စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း [Psychological First Aid (PFA)] ဆိုတာက သဘာဝ ဘေးအန္တရာယ်တွေ၊ စစ်ဘေးနဲ့ အမျိုးမျိုးသော ပြင်းထန်တဲ့ အခြေအနေတွေကို တွေ့ကြုံ ခံစားရသူတွေကို ဘေးဒုက္ခတွေကို ခံစားနေရချိန်နဲ့ ခံရစားရပြီးချိန်တွေမှာ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ ရည်ရွယ်ပြီး တွေ့ဆုံဖေးမမှုတွေလုပ်ဆောင်ရင်း စိတ်ခံစားမှုပိုင်းအခြေအနေတွေ တိုးတက်ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီဖေးမမှုတစ်ရပ်ပါ။
ဘယ်လောက်အတိုင်းအတာအထိ အထောက်အကူပြုနိုင်လဲ!
စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း [Psychological First Aid (PFA)] က ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ စစ်မက်ဘေးတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ၊ အရွယ်ရောက်ပြီးသူတွေနဲ့ မိသားစုတွေကို ပြင်းထန်တဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေရချိန်နဲ့ ပြီးဆုံးသွားချိန်တွေမှာ တွေ့ကြုံခံစားခဲ့ရတဲ့ စိတ်ထိခိုက်ဖွယ်ရာ အခြေအနေတွေကြောင့် ခံစားရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအသစ်တွေကို ထိခိုက်မှုနည်းနိုင်သမျှနည်းနည်းနဲ့ ဖြေရှင်းနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
PFA က ပြင်းထန်တဲ့ အခြေအနေတွေကို တွေ့ကြုံခံစားရပြီးချိန်မှာ လတ်တလောမှာရော ရေရှည်ကာလမှာပါ စိတ်ခံစားမှုပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ဒါမှမဟုတ် တာဝန်မကျေသလို ခံစားရတာတွေကို လျော့ပါးနိုင်သမျှ လျော့ပါးစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီဖေးမနည်း တစ်ရပ်ပါ။
ပြင်းထန်တဲ့ အခြေအနေဆိုးတွေနဲ့ တွေ့ကြုံပြီး ရှင်ကျန်ရစ်သူတိုင်းမှာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရတာမျိုး၊ ကာလရှည်ကြာ နဂိုအတိုင်းပြန်ဖြစ်ဖို့ ခက်ခဲတာတွေ မရှိနိုင်ပေမယ့် အချို့အချို့သော သူတွေမှာတော့ စိတ်ပိုင်းဆိုင်ရာနလန်ထူဖို့ ခက်သွားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ ထိခိုက်ခံစားရသူတွေကို ခံစားရမှုတွေ သက်သာပြီး နေ့စဉ်ဘဝကို စိတ်ဒဏ်ရာကင်းကင်းနဲ့ ရှင်သန်နိုင်စေဖို့ PFA က ထောက်ကူပေးနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း လုပ်ဆောင်မယ်ဆိုရင် လိုက်နာစရာများ
စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း [Psychological First Aid (PFA)] လုပ်ဆောင်မယ်ဆိုရင် လိုက်နာစရာတွေ ရှိပါတယ်။ ဒီနေရာမှာ အရင်ဆုံးပြောချင်တာက PFA ဆိုတာက လူတိုင်းလုပ်ဆောင်ပေးလို့ ရတဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီဖေးမမှု တစ်ရပ်ဖြစ်ပြီး စိတ်ပညာရှင်တွေလုပ်ဆောင်ပေးတဲ့ ဆွေးနွေးမှုတွေနေရာမှာ အစားထိုးတာမျိုး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေ မခံယူခင် အစောပိုင်းမှာ စိတ်သက်သာရာရစေဖို့ လုပ်ဆောင်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီဖေးမမှု တစ်ရပ်ပါ။
စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း [Psychological First Aid (PFA)] လုပ်ဆောင်မယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။
- လုံခြုံမှု ရှိပါစေ
စိတ်ပိုင်းဆိုင်ရာ ဖေးမမှုကို ခံယူမယ့်သူက သူလက်ရှိ ရှိနေတဲ့ ပတ်ဝန်းကျင်က သူ့အတွက် လုံခြုံဘေးကင်းတယ်လို့ ခံစားမိနေစေဖို့ လိုပါမယ်။
- စိတ်တည်ငြိမ်မှု ရပါစေ
ထိခိုက်ခံစားနေရသူကို စိတ်တည်ငြိမ်မှုခံစားရစေဖို့ တတ်နိုင်သမျှ ကူညီပေးပါ။
- ဆက်သွယ်ပေးပါ
အခြားသူတွေ၊ မိသားစုဝင်တွေ၊ ခင်မင်ရသူတွေနဲ့ ဆက်သွယ်လို့ရအောင် လုပ်ဆောင်ပေးပါ။ တတ်နိုင်သမျှ လူမှုကူညီရေးတွေ လုပ်ဆောင်ပေးပါ။
- မျှော်လင့်ချက်တွေ ရှိလာစေဖို့ ကူညီပေးပါ
စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှုလုပ်ရင်း မျှော်လင့်ချက်တွေ ရှိလာစေဖို့ ကူညီပေးဖို့လည်း မမေ့ပါနဲ့။
- စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုလက္ခဏာတွေကို သိရှိပါစေ
လူတစ်ယောက်ရဲ့ ပြုမူတုံ့ပြန်ပုံကနေတဆင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို သိရှိခံစားမိအောင် ကြိုးစားပါ။
- လိုအပ်တဲ့ ကူညီမှုတွေ ပေးပါ
အခြေခံလိုအပ်ချက်တွေကို ကူညီပေးနိုင်ဖို့ တတ်နိုင်သမျှ မြန်မြန်လုပ်ဆောင်ပေးပါ။
- သေချာဂရုစိုက်ပြီး စိတ်ပါလက်ပါ နားထောင်ပါ
ထိခိုက်ခံစားထားရသူက သူတို့ရဲ့ စိတ်ခံစားချက်တွေ၊ အတွေ့အကြုံတွေကို ပြောပြလာတဲ့အခါ စိတ်ပါလက်ပါနဲ့ သေချာဂရုစိုက်နားထောင်ပေးပါ။ ခံစားချက်တွေကို ပြောပြဖို့ လုံခြုံစိတ်ချရတယ်လို့ ခံစားရစေတဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးပါ။ ပြောပြနေတာတွေကို နားထောင်နေကြောင်း သိရှိစေမယ့် တုံ့ပြန်မှုတစ်ရပ်ရပ် လုပ်ပြဖို့လည်း မမေ့ပါနဲ့။
- အကူအညီရရှိနိုင်မယ့် ရင်းမြစ်တွေနဲ့ ချိတ်ဆက်ပေးပါ
သင့်တော်တဲ့ စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှု အကူအညီတွေ ရရှိစေနိုင်မယ့် ရင်းမြစ်တွေနဲ့ ချိတ်ဆက်ပေးပါ။
ဘယ်သူတွေ PFA လုပ်ပေးလို့ရလဲ!
သင့်တော်တဲ့ PFA Training ရယူထားတဲ့ မည်သူမဆို စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုမှုကို လုပ်ဆောင်ပေးလို့ ရပါတယ်။
“Look, Listen, Link” နည်းလမ်းနဲ့ ချဉ်းကပ်ပါ
စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားထားရသူတွေကို “Look, Listen, Link” နည်းလမ်းနဲ့ ချဉ်းကပ်ပါ။
Look: ထိခိုက်ခံစားရသူရဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေကို သိရှိနိုင်စေဖို့ သေချာလေး စစ်ဆေးကြည့်ရှု့ပါ။
Listen: သူတို့ရဲ့ တွေ့ကြုံခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဂရုစိုက်ပြီး စိတ်ပါလက်ပါနားထောင်ပေးပါ။
Link: လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ရရှိစေဖို့ ချိတ်ဆက်ပေးမှုတွေ လုပ်ဆောင်ပေးပါ။
စိတ်ပိုင်းဆိုင်ရာကူညီဖေးမမှုတွေက ရေရှည်မှာဖြစ်လာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို လျော့ပါးစေဖို့ အများကြီး ထောက်ကူပေးနိုင်တာကြောင့် မိမိပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ ကူညီဖေးမချင်တယ်ဆိုရင် ကိုယ်တိုင်လည်း လေ့လာထားသင့်ပါတယ်။