ရာသီလာတယ်ဆိုတာက အမျိုးသမီးလေးတွေရဲ့ လစဉ်တိုင်းမှာ ကြုံတွေ့ခံစားရတဲ့ ကျန်းမာရေးဖြစ်စဉ် တစ်ရပ်ပါ။ ဒီလို ရာသီလာတဲ့အခါ ပုံမှန်ရက်တွေနဲ့ မတူဘဲ ကျော်ဖြတ်ဖို့က ခက်ခဲသလို အချို့အတွက်ဆိုရင် တော်တော်လေး ခက်ခဲတာမျိုးလည်း ရှိနိုင်ပါတယ်။ ရာသီမလာခင် အစောပိုင်းရက်တွေမှာဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ရင်သားတွေနာတာ၊ ရင်သားတင်းတာ၊ အဆစ်တွေနာ ကျင်ကိုက်ခဲတာ၊ ဝမ်းသွားတာ၊ ဝမ်းချုပ်တာ၊ ခြေကုန်လက်ပမ်းကျတာမျိုးတွေကို ခံစားရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
ဒီအခြေအနေတွေကတော့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို အကြိမ်ကြိမ် ကြားဖူးပြီးသား ဖြစ်နိုင်ပေမယ့် အခုတစ်ခေါက်ပြောမယ့်ကိစ္စလေးကိုတော့ သိတဲ့သူ နည်းနည်း နည်းဦးမယ်ထင်ပါတယ်။ ဒါက ဘာလဲဆိုတော့ ရာသီလာချိန်မှာ ဘာမှ စားချင်စိတ်မရှိတာပါ။ ဒီလိုမျိုး ရာသီလာချိန်မှာ ဘာမှစားချင်စိတ် မရှိတာက ပုံမှန်ပဲလားဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ရာသီလာချိန်မှာ အစားစားချင်စိတ်မရှိတာက ပုံမှန်ပဲလား!
ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာက ရာသီအကြိုကာလနဲ့ ရာသီလာချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ အကြောင်းကတော့ ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းအလဲဖြစ် တာကြောင့် လေပွတာ၊ ဆီးစပ်ကိုက်တာတွေကို ခံစားရနိုင်သလို စားသောက်မှုပုံစံပြောင်းလဲတာမျိုးလည်း ရှိပါတယ်။
ရာသီလာချိန်မှာ ဗိုက်ခဏခဏ ဆာတာမျိုး ခံစားရနိုင်သလို ရာသီလာချိန်မှာ ဘာမှ စားချင်စိတ် မရှိတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင်တော့ ဒါကပုံမှန်ပဲလို့ ဆိုချင်ပါတယ်။
ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာကို ခံစားရတဲ့ အကြောင်းအရင်း
ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာကို ခံစားရနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမက ရှိနိုင်ပါတယ်။ ဒါတွေကတော့
- ဟော်မုန်း အပြောင်းအလဲဖြစ်တာ
ရာသီလာချိန်မှာ ကိုယ်တွင်းကဟော်မုန်း အပြောင်းအလဲဖြစ်တာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်း အပြောင်းအလဲဖြစ်သွားတာက အစားစားချင်စိတ်အပေါ်မှာ သက်ရောက်မှုဖြစ်စေပြီး အစားစားချင်စိတ် မရှိတာကို ခံစားရနိုင်ပါတယ်။
- ဗိုက်ပွနေတာ၊ ဗိုက်အောင့်နေတာ
ရာသီလာနေချိန်မှာ ဗိုက်ထဲက နေလို့ မကောင်းတာ ဗိုက်ထဲ လေတွေပွနေသလို ခံစားနေရတာ၊ ဗိုက်အောင့်တာတွေလိုမျိုး မအီမသာဖြစ်နေတဲ့ ခံစားရမှုတွေကလည်း ရာသီလာချိန်မှာ အစားစားချင်စိတ် မဖြစ်တာကို ခံစားရနိုင်ပါတယ်။
- ခြေကုန်လက်ပမ်းကျတာ
ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျနေတာလိုမျိုး အခြေအနေကလည်း ရာသီလာချိန်မှာ အစားစားဖို့ အာရုံမရတာမျိုးကို ခံစားရနိုင်ပါတယ်။
- စိတ်ဖိစီးနေတာ
ရာသီလာခါနီး ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုကြောင့် စိတ်ဖိစီးမှုကို ခံစားနေရတာ၊ စိတ်ဓာတ်ကျသလိုလို ခံစားနေရတာကြောင့်လည်း ဘာစားစား ခံတွင်းမတွေ့ဘဲ အစားစားချင်စိတ် ပျောက်ဆုံးတာကို ခံစားရနိုင်ပါတယ်။
ဘယ်လိုသက်သာအောင် လုပ်မလဲ!
ရာသီလာချိန်မှာ ခန္ဓာကိုယ်မှာ ခံစားရတဲ့ အခြေအနေတွေကြောင့် စားသောက်မှုပုံစံ ပြောင်းလဲတာ၊ အစားစားချင်စိတ် ပျောက်ဆုံးသွားတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေကို သက်သာစေဖို့ဆိုရင် –
- ရေလုံလောက်အောင် သောက်ပါ
ရာသီလာနေချိန်မှာ ရာသီသွေးနဲ့အတူ ကိုယ်တွင်းကဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ အတွက် ရေလုံလောက်အောင် သောက်ဖို့ လိုပါမယ်။ ရာသီလာချိန်မှာ ရေလုံလောက်အောင် သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ရော ရာသီလာချိန်မှာ အစားစားချင်စိတ် ပျောက်ဆုံးတာကိုပါ သက်သာစေနိုင် ပါတယ်။ ရေကျက်အေးနွေးနွေးလေး သောက်ပေးတာ၊ အုန်းစိမ်းရည်၊ ဓာတ်ဆားဖြည့် ဖျော်ရည်တွေကို သောက်ပေးလို့ရသလို အချိုမပါတဲ့ သဘာဝ သစ်သီးဖျော်ရည်တွေကိုလည်း သောက်ပေးလို့ ရပါတယ်။
- နည်းနည်းချင်းစီနဲ့ ခဏခဏ စားပေးပါ
ရာသီလာနေချိန်မှာ တစ်ခါတည်းနဲ့ အများကြီးစားတာမျိုးကလည်း အစားစားချင်စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ နည်းနည်းချင်းစီနဲ့ ခဏခဏ စားပေးဖို့ လိုပါမယ်။ ဒီလိုစားပေးတာက ခန္ဓာကိုယ်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်သလို ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာကို သက်သာစေနိုင်ပါတယ်။
- အစာကြေလွယ်တာမျိုး ရွေးစားပါ
ရာသီလာချိန်မှာ လေပွနေတာမျိုးကို ခံစားရမယ်ဆိုရင် အစားစားချင်စိတ် မရှိတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ရင်ပြည့်သလို ခံစားရတာ၊ အစားစားချင်စိတ် မရှိတာမျိုး မဖြစ်စေဖို့အတွက် အစာကြေလွယ်တာမျိုးလေးတွေကို ရွေးစားဖို့ လိုပါမယ်။ ပေါင်မုန့်မီးကင်၊ ဒိန်ချဉ်၊ အချိုမပါတဲ့ ဘီစကွတ်စတာတွေကို စားပေးလို့ရပါတယ်။
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ
ရာသီလာချိန်မှာ ဗိုက်ထဲပြည့်အင့်နေသလို အစားစားချင်စိတ် မရှိတာကို သက်သာစေဖို့ဆိုရင်တော့ ပေါ့ပေါ့ပါးပါး လုပ်လို့ရမယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက သွေးစီးဆင်းမှု ကောင်းစေဖို့ရော ရာသီလာချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ခံစားရတဲ့ အခြေအနေတွေကိုပါ သက်သာစေနိုင်ပါတယ်။
- အိမ်တွင်းကုထုံးလေးတွေ လုပ်ဆောင်ပါ
ရာသီလာချိန်မှာ အစားစားချင်စိတ် ပျောက်ဆုံးနေပြီဆိုရင် ဂျင်း(ချင်း) ရေနွေးကြမ်း၊ ချာမိုမိုင်းရေနွေးကြမ်း၊ ပူဒီနာ ရေနွေးကြမ်းလေးတွေ သောက်ပေးတာက သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- စိတ်ဖိစီးမှုကို ဖြေလျော့ပါ
ရာသီလာချိန်မှာ စိတ်ဖိစိမှု များနေတာကလည်း အစားစားချင်စိတ်ကို ပျောက်ဆုံးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အစားစားချင်စိတ် ပျောက်ဆုံးတာကို သက်သာစေဖို့ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်တာမျိုးလေးတွေ လုပ်ရင်း စိတ်ဖိစီးမှုကို ဖြေလျော့တာမျိုး လုပ်ပေးစေချင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
တကယ်လို့ ရာသီလာချိန်မှာ အစားစားချင်စိတ် ပျောက်ဆုံးတာကို သက်သာစေဖို့ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ပေမယ့် မသက်သာတာမျိုး၊ ခံစားရတာတွေက ပိုပြင်းထန်တာမျိုး ဖြစ်ရင်ပဲဖြစ်ဖြစ်၊ အခြားသော လက္ခဏာတွေဖြစ်တဲ့ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးတွေလိုမျိုး အရာတွေကိုပါ တွဲပြီး ခံစားရတာမျိုး ဖြစ်မယ်ဆိုရင် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။