စိတ်ပင်ပန်းလာတဲ့အခါ Self-Time လေးယူပြီး အနားယူလိုက်ပါ

စိတ်ပင်ပန်းလာတဲ့အခါ Self-Time လေးယူပြီး အနားယူလိုက်ပါ

နေ့စဉ်ဘဝမှာ ထမ်းထားရတဲ့ ဝန်တွေ များလွန်းလှတဲ့အခါ မျက်စိနဲ့ မမြင်ရတဲ့ ပင်ပန်းမှုတွေကို ခံစားရကြပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် စိတ်ပင်ပန်းဖိစီးရတာမျိုးပေါ့။ ဒီလို စိတ်ဖိစီး ပင်ပန်းလာတဲ့အခါ ပြေလျော့စေဖို့ လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ စိတ်ဖိစီးမှုတွေ များလာပြီး မမှန်ကန်တဲ့ နည်းလမ်းနဲ့ စိတ်ထွက်ပေါက်ရှာမိတာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် စိတ်တွေ အရမ်းပင်ပန်းလာပြီလို့ ခံစားလာရပြီဆိုရင် Self-Time လေးယူပြီး ကိုယ်ရော စိတ်ပါ အနားပေးဖို့ သတိပေးချင်ပါတယ်။ 

စိတ်ပင်ပန်းဖိစီးတာက အိမ်ထောင်ဦးစီးတွေမှာပဲ ခံစားရတာလား!

ဒီလိုစိတ်ဖိစီးပင်ပန်းမှုကို  အိမ်ရဲ့ဝင်ငွေအတွက် ပခုံးထမ်းထားရတဲ့သူတွေမှာပဲ ခံစားရတာလားဆိုတော့ မဟုတ်ပါဘူး။  တစ်အိမ်လုံးကသူတွေ အဆင်ပြေပြေ လည်ပတ်နိုင်စေဖို့ နောက်ကွယ်ကနေ ထောင့်စေ့အောင် လုပ်ဆောင်ပေးနေရတဲ့ အိမ်ရှင်မတွေမှာရော မိသားစုဝင်အားလုံးလိုလိုမှာ သူ့အတိုင်းအတာနဲ့သူ စိတ်ဖိစီးတာတွေကို ခံစားရတတ်ပါတယ်။ 

ဒီလို ဖိစီးမှုတွေက ဖြေလျော့ပေးတာမျိုး မရှိဘူးဆိုရင်တော့ မူးယစ်ဆေးသုံးစွဲတာကစလို့ ကိုယ့်အသက်ကိုယ် ရန်ရှာတာမျိုးအထိ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာသွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ခံစားနေရပြီဆိုရင်တော့ ကိုယ်တိုင်အရင်ဆုံး Self-Time လေးယူပြီး စိတ်လေးကို အနားပေးဖို့ လိုပါမယ်။

စိတ်ပင်ပန်းလာတဲ့အခါ Self-Time လေးယူပြီး အနားယူလိုက်ပါ

စိတ်ပင်ပန်းလာတယ်ဆိုတာက စိတ်ဖျားနာလာတာပါ။ ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုတွေကို ခံစားရတဲ့အခါ ပြန်ကျန်းမာလာဖို့ အနားယူရသလို စိတ်လေးဖျားနာတာကို သက်သာစေဖို့ စိတ်ကို အနားပေးဖို့ လိုပါမယ်။ ဒါကြောင့် စိတ်အရမ်းပင်ပန်းလာပြီဆိုရင် အခုလို နည်းလမ်းလေးတွေနဲ့ ကိုယ်ပိုင်ချိန်လေးယူပြီး စိတ်လေးကို အနားပေးလိုက်ပါ။

  • အတွေးတွေ အားလုံးကို ရပ်လိုက်ပါ

အတွေးတွေကြောင့် စိတ်ပင်ပန်းမှုတွေက ပိုဆိုးလာရတာပါ။ စိတ်ကလေးက ပင်ပန်းလာပြီဆိုရင် စိတ်ထိခိုက်စေမယ့်အရာတွေကို အကြောင်းရှာပြီး ပိုတွေးတတ်ကြပါတယ်။ ဒါကြောင့် စိတ်အရမ်းပင်ပန်း လာပြီဆိုရင် တွေးမိတွေးရာ တွေးနေတဲ့ စိတ်လေးကို ဘာမှ မတွေးစေဘဲ အနားပေးလိုက်ပါ။ 

ဒီအချက်တွေအပြင် နေ့တိုင်း စိတ်လေးကို အနားပေးနိုင်မယ့် Self-Time ကို ထားရှိဖို့ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုက အရာလုံးကို ကောင်းမွန်တဲ့ အစပြုမှုဖြစ်တာကြောင့် စိတ်လေးကို ဂရုစိုက်ရင်း ကောင်းမွန်တဲ့ အရာတွေကို စတင်ဖို့ အစပြုလိုက်ဖို့ အကြံပြုလိုက်ပါရစေ။ 

  • စိတ်ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ပါ

စိတ်လေးကို အနားပေးတဲ့ Self-Timeလေးယူတဲ့အခါ ကိုယ့်စိတ်ဝင်စားတဲ့အရာလေးတွေ၊ ကိုယ့်စိတ်ကို ပျော်ရွှင်စေနိုင်တဲ့ အရာလေးတွေကို လုပ်ပေးဖို့ လိုပါမယ်။ ဥပမာ – သီချင်းနားထောင်တာမျိုး၊ စာဖတ်တာ၊ စာရေးတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာမျိုးပေါ့။ 

  • စိတ်အေးချမ်းမှုရစေမယ့် အရာလေးတွေ လုပ်ပါ

စိတ်ပင်ပန်းနေချိန်မှာ စိတ်အေးချမ်းမှုရစေမယ့် အရာလေးတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ ဒါကြောင့် စိတ်ဖိစီးပင်ပန်းမှုတွေ အရမ်းများနေပြီဆိုရင် ယောဂလေ့ကျင့်တာကစလို့ တရားထိုင်တာ၊ ဝင်လေထွက်လေ မှတ်တာလိုမျိုး အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလိုလုပ်ဆောင်မှုတွေက စိတ်ဖိစီးတာ ကို သက်သာစေမှာပါ။ 

  • စိတ်သက်သာရာ ရစေမယ့် ပတ်ဝန်းကျင်လေး တစ်ရပ်ကို ဖန်တီးပါ

စိတ်ဖိစီးပင်ပန်းလာပြီဆိုရင် တိတ်ဆိတ်ပြီး အေးအေးဆေးဆေး နေလို့ရမယ့် စိတ်သက်သာရာ ရစေမယ့် ပတ်ဝန်းကျင်လေး တစ်ရပ်ကို ဖန်တီးဖို့ လိုပါမယ်။ 

  • နည်းပညာတွေနဲ့ ခေတ္တကင်းကွာနေလိုက်ပါ

စိတ်ဖိစီးပင်ပန်းနေချိန်မှာ စိတ်ပင်ပန်းမှုကို ပိုဆိုးစေနိုင်မယ့် ဆိုရှယ်မီဒီယာတွေကနေ ကင်းကွားပြီး နည်းပညာတွေနဲ့ ခဏလောက် အဆက်ဖြတ်လိုက်တာကလည်း နည်းလမ်းကောင်းပါ။ 

  • အိပ်ရေးဝဝအိပ်လိုက်ပါ

စိတ်ပင်ပန်းနေချိန်မှာ အတွေးတွေကို ရပ်တန့်နိုင်မယ့် အကောင်းဆုံးနည်းလမ်းက အိပ်တာပါ။ ဒါကြောင့် စိတ်ဖိစီးပင်ပန်းနေပြီဆိုရင်တော့ လုပ်လက်စတွေ ခဏရပ်လို့ အိပ်ရေးဝဝသာအိပ်ချလိုက်ပါ။ 

  • လိုအပ်ရင် အကူအညီယူပါ

စိတ်ဖိစီးပင်ပန်းတာက တစ်ယောက်တည်း ဖြေရှင်းလို့ရတဲ့ အခိုက်အတန့်မျိုး ရှိသလို သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်မှ စိတ်သက်သာရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် လိုအပ်ရင် ရင်ဖွင့်အကူအညီယူပါ။ 

  • စိတ်ခံစားမှု ကောင်းစေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးပါ

စိတ်ခံစားမှုကောင်းစေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေ ဖြစ်ကြတဲ့ လမ်းလျှောက်တာ၊ Gym ဆော့တာ၊ ယောဂလေ့ကျင့်တာမျိုးတွေလုပ်ပေးပြီး စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။

  • အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ခွဲခြားထားပါ

အလုပ်ကို အလုပ်ချိန်မှာပဲ လုပ်ပြီး ကိုယ်ပိုင်အချိန်တွေမှာ စိတ်သက်သာရာ ရစေမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ပေးပါ။ ဒီလို ခွဲခြားထားတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးသလို စိတ်ဖိစီးမှုကို သက်သာစေဖို့လည်း အများကြီး ထောက်ကူပေးနိုင်မှာပါ။

  • လိုအပ်တဲ့ ကုထုံးခံယူပါ

တကယ်လို့ စိတ်ဖိစီးပင်ပန်းတာက အမြဲလိုလို ဖြစ်နေမယ်။ အချိန်အတော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်။ အပေါ်ကနည်းလမ်းတွေနဲ့ ဖြေရှင်းပေမယ့် မသက်သာဘူးဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။

စိတ်ကျန်းမာမှ နေ့စဉ်ဘဝမှာ ကောင်းမွန်တဲ့ ရလဒ်တွေရရှိအောင် လုပ်ဆောင်နိုင်မှာမို့ စိတ်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ လိုအပ်ပါမယ်။ ဒါကြောင့် စိတ်ပင်ပန်းဖိစီးနေပြီလို့ ခံစားရတယ်ဆိုရင် Self-Time လေးယူပြီး အနားယူလိုက်ဖို့ ပြောပါရစေ။ 

Lotoshinn ရဲ့ စကားလက်ဆောင်

စိတ်ပင်ပန်းလာတယ်ဆိုတာက စိတ်ဖျားနာလာတာပါ။ ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုတွေကို ခံစားရတဲ့အခါ ပြန်ကျန်းမာလာဖို့ အနားယူရသလို စိတ်လေးဖျားနာတာကို သက်သာစေဖို့ စိတ်ကို အနားပေးဖို့ လိုပါမယ်။ ဒါကြောင့် စိတ်အရမ်းပင်ပန်းလာပြီဆိုရင် လုပ်လက်စ အလုပ်တွေကို နားလိုက်တာ၊ စိတ်ပျော်စေမယ့် စိတ်သက်သာရာရစေမယ့် အလေ့အထတွေကို လုပ်ပေးတာ၊ စိတ်သက်သာရာ ရစေမယ့် ပတ်ဝန်းကျင်လေး တစ်ရပ်ကို ဖန်တီးတာမျိုး လုပ်ဖို့ လိုပါမယ်။ ဒီလို စိတ်ကို အနားပေးလိုက်မှ ဖျားနေတဲ့ စိတ်လေး ပြန်ကျန်းမာလာပြီး အာရုံစူးစိုက်မှုတွေ ပြန်ကောင်းလာမယ်။ စိတ်ပင်ပန်းမှုတွေ ပြေလျော့သွားပြီး စိတ်ရောကိုယ်ပါ ကျန်းမာလာမှာပါ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *