တာ အတွေ့အကြုံလေးကို ဖြစ်ဖြစ် ပြောပြလာတဲ့အခါမျိုး တိုင်ပင်လာတဲ့ အခါမျိုးမှာ မေမေဖေဖေတို့အနေနဲ့ ကလေးကို မာန်လိုက်တာမျိုး ဆုံးဖြတ်ချက် ချပြီး မလုပ်သင့်ဘူးဆိုတာမျိုးတွေ မပြောဘဲ ကလေးပြောတာ ပြီးတဲ့အထိ သေချာလေး အာရုံစိုက် နားထောင်ပေးပါ။ ပြီးမှ ကလေးက ဘာလုပ်သင့်လဲလို့ မေးလာတဲ့အခါမှ ဒါကိုတော့ ဘယ်လိုလေး လုပ်သင့်တယ်ဆိုပြီး ပြောတာမျိုး လုပ်ပေးပါ။

  • ကလေးနဲ့ အချိန်တွေကို အတူကုန်ဆုံးပါ

ကလေးကို အချိန်မပေးဘဲ အော်ဟစ်တာမျိုး၊ ကလေးကို အချိန်မပေးတာမျိုး မလုပ်ပါနဲ့။ ကလေးနဲ့အတူတူ ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်တီးတာ၊ ပိတ်ရက်လေးတွေမှာ ထွက်လည်တာမျိုးတွေ လုပ်ပေးပါ။ ဒီလိုမျိုး ပျော်စရာ အချိန်လေးတွေကို အတူ ကုန်ဆုံးပေးတာက ကလေးနဲ့ မိဘတွေကြားမှာ ပိုမိုရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးကို ရရှိစေနိုင်ပါတယ်။

  • ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်အောင် လမ်းဖွင့်ပေးပါ

ကလေးကို ဘာပဲဖြစ်ဖြစ် မိဘတွေကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ကလေးကိုလည်း မဆူဘူးဆိုတာမျိုး သေချာအောင် လုပ်ပေးဖို့ လိုပါမယ်။ ဒီလို လုပ်ပေးတာက ကလေးကို အရာအရာတိုင်းကို ထိန်ချိန်မနေဘဲ မေမေဖေဖေတို့ကို ပွင့်ပွင့်လင်းလင်း ပြောဆိုစေဖို့ အားဖြစ်စေမှာပါ။

  • ရိုးသားပါ၊ ပွင့်လင်းမှု ရှိပါ

မေမေဖေဖေတို့အနေနဲ့လည်း ကလေးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ရိုးသားပွင့်လင်းမှု ရှိအောင်နေပါ။ ဒီလိုနေတာက ကလေးနဲ့ မိဘတွေကြားမှာ ပိုပြီး ရင်းနှီးမှု ရှိရုံမက မီးမီးလေးတွေအတွက်ဆို မေမေက တီးတိုးဖော် ဖြစ်နိုင်သလို သားသားတို့အတွက်ဆို ဖေဖေက အရာရာ တိုင်ပင်စရာ ဖြစ်လာမှာပါ။ 

  • ကလေးရဲ့ ဝါသနာကို အားပေးပါ

ကလေးလေးတွေမှာ မတူညီတဲ့ ဝါသနာအသီးသီး ရှိကြပါတယ်။ မေမေ ဖေဖေနဲ့ ဝါသနာ တူတာမျိုး ရှိနိုင်သလို လုံးဝ မတူကွဲပြားနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖေဖေမေမေတို့က ကလေးရဲ့ ဝါသနာပါရာကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်အောင် လိုအပ်တဲ့ ထောက်ကူမှုတွေ အားလုံး လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ဒီလို လုပ်ဆောင်ပေးတာက ကလေးရဲ့ အားကိုးစရာတွေ ဖြစ်လာပြီး ကလေးရဲ့ အရင်းနှီးဆုံးသူတွေ ဖြစ်လာမှာပါ။

ဒီနည်းလမ်းလေးတွေကို အုပ်ထိန်းမှု အလေ့အထလေးတွေဖြစ်အောင် ပျိုးထောင်ပေးလိုက်မယ်ဆိုရင် သားသားမီးမီးတို့နဲ့ မေမေဖေဖေတို့ကြားမှာ ပွင့်လင်းတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်သလို ကလေးမှာ စိတ်ပိုင်းဆိုင်ရာအရရော ပေါင်းသင်းဆက်ဆံရေးပိုင်းမှာပါ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ 

 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *