ရာသီလာတဲ့အခါ ပင်ပန်းနေသလိုလို နုံးချိချိနဲ့ အားမရှိသလို ခံစားရတာမျိုးကို လေဒီလေး တော်တော်များများ ခံစားဖူးကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ နေရတာလန်းသွားအောင်ဆိုပြီး အချိုရည်တွေ၊ အားဖြည့် အချိုရည်နဲ့ အချိုကဲကဲ သောက်စရာတွေကို သောက်မိနေတာမျိုးများ ရှိလား! ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ ပြောချင်ပါတယ်။
ရာသီလာချိန်မှာ အချိုရည်သောက်တာက ဘယ်လိုတွေ ဆိုးကျိုးသက်ရောက်နိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ရာသီလာတဲ့အခါ နာကျင်မှုကို ခံစားရတာကြောင့် ပုံမှန်ထက် ပိုပင်ပန်းနေနိုင်ပါတယ်
ရာသီလာတဲ့အခါ ဆီးစပ်ကိုက်တာ၊ ဗိုက်အောင့်တာ၊ ကိုယ်လက်ကိုက်ခဲတာလိုမျိုး အခြေအနေတွေကို လေဒီလေး တော်တော်များများ ခံစားရပြီး ဒီခံစားရတဲ့ သက်တောင့်သက်သာ မဖြစ်မှုတွေကပဲ ရာသီလာတဲ့အချိန်မှာ အခြားအချိန်တွေထက် ပိုပြီး ပင်ပန်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ ရာသီလာချိန်မှာ ကိုယ်တွင်းက ရေဓာတ်၊ ဓာတ်ဆားဓာတ်၊ သံဓာတ် စတာတွေကို ရာသီသွေးအနေနဲ့ ဆုံးရှုံးရတာကြောင့်လည်း ရာသီလာချိန်မှာ ပုံမှန်အချိန်တွေထက် ပိုပြီး ပင်ပန်းနေရတာပါ။
ရာသီလာနေချိန်မှာ အချိုစာတွေစားတာက ဘယ်လိုဆိုးကျိုး ရှိနိုင်မလဲ!
ရာသီလာချိန်မှာ ပင်ပန်းနုံးချိနေတာတွေကို သက်သာစေဖို့ ဆိုပြီး အချိုရည်အေးအေးလေး သောက်သုံးတာ၊ အားဖြည့်အချိုရည်တွေကို သောက်သုံးတဲ့အခါ ခဏတာအားဖြင့် နေရတာ လန်းသွားသလို ခံစားရနိုင်ပေမယ့် တကယ်ကတော့ ရာသီလာချိန်မှာ အချိုရည်သောက်လိုက်တာက –
- ရာသီလာချိန် နာကျင်ကိုက်ခဲတာကို ပိုဆိုးစေတယ်
ရာသီလာနေချိန်မှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုက ပုံမှန်အချိန်တွေနဲ့ မတူပါဘူး။ ရာသီလာနေစဉ် ကိုယ်တွင်းမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းပမာဏမြင့်တက်နေပြီး အင်ဆူလင်ဟော်မုန်းအပေါ်မှာပါ သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် ဒီကာလမှာ ပုံမှန်ထက် အချိုကို ပိုတောင့်တတတ်ပြီး အများကြီး စားမိမယ်ဆိုရင်လည်း ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရမှာပါ။
- လေပွတာကို ပိုဆိုးစေတယ်
ရာသီလာတဲ့အခါ ဗိုက်ထဲမှာ လေပွတာကို လေဒီလေးတော်တော်များများ ခံစားကြရပါတယ်။ အဓိကအကြောင်းအရင်းကတော့ ရေတွေ အများကြီးစုမိသလို ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒီလို အခြေအနေမှာ အချိုရည်တွေသောက်မယ်။ သကြားပါဝင်မှုများတာတွေကို စားမယ်ဆိုရင် လေပွတာကို ပိုဆိုးစေပြီး ဗိုက်အောင့်တာကို ပိုပြီးပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
- ဟော်မုန်းမညီမျှမှု ပိုဆိုးစေတယ်
ရာသီလာနေချိန်မှာ အချိုရည်တွေ၊ အားဖြည့်အချိုရည်နဲ့ သကြားစွက်ထားတဲ့ သစ်သီးဖျော်ရည်တွေကို သောက်သုံးတာက ကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုဖြစ်နေချိန်မှာ ဟော်မုန်းမညီမျှမှုဖြစ်စေပြီး ရာသီလာနေချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေပါတယ်။ ဟော်မုန်းမျှခြေပျက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
- သားအိမ်တွင်းရေအိတ်တည်တာကို ပိုဆိုးစေတယ်
သားအိမ်တွင်းရေအိတ်တည်တာက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ထဲမှာ ရေအိတ်တည်နေတဲ့သူတွေအနေနဲ့ ရာသီလာချိန်မှာ အချိုရည်တွေ သောက်မယ်ဆိုရင် ကျန်းမာရေးအခြေအနေကို ပိုဆိုးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။
- ဝက်ခြံတွေကို ပိုဆိုးစေတယ်
ရာသီလာချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံတွေ ဖြစ်တတ်ပါတယ်။ ဝက်ခြံတွေထွက်လာတဲ့အခါ အသားအရေကို သန့်ရှင်းတာအပြင် အစားအသောက်ကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။ ရာသီလာချိန်မှာ အချိုရည်နဲ့ အချိုကဲတာတွေကို စားသုံးတာက ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။
- Mood Swings ဖြစ်စေနိုင်တယ်
ရာသီလာချိန်မှာ အချိုရည်တွေ သောက်သုံးမှုက စိတ်ခံစားမှုအပေါ်မှာလည်း သက်ရောက်နေပါတယ်။ အချိုရည်တွေ သောက်တာက ရာသီလာချိန်မှာ ခံစားရတဲ့ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်ဓာတ်ကျတာတွေကိုလည်း ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရစေနိုင်ပါတယ်။
လေ့လာချက်ရလဒ်
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သိရတာက ရာသီလာချိန်မှာ အချိုရည်သောက်သုံးနဲ့ အမျိုးသမီးလေးတွေဟာ ရာသီလာချိန်မှာ အချိုရည်မသောက်တဲ့ လေဒီလေးတွေထက် နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ခြေ ၇ ဆအထိ များနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
အချိုရည်နည်းတူ ကဖင်းပါဝင်တဲ့ သောက်စရာတွေ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေကို သောက်သုံးတာကလည်း ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေပါတယ်။
အကြောင်းကတော့ အချိုရည်တွေမှာပါဝင်နေတဲ့ သကြားဓာတ်က ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ရရှိမှုကို လျော့နည်းစေလို့ပါ။ နောက်ပြီး သွေးကြောတွေကို ကျုံ့စေပြီး နာကျင်မှုကို ခံစားရစေတဲ့ anaerobic metabolites တွေကို ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနေတာကြောင့်လည်း ပါပါတယ်။ ဒီအချက်တွေအပြင် သကြားစားသုံးမှုများတာ အချိုရည်တွေ အလွန်အကျွံ သောက်တာက စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်ဆီစော ဟော်မုန်းတွေကို ထွက်ရှိစေနိုင်တာကြောင့် လည်း နာကျင်ကိုက်ခဲမှုကို ပိုပြီး ခံစားရတာပါ။
ဒီအခြေအနေက ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေပြီး နာကျင်ကိုက်ခဲမှုတွေကိုလည်း ၂ ဆလောက်အထိ မြင့်တက်စေနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတယ်လို့ ခံစားရတာကြောင့် သက်သာစေဖို့ တစ်ခုခု သောက်ချင်တယ်ဆိုရင် အုန်းစိမ်းရည်၊ ဓာတ်ဆားဖြည့်ဖျော်ရည်၊ ရေနွေးနွေးလေး စတာတွေကို သောက်သုံးပေးလို့ ရပါတယ်။ အချိုကဲနေတဲ့ သောက်စရာတွေက ခဏတာမှာ အားပြည့်လန်းဆန်းစေတယ်လို့ ထင်ရပေမယ့် ရေရှည်မှာ ကျန်းမာရေးဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သတိထားဆင်ခြင်ဖို့ တိုက်တွန်းချင် ပါတယ်။