အမျိုးသမီးတွေ ထိပ်ပြောင်နိုင်လား!

အမျိုးသမီးတွေ ထိပ်ပြောင်နိုင်လား!
အမျိုးသမီးတွေ ထိပ်ပြောင်နိုင်လား!

ထိပ်ပြောင်တယ်လို့ ပြောလိုက်ရင် အမျိုးသားတွေပဲ ဖြစ်တာ၊ ထိပ်ပြောင်တယ်ဆိုတာ အမျိုးသားတွေနဲ့ပဲ ဆိုင်တဲ့ကိစ္စလို့ယူဆနေတုန်းပဲလား! ဒါဆိုရင်တော့ ထိပ်ပြောင်တာက လေဒီလေးတွေမှာလည်း ဖြစ်နိုင်တာမို့ ဘယ်လိုအခြေအနေတွေက ထိပ်ပြောင်တာကို ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အမျိုးသမီးတွေ ထိပ်ပြောင်နိုင်လား!

လေဒီလေးတွေလည်း ထိပ်ပြောင်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အသက်အရွယ်ရလာမှ မဟုတ်ပါဘူး။ ငယ်ရွယ်ချိန်မှာလည်း ဆံပင်ပါးတာ၊ ထိပ်ပြောင်တာမျိုးတွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။ အသက်အရွယ်ရ လာချိန်မှာတော့ အမျိုးသမီးတွေမှာ ထိပ်ပြောင်နိုင်ခြေက ပိုများတာပေါ့။ ဒါပေမယ့်လည်း အပျိုဖော်ဝင်ပြီးစ အချိန် အသက် ၂၀ ကျော် ကနေ ၃၀ ဝန်းကျင်လောက်ကစပြီး ထိပ်ပြောင်တာကို ခံစားရနိုင်ပါတယ်။  

အမျိုးသမီးတွေမှာ ဘယ်လို အကြောင်းအရင်းတွေကြောင့် ထိပ်ပြောင်ရတာလဲ!

လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမက ရှိနိုင်ပါတယ်။

  • မျိုးရိုးလိုက်တာ – လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ် ကတော့ မျိုးရိုးလိုက်တာပါ။ မိသားစုဝင် တစ်ဦးဦးက ထိပ်ပြောင်တာမျိုး ရှိမယ်ဆိုရင် ထိပ်ပြောင်တာကို ခံစားရနိုင်ပါတယ်။
  • ဟော်မုန်းပြောင်းလဲတာ – ရာသီလာချိန်အပါအဝင် ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့်လည်း ကိုယ်တွင်းမှာ အန်ဒရိုဂျင်ဟော်မုန်း မြင့်တက်မှုကို ဖြစ်စေပြီး ဆံပင်ကျွတ်တာ ထိပ်ပြောင်တာတွေကို ဖြစ်စေနိုင်ပါတယ်။ 
  • ဖိစီးမှု များတာ – ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့်လည်း ထိပ်ပြောင်နိုင်သလို စိတ်ဖိစီးမှု များနေတာကြောင့်လည်း ထိပ်ပြောင်တာကို ခံစားရနိုင်ပါတယ်။ 
  • ကျန်းမာရေး အခြေအနေ – အချို့သော ကျန်းမာရေး အခြေအနေတွေနဲ့ Autoimmune Disorder တစ်ရပ်ရပ်ကို ခံစားနေရမယ်ဆိုရင်လည်း လေဒီလေးတွေမှာ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာကို ဖြစ်စေနိုင်ပါတယ်။ 
  • အာဟာရချို့တဲ့တာ – ဆံသားကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ မရရှိတာကြောင့် လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေနိုင်ပါတယ်။
  • ဆေးဝါးတွေကြောင့် – အချို့သောဆေးဝါးတွေနဲ့ ကုထုံးတွေ (ဥပမာ – chemotherapy လိုမျိုး ကုထုံးတွေ) ကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။
  • ဆံပင်ကို တင်းနေအောင် စည်းနှောင်တာ – ဆံပင်တွေကို တင်းနေအောင် အမြဲလိုလို စည်းနှောင်တာက ဆံပင်တွေပေါ်မှာ ဆွဲအားတွေ သက်ရောက်နေပြီး အချိန်ကြာလာတဲ့အခါ ဆံပင်က ကျဲပါးတာမျိုး ဖြစ်စေနိုင်ပါတယ်။
  • ဆံပင်နှုတ်တတ်တဲ့ အကျင့်ရှိတာ – ဆံပင်ကို အမြဲလိုလို နှုတ်တတ်တာကလည်း လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေနိုင်ပါတယ်။ 

အခုလို အခြေအနေတွေကြောင့် လေဒီလေးတွေမှာ ထိပ်ပြောင်တာကို ဖြစ်စေနိုင်ပါတယ်။ 

လေဒီလေးတွေမှာ ထိပ်ပြောင်နေပြီလား!

လေဒီလေးတွေမှာ ထိပ်ပြောင်ပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ 

  • ဦးခေါင်းထိပ် တည့်တည့်မှာ ဆံပင်တွေပါးလာတာ၊ ကျွတ်လာတာမျိုး
  • ဦးခေါင်းထိပ်ပိုင်းမှာ ဆံပင်ပါးတာက ပိုကြီးလာတာ၊ ဆံပင်ပါးတာက ပိုသိသာလာတာ၊ ဦးခေါင်း ဘယ်ဘက် ညာဘက်တွေမှာ အရစ်လိုက် ဆံပင်ပါးလာတာ
  • ဆံပင်တွေက ဗွေနေရာမှာ ပါးလာတာ၊ ဆံပင်တွေ အကွက်လိုက်ပြောင်ပြီး ဦးရေပြားကို မြင်နေရတာ မျိုးတွေကို တွေ့ရနိုင်ပါတယ်။ 

များသောအားဖြင့်ကတော့ ဆံပင်ထိပ်ပြောင်တာက ဦးခေါင်းထိပ်နေရာကနေ စဖြစ်တာမျိုးဖြစ်ပြီး ဒီလိုကနေမှ တဖြည်းဖြည်း ဆံပင်က ဘေးဘက်တွေ ကျဲပါးလာတာမျိုး နဖူးစပ်မှာပါ ဆံပင်တွေ ပါးလာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 

ဆံပင်ကျွတ်တာကို သက်သာအောင် လုပ်လို့ရလား!

ဆံပင်ကျွတ်တာကို သက်သာစေဖို့ဆိုရင် လိုအပ်တဲ့ ကုထုံးတွေကို ခံယူတာမျိုး လုပ်ပေးလို့ရသလို ဆံပင်သန်စေဖို့ ထောက်ကူပေးနိုင်မယ့် အစားအစာတွေကို စားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆံသားကို အားဖြည့်ပေးနိုင်မယ့် ဆံသားထိန်းသိမ်းမှု အလေ့အထလေးတွေကို လုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။ 

ဆံပင်ကျွတ်တာကို သက်သာစေဖို့ဆိုရင် သောက်ဆေးသောက်ပေးတာ၊ ရောင်ခြည်ကုထုံးနဲ့ ကုတာ၊ ဆံပင်စိုက်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။

ဘဝနေထိုင်မှုကို ပြောင်းလဲတဲ့အနေနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့တာ၊ ဆံသားထိန်းသိမ်းတာမျိုးတွေ လုပ်ပေးတာမျိုး လုပ်ပေးတာကလည်း လေဒီလေးတွေမှာ ထိပ်ပြောင်တာကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာပါ။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ထိပ်ပြောင်တာက အမျိုးသားတွေမှာတင် မဟုတ်ဘဲ အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ပါတယ်။ လေဒီလေးတွေက တစ်နေ့ကို ဆံပင်အချောင်းရေ ၁၂၅ ပင်နဲ့အထက် ဆုံးရှုံးနေတာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုတွေကို ဆံသားကျန်းမာစေဖို့ ထောက်ကူပေးနိုင်မယ့် အစားအစာတွေ ပါဝင်အောင် စားသုံးတာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေမယ့် အလေ့အထလေးတွေကို လိုက်နာတာက လေဒီလေးတွေမှာ ထိပ်ပြောင်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိလျှော့ချပေးနိုင်မှာပါ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *