ညဘက်အိပ်ခါနီးရင် ခြေထောက်ဆေးနော်။ မဟုတ်ရင် အိပ်မက်ဆိုးတွေ မက်လိမ့်မယ်ဆိုတဲ့ စကားကို ကြားဖူးနိုင်သလို ညဘက်အိပ်ခါနီးမှာ ခြေထောက်ဆေးရင် အပူခိုးတွေ မျက်လုံးကိုရိုက်ပြီး မျက်စိမှုန်လိမ့်မယ်ဆိုတာကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်နော်။
ဒါကြောင့် အခုတစ်ခေါက်မှာတော့ ညဘက် အိပ်ခါနီးမှာ ခြေထောက်ဆေးတာက မျက်စိမှုန်စေမလား! ဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။
ခြေထောက် ဘာကြောင့်ဆေးသင့်တာလဲ!
ခြေထောက်ဆိုတာက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်သလို ချွေးဂလင်းပေါင်း ၂၅၀၀၀၀ ကျော်ရှိနေတဲ့ အစိတ်အပိုင်းဆိုလည်း မမှားပါဘူး။
နောက်တစ်ချက်ရှိတာက ခြေထောက်ဆိုတာက တစ်နေကုန် လှုပ်ရှားသွားလာတဲ့နေရာမှာ အသုံးပြုရတဲ့ အစိတ်အပိုင်းလည်း ဖြစ်တာကြောင့် ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ ကပ်တွယ် နေနိုင်ပါတယ်။ ဒါကြောင့် ညဘက် အိပ်ရာမဝင်ခင်မှာ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိနိုင်ဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် ခြေထောက်ကို သေချာလေး ဆေးကြောသင့်ပါတယ်။
ညမအိပ်ခင် ခြေထောက်ဆေးတာ ကျန်းမာစေမလား!
ညမအိပ်ခင် ခြေထောက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းအနေနဲ့ရော ကျန်းမာရေးအနေနဲ့ပါ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ညဘက် အိပ်ရာမဝင်ခင်မှာ ရေခပ်နွေးနွေးလေး ဒါမှမဟုတ် ရေအေးအေးလေးနဲ့ ဆေးကြော သန့်စင်ပေးတာက –
- ခြေထောက်အနံ့ဆိုးတွေ သက်သာစေတယ်
ညအိပ်ရာမဝင်ခင်မှာ ခြေထောက်ဆေးတာက ခြေထောက်က အနံ့ဆိုးတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်သလို ခြေထောက်က ချွေးတွေကလိုလည်း သန့်စင်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ခြေကိုလည်း လျှော့ချပေးရာရောက်ပါတယ်။
- ခြောက်သွေ့နေတဲ့ အရေပြားတွေကို ဖယ်ရှားပေးနိုင်တယ်
ခြေထောက်ကို အိပ်ရာမဝင်ခင်ဆေးကြောတာက ခြေထောက် ခြေဖမိုးနဲ့ ခြေဖဝါးမှာရှိတဲ့ အရေပြား ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်ကို သေချာလေး ဆေးကြောပြီး အခြောက်ခံလို့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
- အဆစ်တွေကြွက်သားတွေနာကျင်တာကို သက်သာစေတယ်
ညဘက်မှာ ခြေထောက်တွေကို သေချာလေး ဆေးကြောသန့်စင်ပေးတာက အဆစ်တွေ၊ ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်သလို အခြား နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။
- ခန္ဓာကိုယ် အပူချိန်ကို ထိန်းပေးနိုင်တယ်
ညဘက်တွေမှာ ခြေထောက်ကို သေချာလေး ဆေးကြောပေးတာက ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးနိုင်ပြီး ဦးနှောက်ကိုလည်း ကောင်းကောင်းအိပ်ပျော်စေဖို့ အချက်ပေးရာရောက်သလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- သွေးလည်ပတ်မှု ကောင်းစေတယ်
ညဘက်အိပ်ခါနီးမှာ ခြေထောက်ကို သေချာလေး ဆေးကြောပေးတာက ကိုယ်တွင်းမှာ သွေးလည်ပတ်မှု ကောင်းစေပြီး ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- စိတ်ခံစားမှုကောင်းစေတယ်
ညအိပ်ခါနီးမှာ ခြေထောက်ကို သေချာလေး သန့်စင်ဆေးကြောပေးတာက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးပြီး စိတ်ဖိစီးမှု ကင်းစေဖို့နဲ့ စိတ်ခံစားမှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင် ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ စိုးရိမ်စိတ် ကင်းစေဖို့အတွက် ညဘက်မအိပ်ခင်မှာ ခြေထောက်ကို သေချာလေး ဆေးကြောဖို့ လိုပါမယ်။
- ပိုးဝင်ကူးစက်တာမျိုး ကာကွယ်ပေးနိုင်တယ်
ညမအိပ်ခင်မှာ ခြေထောက်ကို ဆေးကြောပေးတာက ခြေထောက်မှာဖြစ်နိုင်တဲ့ မှိုပိုးကူးစက်ခံရနိုင်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ညမအိပ်ခင်မှာ ခြေထောက်ကို သေချာလေး သန့်စင်ဆေးကြောပေးပါ။
- ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်
ညမအိပ်ခင်မှာ ခြေထောက်ကို သေချာလေး သန့်စင်ဆေးကြောတာက ကိုယ်အပူချိန်ကို ထိန်းပေးနိုင်သလို ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ခြေထောက်ကို ဘယ်လောက်ကြာကြာဆေးရမလဲ!
ခြေထောက်ကို ၅ မိနစ် ကနေ ၁၀ မိနစ် ဒါမှမဟုတ် အများဆုံး ၁၅ မိနစ်လောက် ဆေးပေးရင်ကို လုံလောက်ပါတယ်။ ခြေထောက်ကို ရေလောင်းပြီး ဆေးကြောပေးလို့ ရသလို ခြေထောက်ကို ရေဇလုံထံ ထည့်စိမ်ပြီးလည်း ဆေးကြောပေးလို့ ရပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ခြေထောက်ဆေးကြောတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများ တယ်ဆိုပေမယ့် ဆီးချိုရောဂါရှိတာ၊ ခြေထောက်မှာ ရေဝဲ၊ သဲဝဲရှိနေမယ်ဆိုရင် ခြေထောက်ကို သေချာလေး သန့်စင်ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ဖို့လိုပါမယ်။ ခြေချောင်းကြားတွေကိုလည်း သေချာလေး ခြောက်အောင် သုတ်ဖို့ လိုပါမယ်။ ပြီးရင်တော့ လိုအပ်သော အစိုဓာတ်ထိန်းခရင်မ် လိမ်းတာမျိုး၊ မှိုသတ်ဆေး လိမ်းတာမျိုးတွေ လုပ်ဖို့လည်း လိုပါမယ်။