ပရိုတင်းကြွယ်ဝဖို့။ ဗီတာမင် ဒီ ရရှိစေဖို့စတဲ့ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် ကြက်ဥစားပေးဖို့ ပြောကြတာကို တော်တော်များများ လက်ပွန်းတနှီးရင်းနှီးပြီးသား ဖြစ်မှာပါ။ ကြက်ဥက ကျန်းမာတယ်ဆိုပေမယ့် အများကြီးစားလို့ မကောင်းပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဆက်ပြီးမျှဝေပေးသွားပါမယ်။
ကြက်ဥက ကျန်းမာတယ်ဆိုသော်ငြားလည်း
ကြက်ဥဆိုတာက မနက်စာကစလို့ တစ်နေကုန်စားသုံးမှုတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်တတ်တဲ့ စားစရာ တစ်မျိုးပါ။ ဒီလိုအဆာပြေအနေနဲ့ဖြစ်ဖြစ်၊ ဟင်းအစားထိုးဖြစ်ဖြစ် စားကြတဲ့ ကြက်ဥ အပါအဝင် ဥအမျိုးမျိုးကို သင့်တင့်တဲ့ ပမာဏ မှန်ကန်တဲ့ ပုံစံနဲ့ စားသုံးတာက ကျန်းမာရေးအတွက် ကောင်းကျိုးများတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပဲ အများကြီး စားမိမယ်ဆိုရင်တော့ အခုလို ကျန်းမာရေးပြဿနာလေးတွေ ဖြစ်လာနိုင်ပါတယ်။
- အစာမကြေတာမျိုး ဖြစ်စေနိုင်တယ်
ကြက်ဥအပါအဝင် ဥအမျိုးမျိုးကို အလွန်အကျွံ စားသုံးတာက ဗိုက်အောင့်တာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ခံစားရစေနိုင်ပါတယ်။ အစာမကြေတာ၊ လေပွတာနဲ့ လေလည်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ကြက်ဥကို အစာကြခဲတဲ့ ပြဿနာမျိုး ရှိမယ်ဆိုရင်တော့ ကြက်ဥအပါအဝင် ဥအမျိုးမျိုးကို အများကြီး မစားဖို့ ပြောချင်ပါတယ်။
အချို့မှာဆိုရင် ကြက်ဥတွေအများကြီး စားမိတဲ့အခါ irritable bowel syndrome (IBS) ရဲ့ လက္ခဏာတွေကို ခံစားရသလို ဝမ်းပျက်တာမျိုးလည်း ခံစားရပါတယ်။ ကြက်ဥကို အဆီကဲတဲ့ စားစရာတွေနဲ့ တွဲစားမိမယ်ဆိုရင်လည်း ဝမ်းချုပ်စေနိုင်ပါတယ်။
- ဓာတ်မတည့်တာကို ဖြစ်စေနိုင်တယ်
ကြက်ဥက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ အစားအစာတစ်ရပ်ဆိုတာကို တော်တော်များများက မသိကြပါဘူး။ ကြက်ဥက ပြင်းထန်ဓာတ်မတည့်မှုအထိ ဖြစ်စေနိုင်ပြီး လက္ခဏာတွေအနေနဲ့ အရေပြားမှာ အင်ပျဉ်တွေ ထတာ၊ ရောင်ရမ်းတာ၊ အဖုအပိမ့်တွေထတာ၊ မျက်လုံးတွေ နီးမြန်းပြီး မျက်ရည်ကျတာ၊ အသက်ရှူရခက်တာ၊ နှာရည်ကျတာ၊ နှာခေါင်းပိတ်တာ၊ ညီးစီစီဖြစ်တာ၊ ရင်ဘတ်ထဲမှာ တင်းတင်းကျပ်ကျပ်ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ကြက်ဥအပါအဝင် ဥအမျိုးမျိုး စားပြီးချိန်မှာ အခုလိုမျိုး လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုပါမယ်။
- အစားအသောက်ကတဆင့် ရောဂါပိုး ကူးစက်တာမျိုး ဖြစ်စေနိုင်တယ်
ကြက်ဥအစိမ်း ဒါမှမဟုတ် သေချာ ချက်ပြုတ်မထားတဲ့ ကြက်ဥအပါအဝင် ဥအမျိုးမျိုးမှာ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာလိုမျိုး လက္ခဏာတွေ အပါအဝင် salmonella infection ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကြက်ဥအပါအဝင် ဥအမျိုးမျိုးကို သေချာလေး သိမ်းဆည်းပါ။ ချက်ပြုတ်ပါ။
- သွေးတွင်းအဆီ မြင့်တက်စေနိုင်တယ်
ကြက်ဥအပါအဝင် ဥအမျိုးမျိုးမှာ ပါဝင်နေတဲ့ ကိုလက်စထရော ပမာဏက တော်တော်လေး များပါတယ်။ အထူးသဖြင့် ကြက်ဥအနှစ်မှာပေါ့။ ကြက်ဥက အကျိုးမပြု ကိုလက်စထရောကို မမြင့်တက်စေနိုင်ဘူးဆိုပေမယ့်၊ အကျိုးပြု ကိုလက်စထရောကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းအဆီများတဲ့သူတွေအနေနဲ့ ကြက်ဥကို အများကြီး မစားဖို့ လိုပါမယ်။
- ဆီးချိုဖြစ်နိုင်ခြေ များစေတယ်
အာဟာရကြွယ်ဝတဲ့ ကြက်ဥမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေ ပါဝင်နေသလို အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုအတွက် အရေးပါတဲ့ ဘိုင်အိုတင်လည်း ပါဝင်နေပါတယ်။ ကြက်ဥကို အတန်အသင့်စားပေးတာက သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်တယ် ဆိုပေမယ့် ကြက်ဥကို အလွန်အကျွံစားတာက ဆီးချိုဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။
လေ့လာမှုတစ်ရပ်အရ သိရတာက ကြက်ဥကို တစ်ပတ်မှာ ၇ လုံးနဲ့ အထက် စားတဲ့ အမျိုးသားတွေမှာ ကြက်ဥ မစားတဲ့သူတွေထက် အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ခြေက ပုံမှန်ထက် ၅၈ ရာခိုင်နှုန်း ပိုများနေသလို အမျိုးသမီးတွေမှာဆိုရင်လည်း တစ်ပတ်ကို ကြက်ဥ ၇လုံးနဲ့အထက် စားတာက အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ခြေကို ၇၇ ရာခိုင်နှုန်းလောက်အထိ ပိုများနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
သာမန်လူတစ်ယောက် အနေနဲ့ တစ်ပတ်တာကို ကြက်ဥ ၇ လုံးအထိ စားတာက ထိခိုက်မှု တစ်စုံတစ်ရာ မရှိပါဘူး။ အချို့သူတွေကတော့ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေ ရှိမယ်ဆိုရင် ကြက်ဥအပါအဝင် ဥအမျိုးမျိုးကို အများကြီးစားတာမျိုး ရှောင်သင့်ပါတယ်။
– သွေးတွင်းအဆီများတတ်တဲ့သူဆိုရင်တော့ တစ်ပတ်ကို ကြက်ဥ ၂ လုံး ကနေ ၃ လုံးလောက်အထိပဲ စားပေးသင့်ပါတယ်။
– နှလုံး ကျန်းမာရေးပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင် တစ်ပတ်ကို ကြက်ဥ ၃ လုံး ကနေ ၄ လုံးထက်ပိုပြီး မစားသင့်ပါဘူး။
– ဆီးချိုရောဂါ ရှိမယ်ဆိုရင်လည်း တစ်ပတ်ကို ကြက်ဥ ၅ လုံးထက်ပိုပြီး မစားသင့်ပါဘူး။
အခြေအနေတွေနဲ့ ကျန်းမာရေးပြဿနာအခံတွေပေါ် မူတည်ပြီး နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။